သေဆုံးလုနီးပါးဖြစ်နေသော အာရှဒေသ၏ သစ်တောများပြန်လည်ကယ်တင်ရန် နည်းလမ်းများရှာဖွေကြသည်။ မကြာမီကာလတစ်ခုတွင် သစ်တောသစ်များ ရုတ်ချည်း ရှင်သန်လာတော့မည်။ ၂၀၀၈ ခုနှစ်သည် သစ်ပင်များကိုဖက်တွယ်ရင်းနှင့် မျှော်လင့်ချက်များပြည့်ဝစေဖို့ ကြိုးပမ်းရမည့်နှစ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိအစိုးရ အားလုံးလိုလိုသည် ၂၀၀၈ ခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှု ကာကွယ်ရေးအစီအမံဖြစ်သော ကျိုတိုသဘောတူညီချက် Kyoto Protocol ကို အကျေအလည်ဆွေးနွေးကြပြီး ယင်းသဘောတူချက်နေရာ၌ အခြားသဘောတူညီချက် အသစ်တစ်ခုနှင့် အစားထိုးရတော့မည်။ အဘယ့်ကြောင့်ဆိုသော် ကျိုတိုသဘောတူညီချက်သည် ၂၀၁၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ အလေးထားဆွေးနွေးရမည့် အကြောင်းအရာများမှာ သစ်တောပြုန်းတီးမှုကို မည်သို့ကာကွယ်မည်နည်းဆိုသည့်အချက်ဖြစ်ပြီး ယင်းအချက်သည်သာ ကျိုတို သဘောတူညီချက်၏ အခန်းကဏ္ဍကိုအစားထိုးနိုင်မည်။ အခြားတစ်နည်းဖြစ်ပြောရလျှင် နိုင်ငံတိုင်း၊ ကမ္ဘာ့လူသားတိုင်းသည် သစ်တောထိန်းသိမ်းရေးကို အလေးပေး ဆောင်ရွက်လိုသည်ဟုဆိုပါက မလွဲမသွေအကောင်ထည်ဖော်ရမည့် တစ်ခုတည်းသော လုပ်ငန်းမှာ သစ်တောများခုတ်ပစ်ခြင်းကို မပြုလုပ်ဖို့ပင် ဖြစ်သည်။ ကမ္ဘာ့အပူပိုင်းသစ်တောများကို မညှာမတာခုတ်ထွင်လှဲချနေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်နေမှု၏ လေးပုံတစ်ပုံကို ဖြစ်စေနေခြင်းပင်ဖြစ်သည်။ ကျိုတိုသဘောတူညီချက်၏ သန့်စင်သောဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အောက်၌ ချမ်းသာသောနိုင်ငံများ၏ သဘာဝပတ်ဝန်းကျင်ကို ညစ်နွမ်းပျက်စီးစေမည့် စီမံကိန်းမှန်သမျှကို ပြင်ဆင်တားမြစ်ပြီး ဆင်းရဲသောနိုင်ငံများ၏ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချရေးတို့ပါဝင်သည်သာမက သက်ဆိုင်ရာဒေသတိုင်း၌ သစ်တောသစ်ပင်များပြန်လည်ပျိုးထောင်ရေး စီမံကိန်းများလည်းပါဝင်သည်။ ယင်းစီမံကိန်း၌ ဖြစ်တည်နေသော သဘာဝပေါက်ပင်သစ်တောများအား ထပ်မံခုတ်ထွင် မပစ်ရေးမှာ အဓိကကျသည်။ အဘယ်ကြောင့်ဆိုသော် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့လျှော့ချရေးစီမံကိန်း၌ သစ်တောသည် အဓိကနေရာမှ ပါဝင်နေ၍ဖြစ်သည်။ နိုင်ငံအတော်များများ၌ ပျက်စီးနေသောသစ်တောအများအပြားရှိနေတတ်သည်။ ပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံထိုသို့သော သစ်တောများရှိသည့်အတွက် ပြုပြင်ရတော့မည်။ သို့သော် သစ်တောများကို ထိန်းသိမ်းရန်အတွက်လည်း ဒေါ်လာဘီလီယံပေါင်းများစွာ လိုအပ်သည်။
သစ်တောများပြုန်းတီးမှုလျှော့ပါးသွားစေမည့် လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ဘဏ်သည် ၂၀၀၈ ခုနှစ်မှစတင်၍ Forest Carbon Partnerships Facility စီမံကိန်းဖြင့် US$ ၂၅၀ သန်းအသုံးပြုသွားမည်ဖြစ်၏။ ယင်းစီမံကိန်းသည် နိုင်ငံပေါင်း ၂၀ ရှိအပူပိုင်းသစ်တောများကို ထိန်းသိမ်းနိုင်ပြီး ကာဘွန်ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ တဆက်တည်းတွင် ယင်းသစ်တောများကို ခုတ်လှဲခြင်းလည်း ပြုလုပ်စရာမလိုတော့ပေ။ ယင်းစီမံကိန်းအတွက် ကြိုတင်အစီအစဉ်ကို ချမှတ်ထားသည်။ သက်ဆိုင်ရာအစိုးရများသည် ကမ္ဘာ့ဘဏ်၏ ရည်ရွယ်ချက်ကို တုံ့ပြန်ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်မှာ သစ်တောများခုတ်လှဲမှုရပ်တန့်ပစ်လိုက်ပြီဖြစ်ကြောင်းတိုးတက်မှု အစီရင်ခံရန်သာဖြစ်၏။ အထက်ပါအစီအစဉ်များ၊ စီမံကိန်းများအောင်မြင်စေရန် အကောင်ထည်ဖော်သည့်အနေနှင့် သစ်ပင်များအမှန်တကယ်လျှော့ချပစ်မှသာဖြစ်သည်။ ယင်းကိစ္စရပ်ကလည်း ရှောင်လွှဲ၍မရပေ။ မလွှဲမသွေလိုက်နာရမည်။ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသရှိ သစ်တောများလောလောဆယ်၌ ခြိမ်းခြောက်ခံနေရသည့် ဖြစ်ရပ်တစ်ခုရှိသည်။ ယင်းဒေသမှလူအများက ချမ်းသာသောနိုင်ငံများကို တောင်းဆိုနေကြသော " ပေးမလားပေးရင်သစ်ပင်ရမယ်" ဆိုသည့်စကားမှာ နိုင်ငံတကာကအကူအညီမပေးပါက သစ်ပင်များခုတ်လှဲပစ်မည်ဆိုသည့် ခြိမ်းခြောက်မှုဟုပင်ဆိုနိုင်ပါ၏။
ပူနွေးလာမှု သက်သာစေရန်
ရာသီဥတုကျွမ်းကျင်သူပညာရှင်များက ပူပြင်းလာမှုနှင့် ပူပြင်းသောလေထုတစ်စတစ်စ တိုးတက်ကျယ်ပြန့်လာခြင်းအပေါ် ဆွေးနွေးခဲ့ကြသည်။ သူတို့၏ရည်ရွယ်ချက်မှာ သစ်တောများဆက်လက်ရှင်သန်အောင်မည်သို့ ကာကွယ်ကြမည်နည်းသာဖြစ်၏။ အာရှပစိဖိတ်ဒေသတစ်ခွင်ရှိ စိုစွတ်သောအပူပိုင်းမိုးသစ်တောများနှင့် လူ့ပယောဂကြောင့် ပြောင်တလင်းခါနေသော တလင်းပြင်များ၌ သစ်တောအသစ်များ ပြန်လည်ပျိုးထောင်ထိန်းသိမ်းရေးလည်း ပါဝင်သည်။ ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ United Nations Food and Agriculture –FAO က အင်ဒိုနီးရှားနိုင်ငံကို အကြံပြုထားသည်မှာ အင်ဒိုနီးရှားနိုင်ငံတစ်ခုတည်းအနေနှင့်ပင် လာမည့်နှစ်၌ နှစ်ရာခိုင်နှုန်းအထိ ဆုံးရှုံးဖွယ်ရှိသည်ဆို၏။ ယင်းနှစ်ရာခိုင်နှုန်းဆိုသည်မှာ စတုရန်းကီလိုမီတာ ၁၉၀၀၀ ဖြစ်ပြီး အမေရိကန်နိုင်ငံ ကွန်နက်တိကတ်ပြည်နယ် ထက်ပင်ကြီးသောပမာဏဖြစ်၏။ အာရှဒေသရှိအချို့သောနိုင်ငံများသည် သစ်တောများထိန်းသိမ်းရေးကို အလေးထားလေ့မရှိဘဲ လျော့ရဲရဲသာပြုလုပ်လေ့ရှိသည်။ ထို့ကြေင့်လည်း သစ်တောများပျက်ပြုန်းမှုနှုန်းထားမြင့်တက်နေသည်။ နိုင်ငံအတော်များများသည် သစ်တောထိန်းသိမ်းရေးအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများကို အလေးတယူကန့်သတ်ထားကြသည်။ သို့သော် ယင်းဥပဒေများသည် စာရွက်ပေါ်၌သာရှိပြီး လက်တွေ့ကျင့်သုံးခြင်းမပြုကြပေ။ ယင်းသို့သောအပြုအမူကို ဥပဒေအရ အရေးယူဖို့အဆိုထားနှင့် တို့ထိရန်ပင်လုပ်ခွင့်မရှိသည်အထိ နိုင်ငံရေးသမားများက အကာအကွယ်ပေးထားကြသည်။ ဆိုလိုသည်မှာ ဥပဒေစည်းမျဉ်းဆိုသည်မှာ နောက်ကွယ်၌သာရောက်နေသည်။
သစ်ခုတ်သူများသည် အလွန်တန်ဖိုးရှိသော သစ်မာပင်များကို လွယ်လင့်တကူပင် ခုတ်လှဲပစ်လေ့ရှိကြသည်။ ယင်းအပင်ကြီးများသည် မီတာ ၅၀ အထက်မြင့်မားသည့်အတွက် အပင်ကြီးများအောက်၌ပေါက်ရောက်နေသော အပင်ငယ်များ၊ တောတိရစ္ဆာန်များကို အကာအကွယ်ပေးထားရာလည်းရောက်သည်။ အဆိုပါအပင်ကြီးများ ခုတ်လှဲခံရသည့်အခါ အရိပ်အာဝါသမရှိတော့သည့်အတွက် တောတိရစ္ဆာန်များသည် ထိုနေရာမှထွက်ခွာသွားရတော့သည်။ အပင်ငယ်များသည်လည်း ခြောက်သွေ့၍သေဆုံးကုန်ကြသည်။ သစ်ခုတ်လှဲသူများက ထိုနေရာတွင် သစ်ပင်ကြီးများကိုသာ ခုတ်လှဲသည်မဟုတ်။ အကြွင်းအကျန်သစ်ငုတ်တိုမျာကိုပါ မီးရှို့ဖျက်ဆီးပစ်ကြသည်။ သစ်ပင်ကြီးများမရှိသောကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ထိန်းသိမ်းမှုလည်း ပပျောက်သွားသည်သာမက မီးရှို့ပစ်လိုက်၍ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အမြောက်အများလည်း ထွက်လာခဲ့ရတော့သည်။ မီးခိုးငွေ့များပျေက်ကွယ်သွားသည်နှင့် တောင်ယာစိုက်ပျိုးမည့်သူများသည် ပြောင်တလင်းခါနေသော ထိုနေရာသို့ရောက်ရှိလာကာ စိုက်ပျိုးမှုများပြုလုပ်ကြရတော့သည်။ သို့နှင့်ပင်တောင်ယာမီးရှို့မှုများကြောင့် နှစ်စဉ်လိုလို မီးခိုး၊ မြူမှုန်များထွက်ကာ အရှေ့တောင်အာရှဒေသ၌ မီးခိုးတိမ်တိုက်များဖုံးလွှမ်းသည့်ဖြစ်ရပ် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ယင်းမီးခိုးတိမ်တိုက်များဖြစ်ပေါ်ခြင်းနှင့်အတူ ယင်းသို့မဖြစ်အာင်ထိန်းသိမ်းစောင့်ရှောက်မှုကလည်း ကင်းမဲ့လျက်ရှိသည့်အတွက် နှစ်စဉ်နှစ်လယ်ပိုင်းခြောက်လဝန်းကျင်ကာလ၌ အင်ဒိုနီးရှားနိုင်ငံ၏ မိုးကောင်းကင်၌ မီးခိုးတိမ်တိုက်များဖြစ်ပေါ်ခဲ့သည်။ တိကျစွာဆိုရလျှင် ခြောက်သွေ့သောရာသီဥတုကာလ၌ အရှေ့တောင်အာရှမိုးကောင်းကင်၌ ထိုသို့ဖြစ်ပေါ်နေသည်။ သို့သော်ယခုအခါထွက်ပေါ်လာသော သတင်းများကမူ သတင်းဆိုးမဟုတ်တော့ပေ။ FAO ၏ သုသေတနပြုလုပ်မှုနှင့် အကြံပေးထားချက်အရ အာရှပစိဖိတ်ဒေသတစ်ခုလုံး၌ နှစ်စဉ်သစ်တောဧရိယာဆုံးရှုံးမှု စတုရန်းကီလိုမီတာ ၆၀၀၀ သာ ရှိတော့မည်ဆိုသည်။ ယင်းကိန်းဂဏန်းသည် ၁၉၉၀ ခုနှစ်များနောက်ပိုင်း သစ်တောပျက်ပြုန်းမှုဧရိယာစတုရန်းကီလိုမီတာ ၁၃၀၀၀ဆိုသော ကိန်းဂဏန်းထက်ပိုကောင်းလာခြင်းဖြစ်သည်။ ဆုံးရှုံးခြင်း အဖြစ်မှ သစ်တောများပြန်လည်၍ တည်ရှိလညခြင်းဟု ဆိုနိုင်ပါ၏။ ယင်းသို့ဖြစ်ရခြင်းမှာ ၁၉၉၈ ခုနှစ်၌ အဆိုပါဒေသတလွှားတွင် ရေလွှမ်းမိုးမှုများဖြစ်ခဲ့သည်ကို သက်ဆိုင်ရာအစိုးရများက သိရှိသဘောပေါက်လာခဲ့ကြ၍ဖြစ်သည်။ ယင်းသို့သော ရေးလွှမ်းမိုးမှုကို ကာကွယ်ရန်သစ်ပင်များကသာ အဓိကနေရာမှပါဝင်သည်ကိုလည်း သဘောပေါက်လာကြ၍ဖြစ်သည်။ အထူးသဖြင့် ရေစီးပြင်းထန်လွန်းလှသော၊ ရေလွှမ်းမိုးမှုဖြစ်လေ့ဖြစ်ထရှိသော ယန်စီ Yangzi မြစ်ဝှမ်းဒေသဖြစ်စဉ်များအပေါ် သုံးသပ်မိကြ၍ ဖြစ်သည်။ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့သည် ရေလွှမ်းမိုးမှုဒဏ် အခံရဆုံးဖြစ်၍ သစ်တောများပြန်လည်စိုက်ပျိုးရေးကို အလျင်အမြန်ဆုံးနည်းလမ်းဖြင့် ကြိုးပမ်းနေကြသည်။ ထိုနိုင်ငံများတွင်လည်း အင်ဒိုနီးရှားနိုင်ငံကဲ့သို့ပင် တစ်ချိန်က သစ်တောများက ထူထပ်စွာ ရှိခဲ့ဖူးသည်။
ဝန်ခံချက်.......ဤဆောင်းပါးကို ဈေးကွက်ဆိုဒ်မှကူးယူဖော်ပြပါသည်။။။။
No comments:
Post a Comment