Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Friday, April 25, 2008

လီကွမ်ယူးနှင့် သူ၏နိုင်ငံရေးအမြင်

ဖေမြင့်
လီကွမ်ယူး(Lee Kuan Yew) ကို စင်ကာပူနိုင်ငံတည်ထောင်သူကြီး၊ စင်ကာပူ၏ဖခင်ကြီး (founding father)ဟူ၍ ခေါ်ဝေါ်လေ့ရှိကြသည်။ စင်ကာပူသာမက ယနေ့ အရှေ့အာရှနိုင်ငံ အများအပြား ဖွံ့ဖြိုးတိုးတက်အောင် ထူထောင်ရာ၌ပင် လီကွမ်ယူးနှင့် သူ၏အတွေးအမြင်၊ အယူအဆများသည် အရေးပါသော အထောက်အပံ့တစ်ခု ဖြစ်ခဲ့သည်ဟူ၍ ဆိုကြသည်။ Time မဂ္ဂဇင်း (၂ဝဝ၅ခုနှစ်၊ ဒီဇင်ဘာ ၁၂)မှ ဆောင်းပါးရှင် Simon Elegant နှင့် Michael Elliott တို့ကမူ လီကွမ်ယူးအား နိုင်ငံရေးနယ်ပယ်မှာ သူမကြုံဖူး၊ မတွေ့ဖူးတာ ဘာမှမရှိဟု ဆိုရလောက်အောင် နောကျေနေသူတစ်ဦးအဖြစ် မှတ်တမ်းတင်ခဲ့သည်။
လီယွမ်ယူးကို ၁၉၂၃ခုနှစ်က စင်ကာပူမှာမွေးသည်။ သူ့မိဘများမှာ ၁၉ ရာစုနှစ်ကတည်းက စင်ကာပူမှာ အခြေချပြီး ကြီးပွားချမ်းသာခဲ့သည့် တရုတ်မျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်ပြီး အင်္ဂလိပ်စကားပြောကြသည်။ ထို့ကြောင့် လီကွမ်ယူးငယ်စဉ်က အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို အရင်တတ်ခဲ့ပြီး၊ နောက်ပိုင်း နိုင်ငံရေးနယ်ထဲ ဝင်မည်ဆိုတော့မှ တရုတ်ဘာသာစကားကို ကျေညက်အောင်လေ့လာသည်။ မလေးဘာသာ၊ တမီလ်ဘာသာများကိုလည်း ကျွမ်းကျင်အောင် သင်ယူခဲ့သည်။
စင်ကာပူမှာ အရင်ကျောင်းနေပြီး ၎င်းနောက်တွင် အင်္ဂလန်ရှိ ကိန်းဗရစ်ခ်ျတက္ကသိုလ်၌ ဥပဒေပညာသင်ယူသည်။ သူ့အတန်းမှာ နံပါတ်(၁) ဖြစ်ခဲ့သည်။ အင်္ဂလန်မှာ ရှေ့နေကြီးတစ်ဦးအဖြစ် လုပ်ကိုင်ခွင့်ရသော်လည်း ဆက်မနေဘဲ စင်ကာပူသို့ပြန်ခဲ့သည်။
အင်္ဂလန်မှာရှိစဉ် ဆိုရှယ်လစ်ဝါဒီတစ်ယောက်ဖြစ်ခဲ့၍ စင်ကာပူပြန်ရောက်သောအခါ အလုပ်သမားသမဂ္ဂများအတွက် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်သည်။ ထို့နောက်တွင် ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party) (PAP) ကိုထူထောင်ပြီး ၎င်း၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်သည်။ ထိုစဉ်က PAPတွင် ကွန်မြူနစ်များပါဝင်ခဲ့သည်။ တည်ထောင်စကာလ လိုအပ်ချက်အရ လက်ဝဲသမားတို့၏အားကို သူစုစည်းရယူခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်နှစ်အတန်ကြာသည့်အခါ ကွန်မြူနစ်ဆိုရှယ်လစ်အုပ်စုများ ခွဲထွက်သွားကြသည်။ လီကွမ်ယူးက ဝါဒသဘောတရား (ideology)ထက် လက်တွေ့နိုင်ငံ ရေးကို ပို၍အလေးထားကြောင်း စတင်ပြသလိုက်သောသဘောပင်။
ဗြိတိသျှလက်အောက်ခံ စင်ကာပူသည် ၁၉၅၉ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာသည်။ ဖွဲ့စည်းပုံအသစ်နှင့် ကျင်းပသော ရွေးကောက်ပွဲတွင် လီကွမ်ယူး၏ PAP ပါတီက အပြတ်အသတ်အနိုင်ရသည်။ ၁၉၆၃ ခုနှစ်တွင် စင်ကာပူသည် မလေးရှားဖက်ဒရေးရှင်းသို့ ဝင်ရောက်ပူးပေါင်းခဲ့သည်။ သို့သော် တရုတ်နှင့်မလေးရှားတို့အကြား လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားသဖြင့် ၁၉၆၅ခုနှစ်တွင် ပြန်၍ခွဲထွက်ကာ သီးခြားရပ်တည်ခဲ့သည်။
သီးခြားစင်ကာပူတွင် အရေးကြီးဆုံးပြဿနာသည် နယ်မြေရော၊ လူဦးရေပါ ကြီးမားသာလွန်သည့် နိုင်ငံများအကြား သေးငယ်သော ကျွန်းနိုင်ငံကလေးအနေနှင့် တည်တံ့ရှင်သန်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် အစတွင် ဗြိတိသျှဓနသဟာယ၏ စစ်အင်အားအရိပ်ကို ဆက်လက်ခိုလှုံနေရင်း တစ်ဖက်က တိုင်းပြည်စီးပွား တောင့်တင်းအောင် ကြိုးစားသည်။ ၁၉၆၅ခုနှစ် စင်ကာပူတွင် တရုတ်လူမျိုးအများစုပါဝင်သော နိုင်ငံသားများနှင့် အရေးပါသော နိုင်ငံတကာ ရေကြောင်းလမ်းမပေါ်မှာ တည်ရှိနေသည့် သင်္ဘောဆိပ်တစ်ခုမှအပ သယံဇာတဟူ၍လုံးဝမရှိ။ စက်မှုလုပ်ငန်းလည်း မည်မည်ရရမရှိသေး။ လူအများစုက လက်လုပ်လက်စားမျှသာဖြစ်ပြီး လူနေအိမ်ဆိုသည်ကလည်း အောက်ထပ်တွင် ဈေးရောင်းသည့် တိုက်ခံအိမ်များနှင့် ဝါး၊ ကြိမ်တို့ဖြင့်ဆောက်ထားသည့် အရှေ့တိုင်း ကျေးလက်တောရွာ အိမ်ငယ်များသာ အများစုဖြစ်သည်။ အဲသည်စင်ကာပူကို စက်မှုကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်သည့် စက်မှုနိုင်ငံဖြစ်အောင် ထူထောင်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးသည်။ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမား သမဂ္ဂများကြား ပြဿနာမပွားရအောင် ထိန်းသိမ်းညှိနှိုင်းပေးသည်။ ကျန်းမာရေးနှင့် အခြားလူမှုဖူလုံရေးကိစ္စများ အဆင့်မြင့်ကောင်းမွန်အောင် ကြိုးစားသည်။ တစ်ဖက်က စည်းကမ်းများ ကြပ်မတ်သကဲ့သို့ တစ်ဖက်ကလည်း အလုပ်သမားများအပါအဝင် စင်ကာပူသားတို့၏ လူနေမှုအဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်သည်။ သီးခြားစင်ကာပူနိုင်ငံဖြစ်ပြီး နှစ်ပေါင်း၂ဝခန့်အကြာ ၁၉၈ဝပြည့် နှစ်ကျော်လောက် ရောက်သည့်အခါ၌ စင်ကာပူသည် အရှေ့အာရှ၌ ဂျပန်ပြီးလျှင် တစ်ဦးချင်းဝင်ငွေ အမြင့်မားဆုံးနိုင်ငံဖြစ်လာသည်။ ယနေ့ဆိုလျှင် စင်ကာပူသည် မိုးထိတိုက်တာများ၊ အဆင့်မြင့်လမ်းမကြီးများ၊ အသားနားဆုံးဟိုတယ်ကြီး၊ စားသောက်ဆိုင်ကြီးများဖြင့် ပြောင်လက်တောက်ပသည့် ကြွယ်ဝသော ခေတ်သစ်မြို့တော်တစ်ခုဖြစ်နေပြီ။ စင်ကာပူသား ၉ဝရာခိုင်နှုန်းသည် အိမ်ရာပိုင်ဆိုင်သူများဖြစ်ပြီး ၂ဝဝ၄ခုနှစ်အတွင်းက ပျမ်းမျှတစ်ဦးချင်းဝင်ငွေသည် ဒေါ်လာ၂၄၂၂ဝ မျှရှိ၍ ကမ္ဘာ့ရှေ့တန်း နိုင်ငံတစ်ခုဖြစ်သည့် အီတလီနှင့်တန်းတူ လိုက်နေသည်။ စင်ကာပူတွင် လီကွမ်ယူး၏ PAP ပါတီသည် တောက်လျှောက်ပင် အပြတ်အသတ် အနိုင်ရခဲ့သည်။ စောစောပိုင်းရွေးကောက်ပွဲများတွင် အတိုက်အခံတို့ဘက်က အမတ်တစ်နေရာမျှပင် မရရှိခဲ့။ နောက်ပိုင်းကျမှသာ တစ်နေရာ သို့မဟုတ် နှစ်နေရာလောက် ရရှိကြသည်။
လီကွမ်ယူးသည် သူ့တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း လွတ်လပ်စွာ ရေးသားပြောဆိုခွင့်အပါအဝင် ပြည်သူပြည်သားတို့၏ အခွင့်အရေးများကိုမူ ချုပ်ချယ်ကန့်သတ်မှုများရှိခဲ့ကြောင်း၊ သူ၏ အုပ်ချုပ်မှုပုံသဏ္ဌာန်သည် အာဏာပိုင်ဆန်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။
လီကွမ်ယူးသည် စင်ကာပူဝန်ကြီးချုပ်အဖြစ် ၂၅နှစ်မျှဆောင်ရွက်ခဲ့ပြီး ၁၉၉ဝပြည့်နှစ်တွင် ရာထူးမှအနားယူသည်။ နိုင်ငံရေးမှ လုံးဝနားသွားခြင်းကားမဟုတ်။ ဝါရင့်အဆင့်မြင့်ဝန်ကြီး (Senior Minister)၊ ထို့နောက်တွင် ဦးဆောင်လမ်းပြဝန်ကြီး(Minister Mentor) ဟူသောအမည်များဖြင့် နိုင်ငံရေးတာဝန်ကို ဆက်လက်ထမ်းဆောင်နေဆဲဖြစ်သည်။
လီကွမ်ယူးသည် နိုင်ငံရေးရာ စဉ်းစားဝေဖန်ရာ၌ အလွန်လက်တွေ့ကျသူ၊ စိတ်ခံစားမှုများကို ဘေးဖယ်ကာ ဓမ္မဓိဋ္ဌာန်အကျဆုံး ဆုံးဖြတ်လုပ်ကိုင်တတ်သူ၊ မိမိ၏ ပိုင်းခြားဝေဖန်ဉာဏ်အပေါ် ယုံကြည်မှု အပြည့်အဝရှိသူဟူ၍ အများကရှုမြင်ကြသည်။ တစ်ချိန်က စင်ကာပူ၏ အရေးကိစ္စများနှင့်ပတ်သက်လျှင် နိုင်ငံသားတစ်ဦးချင်းတို့၏ အိမ်ထောင်ဘက်ရွေးချယ်မှုနှင့် မွေးဖွားသင့်သည့် သားသမီးအရေအတွက်အထိ ခြေဆုံးခေါင်းဆုံး တစ်ခုမကျန်စီမံခန့်ခွဲချင်ခဲ့သော လီကွမ်ယူးသည် အသက်၈၂နှစ်ရှိပြီဖြစ်သည့် ယနေ့ကာလတွင်မူ စင်ကာပူအရေးထက် နိုင်ငံတကာအရေးကို ပို၍စိတ်ဝင်စားလာသည်။ ပထဝီနိုင်ငံရေးကို ကျွမ်းကျင်ပိုင်နိုင်စွာ ခွဲခြမ်းစိတ်ဖြာပြနိုင်သည့် နိုင်ငံရေးပညာရှင်တစ်ဦးဟူသော အနေအထားကို သူပို၍ နှစ်သက်လာသည်။
တစ်ဖက်တွင် ဒီမိုကရေစီသမား လူ့အခွင့်အရေးသမားများ၏ ဝေဖန်တိုက်ခိုက်မှုများရှိသော်လည်း တစ်ဖက်၌ သူ့အားအောင်မြင်သော နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် အနီးဝန်းကျင်တိုင်းပြည်များ၌ လေးစားအားကျသူများလည်း ရှိနေသည်။ ဥပမာ-မလေးရှားနိုင်ငံမှ မဟာသီယာမိုဟာမက်၊ ထိုင်းနိုင်ငံမှ သက်ဆင်ရှင်နာဝပ်ထရာတို့ဆိုလျှင် နှုတ်မှ ဖွင့်ဟဝန်ခံလေ့မရှိသော်လည်း ၎င်းတို့၏ “စီးပွားရေးပထမ” မူဝါဒသည် စင်ကာပူကိုထူထောင်ရာ၌ လီကွမ်ယူးကျင့်သုံးခဲ့သော လမ်းစဉ်ပင်ဖြစ်သည်။ ထို့ပြင် လွန်ခဲ့သော နှစ်အစိတ်ကျော်ကာလအတွင်း ပြည်သူ့တရုတ်ပြည်မှ ခေါင်းဆောင်ကြီးငယ်တို့လည်း စင်ကာပူသို့ အကြိမ်ကြိမ် လာရောက်ကာ လီကွမ်ယူး၏ မူဝါဒနှင့် လက်တွေ့လုပ်ငန်းစဉ်များကို နားထောင်ကြ၊ မှတ်သားကြပြီး သူတို့တိုင်းပြည်၌ စမ်းသပ်သုံးစွဲခဲ့ကြသည်။ မော်စီတုံးနောက်ပိုင်း တရုတ်ခေါင်းဆောင်များ အစဉ်တစိုက် ကျင့်သုံးခဲ့ကြသည့် နိုင်ငံရေးတည်ငြိမ်မှု မပျက်စေဘဲ တိုင်းပြည်တိုးတက်ရေး၊ ယင်းအတွက် တိုင်းပြည်အတွင်း စည်းကမ်းကြပ်မတ်ရေး၊ လူမှုအခွင့်အရေးများကို လိုအပ်သလို ထိန်းချုပ်ကန့်သတ်ရေး စသည်တို့မှာ စင်ကာပူမှ ရရှိလာခဲ့သည့် မူဝါဒများဖြစ်သည်ဟု ဆိုရပေမည်။
စင်ကာပူ၏ ဦးဆောင်လမ်းပြ နာယကကြီးအဖြစ် ရပ်တည်နေသည့် လီကွမ်ယူးအား Time မဂ္ဂဇင်းသတင်းထောက်များ ၅နာရီနီးပါးမျှတွေ့ဆုံကာ အကြောင်းရပ်မျိုးစုံကို မေးမြန်းခဲ့ကြသည်။ အဲသည်တွေ့ဆုံပွဲတွင် လီကွမ်ယူးဖြေကြားခဲ့သည်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြရသော်...
တရုတ်ပြည်နှင့်ပတ်သက်၍ လီကွမ်ယူးက သူကိုယ်တိုင်တွေ့ဆုံဖူးသော တရုတ်ခေါင်းဆောင်များထဲတွင် တိန့်ရှောင်ဖိန်ကို အထင်အကြီးဆုံးဟုဆိုသည်။ သည်ပုဂ္ဂိုလ်သည်လူကသာ အရပ်၅ပေမပြည့်သော်လည်း တကယ့်ဧရာမခေါင်းဆောင်ဖြစ်သည်ဟု သူမှတ်ချက်ချသည်။
တိန့်ရှောင်ဖိန်သည် ၁၉၇၈ခုနှစ်၊ နိုဝင်ဘာလတွင် စင်ကာပူသို့ အလည်ရောက်ရှိခဲ့သည်။ ညစာစားပွဲတွင် တွေ့ဆုံကြသည့်အခါ တိန့်ရှောင်ဖိန်က ၁၉၂ဝ ပြည့်နှစ်တုန်းက ဥရောပသို့အသွားတွင် စင်ကာပူသို့ သူဝင်ခဲ့ဖူးကြောင်း၊ အဲသည်တုန်းက စုတ်စုတ်ချာချာ နေရာကလေးသည်သည် ကနေ့လုံးဝခြားနား ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း၊ စင်ကာပူကို ယခုလောက်အထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် လီကွမ်ယူးအား ချီးကျူးကြောင်း ပြောဆိုသည့်အခါ လီကွမ်ယူးက “ကျေးဇူးတင်ပါတယ်ခင်ဗျား၊ ဒါပေမယ့် ကျွန်တော်တို့လုပ်နိုင်တာထက် ခင်ဗျားတို့က အများကြီးပိုလုပ်နိုင်ပါတယ်၊ ကျွန်တော်တို့က တရုတ်ပြည် တောင်ပိုင်းသား မြေမဲ့ယာမဲ့လယ်သမားများက ဆင်းသက်လာသူတွေပါ၊ ခင်ဗျားတို့မှာ မန်ဒရင်ပညာတတ်တွေ၊ အုပ်ချုပ်ရေးသမားတွေရှိတယ်၊ စာပေသမား၊ အတွေးအခေါ်သမားတွေရှိတယ်၊ လူတော်တွေအများကြီးရှိတယ်၊ ခင်ဗျားတို့က ကျွန်တော်တို့ထက် အများကြီးလုပ်နိုင်ပါတယ်” ဟု ပြန်ဖြေခဲ့ကြောင်းပြောပြသည်။
အဲသည်နောက် ၁၄နှစ်တိတိအကြာ ၁၉၉၂ခုနှစ်၊ နိုဝင်ဘာလတွင် တိန့်ရှောင်ဖိန်က တရုတ်ပြည် တောင်ပိုင်းပြည်နယ်များသို့ ခရီးသွားစဉ်ပြောကြားသည့်မိန့်ခွန်း၌ “စင်ကာပူထံက သင်ယူကြ၊ သူတို့ထက်သာအောင် ကြိုးပမ်းကြ” ဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း၊ အဓိပ္ပာယ်က သည်ကာလတစ်လျှောက်လုံးပင် တိန့်ရှောင်ဖိန်သည် မိမိပြောသောစကားကို မမေ့ခဲ့သည့်သဘောဖြစ်ကြောင်း လီကွမ်ယူးကမှတ်ချက်ချသည်။
ထို့ပြင် တိန့်ရှောင်ဖိန်သည် ၁၉၇၈ခုနှစ်ခရီးစဉ်အတွင်း စင်ကာပူအပြင်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့များသို့လည်း ရောက်ခဲ့ကြောင်း၊ သည်မြို့သုံးမြို့ကို ခပ်စုတ်စုတ်တောမြို့များအဖြစ် မြင်ရလိမ့်မည်ဟု သူမျှော်မှန်းထားခဲ့ကြောင်း၊ တကယ်ရောက်ရှိသည့်အခါ သူတို့တရုတ်ပြည်ရှိပီကင်းမြို့၊ ရှန်ဟဲမြို့များထက် ပို၍ကြီးကျယ်စည်ကားသော မြို့များဖြစ်နေတာကို အလန့်တကြားမြင်သွားခဲ့ရကြောင်း၊ သည်ခရီးစဉ်က ပြန်လည်ရောက်ရှိပြီး မကြာမီမှာပင် တရုတ်တွေလမ်းကြောင်းပြောင်းကာ တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးလာခဲ့ကြောင်း၊ တစ်သက်လုံး ကွန်မြူနစ်ဖြစ်လာခဲ့သည့် တိန့်ရှောင်ဖိန်သည် အသက်၇၄နှစ်ကျကာမှ အတွေးအမြင်တွေပြောင်းလဲကာ သူနှင့် တော်လှန်ရေးခရီးရှည်ချီတက်ဖက် ရဲဘော်ကွန်မြူနစ်ကြီးများကို ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးဖို့ ဆွဲဆောင်စည်းရုံးနိုင်ခဲ့ကြောင်း သူက ချီးကျူးပြောဆိုသည်။
သို့သော် သည်ကနေ့ ပြောဆိုနေကြသည့် တရုတ်ပြည် “တက်” လာနေပြီ၊ တရုတ် “နိုးထ” လာနေပြီ၊ the rise of China ဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍မူ လီကွမ်ယူးက များစွာဘဝင်မကျချင်။ rise ဟူ၍ သုံးနှုန်းတာကို သူမကြိုက်။ တရုတ်ခေါင်းဆောင်များက peaceful rise ဟုပြောနေကြသော်လည်း peaceful နှင့် rise သည် ဝိရောဓိဖြစ်နေသည်ဟု သူမြင်သည်။ rise အစား renaissance သို့မဟုတ် evolution သို့မဟုတ် development ဟု သုံးနှုန်းတာ ပိုသင့်လျော်မည်ဟု သူသဘောရသည်။ သူက နိုင်ငံရေးလောကဓံကို ဖြတ်သန်းကျင်လည်ခဲ့ပြီးသည့် တရုတ်လူကြီးပိုင်းကို မစိုးရိမ်၊ စီးပွားဖြစ်ထွန်းသည့် သည်ဘက်ခေတ်မှာ ကြီးပြင်းလာသည့် ဇာတိသွေးနိုးကြွလာနေသော မျိုးဆက်သစ်များကို စိတ်မချနိုင်ဖြစ်နေသည်။ များမကြာမီက တရုတ်ပြည်ထဲမှာ ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့တာ၊ ပြီးခဲ့သည့်နှစ်အတွင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း(လီကွမ်ယူး၏သား) တရုတ်တိုင်ပေသို့ သွားရောက်ပြီး နောက်တွင် တရုတ်ပြည်က အင်တာနက်စကားဝိုင်း(chat room)များမှာ စင်ကာပူအား သစ္စာဖောက်၊ ကျေးဇူးကန်းသူစသဖြင့် စွပ်စွဲဝေဖန်တိုက်ခိုက်လာတာတွေ သူထောက်ပြသည်။
“မနေ့တစ်နေ့ကအထိ ကျွန်တော်က တရုတ်ရဲ့မိတ်ဆွေဟောင်းကြီးဗျာ၊ ဒီကနေ့ ကျွန်တော်က ရန်သူအသစ်စက်စက်ဖြစ်လာတယ်၊ အပြောင်းအလဲက မြန်လွန်းတယ်ဗျ” သူကဆိုသည်။ ပြီး...အဲသည် တရုတ်တိုင်ပေ အလည်သွားသည့်ကိစ္စနှင့်ဆက်စပ်ပြီး ကျေနပ်အောင်မဖြေရှင်းနိုင်သဖြင့် တရုတ်တို့ဘက်က စင်ကာပူနှင့် စီးပွားရေးအဆက်အသွယ်များ ရုတ်တရက်ရပ်ဆိုင်းပစ်ခဲ့ကြောင်း၊ တရုတ်အဖို့ စင်ကာပူနှင့်ဆက်ဆံရသော စီးပွားရေးပမာဏသည် မပြောပလောက်သောလည်း စင်ကာပူအဖို့မူ သိသာကြောင်းပြောဆိုကာ တရုတ်သည် သိသိသာသာ အင်အားကြီးထွားလာနေသကဲ့သို့ မိမိအင်အားကြီးမားမှုကို ပြသရန်လည်း နှောင့်နှေးခြင်းမရှိသော နိုင်ငံဖြစ်သည်ဟု သူကကောက်ချက်ချသည်။
အမေရိကန်နှင့်ပတ်သက်၍ မေးမြန်းရာ၌ လီကွမ်ယူးက “အမေရိကန် လူ့အဖွဲ့အစည်းကို ကျွန်တော် သဘောကျပါတယ်၊ ဒါပေမယ့် အဲဒီမှာ အမြဲတမ်းနေပါဆိုရင်တော့ မနေချင်ဘူးဗျ။ အကယ်၍ ကျွန်တော်သာ အရင်ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ကောင်ကီးတို့လို ဒုက္ခသည်အဖြစ်သွားရမယ်ဆိုရင် သူ့လို ကယ်လီဖိုးနီးယား (အမေရိကား) မသွားဘူး၊ အဲဒီထက်ဖိစီးမှု(stress) နည်းတဲ့ ဗြိတိန်ကိုရွေးမယ်ဗျ။ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ အမေရိကန်တွေမှာ ထူးခြားတာက ‘ဖြစ်ရမယ်’ ၊ ‘လုပ်နိုင်ရမယ်’ ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ ဘဝကိုရင်ဆိုင်တာဗျ၊ ဘယ်ပြဿနာမဆို ဖျင်ချလိုက်လို့ရရမယ်၊ ခွဲခြမ်းစိတ်ဖြာနိုင်ရမယ်၊ ပြန်ပြီး အဓိပ္ပာယ်ဖွင့်ဆိုလို့ ရရမယ်လို့ ခံယူကြတယ်၊ တကယ်လက်တွေ့မှာ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အမေရိကန်များကတော့ ကိစ္စတစ်ခုဟာလုံလောက်တဲ့ ငွေကြေးပမာဏရယ်၊ သုတေသနရယ်၊ အားထုတ်မှုရယ်ရှိမယ်ဆိုရင် ဖြေရှင်းလို့ရရမယ်လို့ ယုံကြည်ကြတယ်။ ၁၉၈ဝပြည့်နှစ်ကျော်ကာလ သူတို့စီးပွားရေး တောက်လျှောက်ကျပြီး ထုတ်ကုန်ပစ္စည်း လုပ်ငန်းတွေအားလုံး ဂျပန်နဲ့ဂျာမနီက သိမ်းယူနေလို့ သူတို့တွေ မှိန်ပျောက်မလိုဖြစ်နေတဲ့အချိန် အမေရိကန်တွေ သူတို့စီးပွားရေးအဆောက်အအုံကို ပြင်ကြဆင်ကြ ပြန်လည်တည်ဆောက်ကြတာ ကျွန်တော် နှစ်ပေါင်းအတော်ကြာအောင် စောင့်ကြည့်နေခဲ့တယ်။ ဒီလူတွေ တစ်ဟုန်ထိုး ပြန်တက်လာခဲ့တယ်ဗျ။ သူတို့စနစ်က ပိုကောင်းတယ်၊ ပိုမြင့်တယ်၊ ပိုလည်းပြိုင်ဆိုင်နိုင်စွမ်း ရှိတယ်”
သတင်းထောက်များက စင်ကာပူမှာလည်း အမေရိကလို စီးပွားရေးပြိုင်ဆိုင်မှုတွေ၊ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ၊ မတူသောသဘောထားအမြင်များ လွတ်လပ်စွာယှဉ်ပြိုင်မှုတွေ မရှိသင့်ဘူးလား မေးသည့်အခါမှာတော့ လီကွမ်ယူးက...“မှန်တယ်၊ ရှိသင့်တာပေါ့ဗျာ၊ ကျွန်တော်တို့မှာလည်း (A)အသင်းနဲ့ (B) အသင်းဆိုပြီး နှစ်သင်းအင်အားချင်း မျှပြီးရှိနေမယ်၊ တစ်သင်းနဲ့တစ်သင်း လက်ပြောင်းလက်လွှဲ အလဲအလှယ်လုပ်မယ်ဆိုရင်လည်း ယန္တရားက ပုံမှန်အတိုင်း ဆက်ပြီးလည်ပတ်နေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့်...” ဟုဆိုကာ ယခုအချိန်ထိ စင်ကာပူမှာ ယင်းသို့မဖြစ်နိုင်ရသေးခြင်း အတွက် အကြောင်းပြချက်နှစ်ခုပေးသည်။ တစ်ခုက စင်ကာပူသည် လူဦးရေ ၄သန်းသာ ရှိသည့် တိုင်းပြည်ကလေးဖြစ်၍ နိုင်ငံရေးဘက်တွင် တကယ်တမ်း ဦးစီးဦးဆောင်ပြုနိုင်မည့် အရည်အချင်းရှိသူ ဦးရေမှာလည်း ၂ဝဝဝလောက်သာရှိသည် ဆိုသောအချက်ဖြစ်သည်။
နောက်တစ်ချက်က ယဉ်ကျေးမှုချင်း မတူညီမှုဖြစ်သည်ဟုဆိုသည်။ သူက စင်ကာပူလူ့အဖွဲ့အစည်းသည် လူတစ်ဦးချင်းတို့အပေါ် အခြေခံတည်ဆောက်ထားခြင်းမဟုတ်။ မိသားစု၊ ဆွေမျိုးစု၊ ထို့နောက် နိုင်ငံတော်စသည့် အစုအဖွဲ့ သို့မဟုတ် စုဖွဲ့ဆက်ဆံမှုပေါ်တွင်သာ အခြေခံထားသည်။ သူတို့ လူ့အဖွဲ့အစည်းတွင် လူတိုင်းလူတိုင်းအတွက် အထူးအရေးကြီးသော ဆက်ဆံရေး၅ရပ်ရှိသည်။ ယင်းတို့မှာ မိမိနှင့်အုပ်စိုးသူ (ရှင်ဘုရင်၊ အကြီးအကဲ)တို့ဆက်ဆံရေး၊ မိမိနှင့် အိမ်ထောင်ဘက်တို့ဆက်ဆံရေး၊ မိမိနှင့် သားသမီးဆက်ဆံရေး၊ မိမိနှင့် မိဘများဆက်ဆံရေး၊ မိမိနှင့် မိတ်ဆွေများဆက်ဆံရေးတို့ ဖြစ်သည်။ အဲသည်ဆက်ဆံရေး၅ရပ် အဆင်ပြေလျှင် လူ့အဖွဲ့အစည်းအတွင်း အရာအားလုံး အဆင်ပြေချောမွေ့မည် စသဖြင့်ခံယူထားသည်။ (လူပုဂ္ဂိုလ်တစ်ဦးချင်းတို့၏ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှုပေါ်တွင် အခြေခံထားသည့် အမေရိကန်လူ့အဖွဲ့အစည်းမျိုးနှင့် မိမိတို့အကြား စဉ်းစားပုံ၊ လုပ်ကိုင်ပုံများကွာခြားသည်) ဟူ၍ သူကဆိုသည်။ ထို့နောက် သူ့ကိုယ်ရေးကိုယ်တာတစ်ခုဖြစ်သည့် သားဖြစ်သူ လီရှန်လွန်း ဝန်ကြီးချုပ် ဖြစ်လာသည့် ကိစ္စနှင့်ပတ်သက်၍ သည်လိုဖြစ်အောင် သူစီစဉ်လုပ်ကိုင်ထားတာမဟုတ်ကြောင်း၊ သို့သော် အဲသည်အနေအထားမျိုး ရှိလာသည့်အခါ၌မူ မိမိနောက်တွင် သားဖြစ်သူက ရာထူးဆက်ခံသည်ဆိုတာမျိုး မဖြစ်ရအောင် မိမိတို့နှစ်ဦးကြားတွင် အဆက်ပြတ်နေသည့် ကြားကာလတစ်ခု ပြတ်ပြတ်သားသား ရှိစေရမည်ဟု မိမိဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းကိစ္စကို ပါတီညီလာခံ၌ မိမိပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြောင်း၊ အကြောင်းက သားအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ မိမိအတွက်ပါ မကောင်းသောကြောင့်ဖြစ်ကြောင်း၊ ဖခင်အရှိန်အဝါကြောင့် လီရှန်လွန်း ဝန်ကြီးချုပ်ရာထူးရသည်ဟု မြင်သွားကြလျှင် ၎င်းအား လူအများ အထင်အမြင်သေးကာ တိုင်းပြည်တာဝန်ထမ်းဆောင်ရာ၌ စွမ်းအားလျော့ပါးသွားစေနိုင်ကြောင်း သူက ရှင်းပြခဲ့သည်။
ရည်ညွှန်း-(1)Simon Elegant နှင့် Michael Elliott တို့၏ The Man Who SawIt All (Time, Dec 12, 2005), (2)Encyclopedia Britannica

အိုပရာဝင်းဖရေးရဲ့ နေခြင်းအဓိပ္ပာယ်

လူထုစိန်ဝင်း
နိုဝင်ဘာလ ၁၄၊ ၂ဝဝ၅ခုနှစ်ထုတ် နယူးစ်ဝိခ်မဂ္ဂဇင်းက မျက်နှာဖုံး အထူးဆောင်းပါး အဖြစ် လုပ်ငန်းခွင်အမျိုးမျိုးမှာ အောင်မြင်မှု အရဆုံး အမျိုးသမီး ၁၅ယောက်ရဲ့ အကြောင်းနဲ့ သူတို့ထိပ်ဆုံးတန်း ရောက်လာပုံ အကြောင်းများကို ရေးသားတင်ပြထားပါတယ်။ အဲဒီထဲက မြန်မာ လူမျိုးများနဲ့ ရင်းနှီးနေပြီဖြစ်တဲ့ သဘင်လောကရဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဘီလျံနာ Oprah Winfrey ကိုယ်တိုင် ပြောပြတဲ့ သူ့ဇာတ်ကြောင်းကို တစ်ဆင့် ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။
"OPRAH WINFREY"
ဇာတိ...
မစ္စစ္စီပီပြည်နယ်။ Kosciusko မှာ ဇန်နဝါရီလ ၂၉၊ ၁၉၅၄ခုနှစ်မွေး။
ပညာရေး...
တင်နက်ဆီပြည်နယ်တက္ကသိုလ် တက်ရောက်။
အိမ်ထောင်ရေး...
လက်မထပ်ရသေး။ ဒါပေမယ့် Stedman Graham နဲ့အတူနေတာ နှစ်ပေါင်း ၂ဝရှိပြီ။
ပထမဆုံးအလုပ်...
Nasville ရေဒီယိုမှာ သတင်း ကြေညာသူ။
ဘဝအောင်မြင်မှုများ...
၁၉၈၆ခုနှစ်က အော်စကာဆုအတွက် အရွေးခံရ။ ၁၉၈၆ခုနှစ်ကစပြီး တီဗွီမှာ National Show အစီအစဉ် တင်ဆက်သူလုပ်။ ပထမဆုံး လူမည်းအမျိုးသမီး ဘီလျံနာဖြစ်လာ။
ကျွန်မက သူလိုငါလိုပဲ ကြီးပြင်းလာတာပါ။ အောင်မြင်ဖို့အတွက် ကျွန်မ အများကြီးကိုကြိုးစားခဲ့ရတယ်ဆိုတာ လူတိုင်းသိပါတယ်။ စစချင်းကတော့ အလုပ်တစ်ခုအနေနဲ့ လုပ်ခဲ့တာပါပဲ။ အဲဒီတုန်းက အသက် ၁၉နှစ်ပဲ ရှိသေးတယ်။ ရုပ်မြင်သံကြားအစီအစဉ်မှာ ပါလာလိမ့်မယ်ဆိုတာ ကိုယ့်ဟာကိုယ်တောင် မယုံကြည်မိဘူး။ ပထမဆုံးအလုပ်က တစ်နှစ်ကို ဒေါ်လာ ၁ဝဝဝဝ ရပါတယ်။ ကျွန်မက ကျွန်မအသက်နဲ့ညီမျှတဲ့ ဝင်ငွေရဖို့မျှော်လင့်ထား ပါတယ်။ အသက် ၂၂နှစ်ကျတော့ ဒေါ်လာ၂၂ဝဝဝ ရပါတယ်။ အဲဒီတုန်းက ဘာလ်တီမိုးက ရုပ်မြင်သံကြားဌာန သန့်စင်ခန်းထဲမှာ ကျွန်မသူငယ်ချင်း Gayle နဲ့ အတူပျော်လွန်းလို့ ကခုန်ခဲ့မိတာကို သတိရမိပါသေးတယ်။
"အသက် ၄ဝကျရင် ဝင်ငွေ ၄ဝဝဝဝ ရမယ်ဆိုတာ ယုံနိုင်ရဲ့လား" လို့ ဝမ်းသာအားရပြောမိတယ်။ ချီကာဂိုမှာ တစ်ယောက်တည်း စီစဉ်ဆောင်ရွက်ရတဲ့ ပွဲကြီးသွားတော့ ကျွန်မမှာ အောင်မြင်အောင်လုပ်နိုင်တဲ့ အရည်အသွေးတွေရှိနေတယ်လို့ ကိုယ့်ဟာကိုယ် သိသွားပါတယ်။ အဲဒီ အချိန်ကစပြီး ကိုယ့်ပင်ကို အရည်အချင်းကို အသုံးချပြီး ကမ္ဘာကြီးမှာ အကောင်းဆုံး လုပ်သွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကမ္ဘာကြီးကလည်း အကောင်းဆုံး ပြန်ပေးခဲ့ပါတယ်။
ကျွန်မရဲ့ပွဲတွေအောင်မြင်တာက ကျွန်မဟာ အမြဲတမ်း အမှန်တရားအတွက် ဦးတည်လို့ ဖြစ်တယ်ထင်ပါတယ်။ ကျွန်မက လူတွေရဲ့ နာကျင်မှုတွေနဲ့ လူတွေရဲ့အစွမ်း အစတွေကို အမြဲတမ်း ထင်ဟပ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မကိုယ်တိုင်ဒါတွေကို ဖြတ်သန်းခဲ့လို့ဖြစ်တယ်၊ ကျွန်မ စကားပြောခဲ့ဖူးတဲ့ လူထောင်ပေါင်းများစွာဆီကနေပြီး ကျွန်မသိလာခဲ့ရတာကတော့ လူသားအားလုံးမှာရှိတဲ့ တူညီချက်ဟာ ကိုယ့်စကားသံတွေကို လူတွေကြားစေချင်တာ ဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အဲဒီ နားလည်မှုတွေ၊ အဲဒီဆက်စပ်မှုတွေက ကျွန်မကို အတောင်တပ်ပေးလိုက်ကြတာ ဖြစ်တယ်။ ကျွန်မဟာ ဘယ်သူနဲ့မဆို၊ ဘာ အကြောင်းအရာကို မဆို၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု၊ တစ်ဦးသိက္ခာကို တစ်ဦးရိုသေမှုနဲ့ ပြောဆိုဆက်ဆံနိုင်တယ်ဆိုတာ သိခဲ့ရလို့ဖြစ်တယ်။
ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ ဘဝမှာပဲဖြစ်ဖြစ်၊ လေလှိုင်းက တစ်ဆင့် တစ်လောကလုံးကို တင်ပြတဲ့အခါပဲဖြစ်ဖြစ်၊ ကျွန်မဟာ အသိစိတ်ဓာတ်ရှိရှိနဲ့ အမြဲသတိကြီးစွာ ထားပြီး လုပ်ကိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မဟာ နိုင်ငံပေါင်း၁၁၈နိုင်ငံမှာ ရှိကြတဲ့ မတူခြားနားတဲ့ အမြင်ပေါင်းများစွာရှိကြတဲ့ လူသန်းပေါင်းများစွာကို ပြောနေတာဖြစ်ကြောင်း သဘောပေါက်ထားလို့ ဖြစ်ပါတယ်။ လူတွေရှေ့မှာ ကျွန်မ ပြောဆို လုပ်ကိုင်နေသမျှဟာ ကျွန်မကိုယ်တိုင် ယုံကြည်တဲ့အတိုင်း၊ ကျွန်မကိုယ်တိုင် လုပ်ကိုင်တဲ့ အတိုင်းဖြစ်ပါတယ်။
ကျွန်မ အခုရောက်ရှိနေတဲ့နေရာဟာ လောကကြီးထဲမှာ ကျွန်မအတွက် သိပ် များများစားစားမကျန်တော့တဲ့နေရာလေးသာ ဖြစ်တယ်ဆိုတာ ကျွန်မနားလည်ထား ပါတယ်။ တန်ခိုးရှင် တစ်ယောက်ယောက်က ကျွန်မကို နောက်ထပ် နှစ်၅ဝလောက် ဆက်ပြီး အသက်ရှင် နေနိုင်အောင် လုပ်မပေးဘူးဆိုရင် ပြောတာပါ။ ဒီလို ကိုယ့်အတွက် အချိန်သိပ်များများ မကျန်တော့ဘူးဆိုတာကို သိထားတော့ တွန်းအားတွေလည်း အဆက်မပြတ်ရှိနေတာပေါ့။
အောင်မြင်မှုဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံကြီးချဲ့ပြတဲ့ မှန်ဘီလူးဖြစ်တယ်။ ကိုယ့်အကြောင်း ကိုယ်ပိုသိလေ၊ ပိုပြီး တွန်းအားတွေကြီးမားလေ ဖြစ်တယ်။ ပိုက်ဆံချမ်းသာတာရဲ့ လှပတဲ့ အချက်ကလေးတစ်ခုကတော့ စားဝတ်နေရေးအတွက် ပူပင်ကြောင့်ကြ မနေရဘဲ၊ အရေးပါတဲ့ကိစ္စတွေအတွက် ပိုပြီးအာရုံစိုက်နိုင်ခြင်း ဖြစ်တယ်။ ကိုယ့်ရဲ့လူဖြစ်ခြင်းဆိုတာကို အဆင့်မြှင့်ဖို့ဘာလုပ်နိုင်သလဲ၊ ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘာလဲဆိုတာကို ကောင်းကောင်းအသုံးချပြီး၊ ကိုယ့်ထက်အဖိုးတန်တဲ့ ကိစ္စတွေကို ဘယ်လိုစွမ်းဆောင်နိုင်မလဲ၊ ကိုယ့်စိတ်ဝိညာဉ်ရဲ့ စွမ်းအင်တွေနဲ့ ကိုယ့်ဘဝ သဟဇာတဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲ၊ ကိုယ့်ဘဝကို ကိုယ့်ဝိညာဉ်အတွက် ဘယ်လိုအသုံးချရမလဲဆိုတာမျိုး တွေပေါ့။ ကျွန်မရဲ့အဖြေက နောက်ဆုံးတော့ ကျွန်မဆီပြန်ရောက်လာတာချည်းပါပဲ။
ကိုယ့်ကိုယ်ကို မသိရင် လောကကြီးထဲမှာ အဆင့်မြင့်တဲ့ဘဝကို မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်မှုမရှိဘဲနဲ့ လွတ်လပ်စွာ မလှုပ်ရှားနိုင်ဘူး၊ လွတ်လပ်စွာမပြောနိုင်ဘူး၊ လွတ်လပ်စွာ မလုပ်နိုင်ဘူး၊ လွတ်လပ်တဲ့ ဘဝကိုလည်း မရနိုင်ဘူး။
ကျွန်မတွေ့ဖူးသမျှ အမျိုးသမီးခေါင်းဆောင်တွေဟာ ပကတိအသိစိတ်နဲ့ လုပ်ကိုင်တဲ့နေရာတွေမှာ ယောက်ျားတွေ ထက်သာကြတယ်။ ကျွန်မကိုယ်တိုင်လည်း မွေးရာပါ သန္ဓေစိတ်အား ကောင်းပါတယ်။ လုပ်ငန်းခွင်မှာ ဆုံးဖြတ်ချက်မှားယွင်းခဲ့တာ မှန်သမျှ၊ ဝမ်းတွင်းပါ အသိစိတ်ကပြောတဲ့အတိုင်း လိုက်မလုပ်မိတာတွေချည်း ဖြစ်ပါတယ်။ ကျွန်မ အမြဲပြောလေ့ရှိတာက "ဘုရား အာရုံပြုလိုက်ဦးမယ်" ဆိုတာဖြစ်ပါတယ်။ တစ်ခါတလေ တကယ်ပဲ ဘုရားအာရုံပြုပါတယ်။ တစ်ခါတလေကျတော့ ဘာမှမဆုံးဖြတ်ဘဲ "တစ်ရေးနိုးသော် အကြံပေါ်" ဆိုသလို မနက်မိုးလင်းရင် အကြံကောင်းဉာဏ်ကောင်းရ လာမလားဆိုပြီး စောင့်ဆိုင်းနေတတ်ပါတယ်။ ကျွန်မ အတွက်တော့ စိတ်ထဲမှာ(doubts) မသိုးမသန့်ဖြစ်နေရင် ဘာမှမလုပ်နဲ့ (don't) ပဲ။ စိတ်ထဲမှာ ဝေခွဲမရနဲ့ သံသယတွေများနေရင် သံသယတွေမပျောက်မချင်း ဘာမှကို မလုပ်နဲ့တော့ပဲ။ ကျွန်မရဲ့စိတ်ဟာ တကယ် တကယ့်ကို မနောဓာတ်ရနေတဲ့သူလိုဖြစ် နေပါတယ်။
ကျွန်မက အမျိုးသမီးတွေကို အမြဲပြောတယ်။ ကိုယ့်ကိုယ်ကို အမြဲပြည့်အောင် ဖြည့်နေရမယ်။ ဒါမှ ကိုယ်က သူများကို ပေးနိုင်မှာ။ ဘာမှမရှိဘဲနဲ့ ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်လုပ်ငန်းအတွက် ဘာလုပ်ပေးနိုင်မှာလဲ။ ကျွန်မက အကြာကြီး ဟန်းတမ်းလုပ်ကိုင်နေရပြီဆိုရင် အလိုလို သိလာတယ်။ ဆီကုန်သွားတဲ့အင်ဂျင်လို ဖြစ်သွားတယ်။ လုပ်ရကိုင်ရတာ တယ်ပြီး စိတ်မပါတော့ဘူး။ အဲဒါကြောင့် ကိုယ့် ကိုယ်ကို ပြန်ပြီး ဆီဖြည့်ဖို့ အချိန်ပေးရတယ်။ ကျွန်မကတော့ တောအုပ်ထဲမှာ ခွေးတွေဆွဲပြီး လမ်းလျှောက်ပါတယ်။တစ်ခါတလေကျတော့ သစ်ပင်အောက်ထိုင်ပြီး စာဖတ် ချင်ဖတ်တယ်။ တစ်ခါတလေ ဘာမှကို မလုပ်ဘဲ ထိုင်နေတယ်။ အားပြန်ဖြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်မအတွက် အထူးကို လိုအပ်ပါတယ်။
ခုလောလောဆယ်ဆိုရင် တောင်အာဖရိကက ကျွန်မအလုပ်အတွက် စိတ်အား သိပ်ကို ထက်သန်နေမိတယ်။ ထောင်ပေါင်းများစွာသော မိန်းကလေးတွေရဲ့ဘဝကို ကျွန်မက ပြောင်းပစ်မှာလေ။ ဘာ့ကြောင့်လဲဆိုတော့ မိန်းကလေးတွေကို ကျွန်မက ပညာသင်ပေး မလို့လေ။ ဟိုရောက်ရင် ကျွန်မ တောရွာတွေ၊ လူတွေက မေ့လျော့ပစ်ပယ်ထားတဲ့ တောရွာတွေကို သွားပြီး အရည်အချင်းရှိတဲ့ ထက်မြက်တဲ့ ထူးထူးချွန်ချွန်နဲ့ ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ မိန်းကလေးတွေကို ရှာမယ်။ ပြီးတော့ "ခေါင်းဆောင်မှု အကယ်ဒမီကျောင်းတော်ကြီး" ဖန်တီးမယ်။ အာဖရိကရဲ့ နောင်ရေးဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ်မှာ မှီခိုအားထားရမယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒီတိုက်ကြီးတစ်ခုလုံးကို အဲဒါကမှ ပြောင်းလဲပစ်နိုင်လိမ့်မယ်။ ကျွန်မရဲ့ တီဗွီအစီအစဉ်နဲ့ကျွန်မရဲ့ မဂ္ဂဇင်းက တစ်ဆင့် လူတွေသန်းပေါင်းများစွာနဲ့ နေ့စဉ် ထိတွေ့ခွင့်ရနေတယ်။
ကျွန်မအဖို့ အင်မတန်ကံကောင်းပါတယ်။ ကျွန်မအတွက် အကြံဉာဏ်သစ်တွေလည်း ရစေပါတယ်။ မကြာမီကပဲ ကျွန်မရဲ့အစီအစဉ်ကနေပြီး ရုပ်မြင်သံကြားပရိသတ်ကြီးကို ကလေးသတ်တရားခံတွေ ဖမ်းမိဖို့ ကူညီကြပါဆိုပြီး၊ အကူအညီတောင်း လိုက်တာ။ ၄၈နာရီအတွင်းမှာပဲ ကျွန်မပြောတဲ့ လူနှစ်ယောက်ကို ဖမ်းမိခဲ့ပါတယ်။ ကိုယ်တိုင်လည်းခံခဲ့ရဖူးလေတော့ ကလေးသူငယ်တွေကို မတော်တရားပြုကျင့်သူတွေ ဖမ်းမိတာ အင်မတန်ကောင်းတဲ့ သတင်းကြီးပါ။ လူသန်းပေါင်းများစွာအတွက်လည်း အင်မတန်ကောင်းတဲ့သတင်းကြီး ဖြစ်မှာပါပဲ။ ကိုယ့်အသံကို လူတွေကြားအောင်လုပ်နိုင်ရင် ရလဒ်ကောင်း ရပါတယ်။ ကျောင်းပဲဖြစ်ဖြစ်၊ စာအုပ်တစ်အုပ်ပဲဖြစ်ဖြစ်၊ စိတ်ကူးလေးတစ်ခုပဲ ဖြစ်ဖြစ်၊ အင်မတန်အကျိုးရှိပါတယ်။ ပျော်ရွှင်မှုဆိုတာ အဲဒါပါပဲ။ လူ့ဘဝမှာ နေထိုင်ခြင်းဆိုတာ အဲဒါပါပဲ။ နေထိုင်ခြင်းဆိုတာကို စားလုံးမည်းကြီးနဲ့ နေထိုင်ခြင်းဖြစ်ပါတယ်။

Saturday, April 19, 2008

တို့ကုလားကဓားပါတယ်

ထက်ကျော်

ယှဉ်ပြိုင်မှုတွေနဲ့ လောင်မြိုက်နေတဲ့ ကမ္ဘာ၊ တစ်ယောက်နဲ့တစ်ယောက် အလဲထိုးဖို့ ကျိတ်ပုန်းခုတ်နေတဲ့ စီးပွားရေးလောက၊ (Knoledge Age) ပညာခေတ်လို့ အမည်သညာပေးထားတဲ့ ဒီနေ့အချိန်အခါရဲ့ တောင်းဆိုမှုများအရ လူတိုင်းဟာ မိမိတို့ရဲ့စွမ်းရည်ကို အမြင့်ဆုံး တွန်းတင်ပြီး လှုပ်ရှား နေကြရပါတယ်။ ပညာရှင်များကတော့ Globalization က နယ်နိမိတ် မျဉ်းကြောင်းတွေကို မလွဲမသွေ ဖျက်ပစ်ကြလိမ့်မယ်၊ နိုင်ငံတွေဟာ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ ဖြစ်သွားကြလိမ့်မယ်လို့လည်း ဟောကိန်းထုတ်ထားကြရဲ့။

လူဆိုတာကလည်း ကမ္ဘာမြေဆိုတဲ့ နေရာ ကျဉ်းကျဉ်း ကလေးတစ်ခုကလွဲလို့ သူအသက်ရှင်နေထိုင်နိုင်တဲ့ နေရာ ရှိတာမှ မဟုတ်တာ၊ ဒီတော့ ကမ္ဘာမြေရဲ့ အခွံမာကလေးပေါ်မှာပဲ မိမိတို့အသက်ရှင် နေထိုင်မှုအတွက် ရုန်းကန်ယှဉ်ပြိုင် နေကြရတာကလား၊ နိစ္စဓူဝပဲ လောင်မြိုက်မှုတွေကို မလွှဲမရှောင်သာ ကြုံနေရရုံမက ရှောင်လွဲလို့လည်းမရနိုင်ပါဘူး။ ဒီအထဲ နည်းပညာအရ၊ ဥစ္စာဓနအရ အင်အားကြီးမားပြီး ရှေ့ကို တမျှော်တခေါ်ရောက်နေတဲ့ သူများနဲ့ အတူပြိုင်ပွဲဝင်နေရလေတော့ ပိုမိုခက်ခဲ၊ ပိုမိုပင်ပန်းတော့တာပေါ့။ ဒါကြောင့် ဒီနေ့ကာလဟာ မိုးထဲလေထဲမှာ ခြေကုပ်မြဲမြဲနဲ့ မိုးကြိုးမုန်တိုင်းတွေကို ကြံ့ကြံ့ခံနေရတဲ့ အသွင်အပြင်မျိုး ဖြစ်နေပါတယ်။

ဒီလိုအခြေအနေတွေ အောက်မှာ အရေးကြီးတဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုနေရတဲ့ ပုဂ္ဂိုလ်များအဖို့ ကိုယ့်ရဲ့လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့အတွက် ညာလက်ရုံးလို အားကိုး အားထားပြုရမယ့်သူတွေ အမှန်ပဲ လိုအပ်ပါတယ်။ လက်ထောက်စီမံခန့်ခွဲသူ၊ အဲဒီလိုလူကို ဘယ်မှာရှာ ဖွေကြမလဲ၊ ပြင်ပက လူသစ်တွေကိုပဲ ရှာဖွေမလား၊ ဒါမှမဟုတ် လူဟောင်းတွေထဲကပဲ သင့်လျော်ရာရာကို တာဝန်ပေးရမလား တစ်ခုခုကိုတော့ ဆုံးဖြတ်ဖို့ လိုပါလိမ့်မယ်။

လူသစ်ပဲဖြစ်ဖြစ်၊ လူဟောင်းပဲဖြစ်ဖြစ် အားသာချက်နဲ့ အားနည်းချက်ဆိုတာကတော့ ဒွန်တွဲတည်ရှိနေကြမှာပါ။ တက်ကြွပေမယ့် အတွေ့အကြုံနည်းတဲ့ လူသစ်နဲ့လုပ်ငန်းခွင်မှာ အီလည်လည် ဖြစ်နေပေမယ့် ယုံကြည်စိတ်ချရတဲ့ လူဟောင်းများကို ရွေးချယ်ရတာဟာ တစ်ခါတစ်ခါ ခက်ခဲတတ်ပါတယ်။ အရေးကြီးတာက အားကောင်းမောင်းသန် "ပင်ပျို" တွေ ကြံ့ခိုင်နိုင်အောင် ဆောင်ရွက်ပေးပြီး အဲဒီ "ပင်အို" ကြီး များကို ရွက်နုထွက်စေရေးဆောင်ရွက် ပေးနိုင်တာနဲ့အမျှ အဲဒီကုမ္ပဏီရဲ့ "ဟာမိုနီ" ဖြစ်မှုကို ရရှိစေနိုင်ပါလိမ့်မယ်။ ဒီကတစ်ဆင့် သင့်တင့်လျောက်ပတ်တဲ့ ကိုယ့်ရဲ့ညာလက်ရုံးကို ရွေးချယ်ခွင့် ရရှိကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

"ဆွန်ဇူး" ရဲ့ သေနင်္ဂဗျူဟာ ကျမ်းထဲမှာကတော့ ဒီလို တွေ့ရဖူးပါတယ်။ "ဉာဏ်ပညာကြွယ်ဝတဲ့ စစ်သူကြီးဟာ သူ့လူတွေကို အရည်အသွေးများအလိုက် လူမှန်နေရာမှန် နေရာချထားပြီး စွမ်းရည်ထက်မြက်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်လာအောင် ဖန်တီးနိုင်စွမ်း ရှိကြပါတယ်"တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ရေးသားခဲ့တဲ့ စစ်သေနင်္ဂဗျူဟာကျမ်းဟာ ဒီနေ့အထိ မှန်ကန်ပြည့်စုံနေဆဲပဲ ဖြစ်ပါတယ်။ စစ်ရေးသာမက စီးပွားရေးမှာလည်း ဒီဗျူဟာတွေကို အခြေခံပြီး မိမိတို့ရဲ့ထိုးထွင်းတီထွင်ဖန်တီးနိုင်မှု အတိမ်အနက်များအလျောက် အသုံးပြုနေကြပါတယ်။

တစ်ခါတစ်ခါမှာတော့ မိမိအလိုရှိတဲ့ မိမိရဲ့ကိုယ်ပွားညာလက်ရုံးကို ရွေးချယ်ရာမှာ မထင်မှတ်ဘဲ ရွေးချယ်ရခက်လောက်အောင် အရည်အချင်းတူတွေကိုပဲ တွေ့ရတတ်ကြပါတယ်။ အသက်အရွယ်နဲ့လုပ်သက်အရ၊ ပညာအရည်အချင်းအရ၊ လုပ်ငန်းကျွမ်းကျင်မှုအရ မတိမ်းမယိမ်းတွေချည်းပဲ ဆိုပါတော့။ နှစ်ယောက်ခန့်ထားဖို့လည်း မလိုအပ်၊ လိုချင်တာက တစ်ယောက်တည်းဆိုရင် အဲဒီလို ကျဉ်းထဲကျပ်ထဲ ရောက်နေရတဲ့ အခြေအနေမျိုးမှာ ခင်ဗျား ဘယ်လို ဆုံးဖြတ်မလဲ။ ခေါင်းရှုပ်မခံပါနဲ့၊ သင့်လျော်တဲ့ အကြံတစ်ခု ပေးပါရစေ "ဓားပါတဲ့ကုလား" ကိုသာ ခင်ဗျားရွေးလိုက်ပါ။ ထပ်ပြောပါရစေ၊ "ဓားပါတဲ့ကုလား" ကိုသာ ရွေးလိုက်ပါ။

တစ်ခါက နှစ်ဆယ့်တစ်ပေါက် ကစားနေကြတဲ့ ဖဲဝိုင်းတစ်ခုမှာ ဒိုင်က "ကုလားနှစ်ကောင်ကို ကိုင်ပြီး ထိုးသားတွေကို ဖမ်းပါတယ်၊ သေတဲ့သူ၊ နှစ်ဆယ် မပြည့်တဲ့သူတွေဆီက ထိုးကြေးတွေကို စားပစ်လိုက်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ဦးကို ဖဲလှန်ခိုင်းလိုက်တဲ့အခါ ကုလားနှစ်ကောင်ပဲ ဖြစ်နေလေတော့ ဒိုင်က စားလည်းမစား၊ လျော်လည်းမလျော်ဘဲ သရေ(ပြန်) ခိုင်းပါတယ်။ ဒီတော့ ထိုးသားက မကျေနပ်ဘဲသူ့ကို လျော်ကိုလျော်ရမယ် လို့ပြောပါတယ်။ ဘာကြောင့်လဲလို့ မေးတဲ့အခါ "ကုလားချင်းတူပေမယ့် သူ့ကုလားမှာ ဓားပါသတဲ့" လေ။ ဟုတ်တော့လည်း ဟုတ်တယ်။ ဒိုင်ရဲ့ကုလားက ဓားမပါတဲ့ ကွင်းကုလားဖြစ်ပြီး သူ့ကုလားကတော့ လက်ထဲမှာ ဓားပါတဲ့ဂျက်ကုလား ဖြစ်နေတာကိုး။

ဒီတော့ အရည်အချင်းတူနေတဲ့ လူနှစ်ယောက်ကိုများ တိုက်တိုက်ဆိုင်ဆိုင် ရွေးချယ်ရတော့မယ်ဆိုရင် "ဓားပါတဲ့ ကုလား" ကို ရွေးချယ်ကြတာဟာ အကောင်းဆုံးပါပဲ။ ဒီတော့ ဓားပါ မပါ ဘယ်လို သိနိုင်မလဲလို့ ဆင်ခြေ တက်နိုင်ပါသေးတယ်။ ဒီတော့ "Leader are Actor" ဆိုတဲ့ စကားအရ A C T O R စကားလုံးငါးလုံးထဲက နောက်ဆုံး စကားလုံးဖြစ်တဲ့ Rကို ကိုယ်စားပြုထားတဲ့ "Resourceful" ကို ရွေးကြည့်ပါ။ ကြံရည်ဖန်ရည်ရှိတဲ့ သူ၊အရေးအကြောင်းတဲ့ဆိုရင် ထိုးထွင်းကြံဆပြီး ထိထိရောက်ရောက် ထက်ထက်မြက်မြက် လုပ်နိုင်တဲ့သူကို တွေ့ရပါလိမ့်မယ်။ ကျေနပ်ရဲ့လား၊ မကျေနပ်သေးရင် အခြားစကားလုံးလေးမျိုးထဲက သင့်လျော်ရာ ထပ်မံရွေးချယ်နိုင်သေးရဲ့။ ကျန်တဲ့ A.C.T.O စကားလုံး များနဲ့ အဲဒီစကားလုံးများ ကိုယ်စားပြုတဲ့ အချက်တွေနဲ့လည်း စဉ်းစားရွေးချယ် ကြည့်နိုင်ပါသေးတယ်။ ကျေနပ်မှုရတဲ့အထိ ဆိုပါတော့။

ဥပမာ တစ်ခုပြောပါရစေ။ တစ်ခါက ဗိုလ်ချုပ်ကြီးတစ်ယောက်ဟာ သူ့ရဲ့လက်ထောက်စစ်အရာရှိ တစ်ဦးခန့်ထားဖို့အတွက် အခြေအနေ ဖြစ်လာသတဲ့။စာရွက်တစ်ရွက်ပေါ်မှာ အလားအလာ ရှိမယ်လို့ထင်တဲ့ သူတွေရဲ့စာရင်းကို အရင်ရေးကြည့်သတဲ့။ ဗိုလ်ကြီး၊ ဗိုလ်လေးတွေ အစုံပဲဆိုပါတော့။ ကျေနပ်အားရမှုရှိတော့မှ လက်ရွေးစင်အဖြစ် ရွေးချယ်ထားတဲ့သူတွေကို တန်းစီစေပြီး "ရဲဘော်တို့ ဟောဟိုနားမှာ အရှည်၈ပေ၊ အကျယ် ၄ပေ၊ အနက် ၆လက်မရှိတဲ့ ကတုတ်ကျင်း တစ်ခုတူးကြပါ" လို့ အမိန့်ပေးသတဲ့။ ချက်ချင်းပဲ အားလုံးဟာ ပစ္စည်းကိရိယာတွေ ထုတ်ယူပြီး အမိန့်အတိုင်း ဆောင်ရွက်ဖို့ ပြင်ဆင်ကြတာပေါ့။

ဒါပေမယ့် အရှည်ရော၊ အကျယ်ရော ပြဿနာ မရှိပေမယ့် အနက်က ၆လက်မဆိုတော့ "ဘာလို့ ဒီလောက် တိမ်တဲ့ ကတုတ်ကျင်းကို တူးခိုင်းရတာလဲ၊ လူမပြောနဲ့ သေနတ်တစ်လက် ချထားရင်တောင် လုံခြုံမှာမဟုတ်ဘူး" လို့ တီးတိုးပြောဆိုဝေဖန်နေတဲ့ သူတွေရှိကြသလို..."ရည်ရွယ်ချက် တစ်ခုတော့ရှိရမယ်၊ ဘာလဲတော့ မသိဘူး" ဆိုပြီး ပဟေဠိကို အဖြေညှိနေတဲ့ သူတွေလည်း ရှိနေကြပြန်တယ်။ တချို့ကတော့ နေပူလွန်းလို့ ခဏနေမှ တူးမယ်ကွာ၊ စစ်မြေပြင်မှ မဟုတ်ဘဲဆိုပြီး ထိုင်ဆေးလိပ်သောက်နေကြသူတွေ ရှိသလို၊ အေးအေးဆေးဆေး လုပ်ကြတာပေါ့ဆိုပြီး အလုပ် မလုပ်ခင်နားနေတဲ့ သူတွေလည်း ရှိသတဲ့။ အရာရှိငယ် တစ်ယောက်ကတော့ "ဗိုလ်ချုပ်ကြီး ဘယ်ရည်ရွယ်ချက်နဲ့ ခိုင်းခိုင်း အမိန့်ပေးတဲ့ အတိုင်းလုပ်ရမှာက ငါ့တာဝန်ပဲ" ဆိုတဲ့ စိတ်နဲ့သတ်မှတ်ထားတဲ့နေရာမှာ၊ သတ်မှတ်တဲ့အတိုင်းအထွာများ အတိုင်းက တုတ်ကျင်းတစ်ခုကို အပြီး တူးလိုက်သတဲ့။ ခပ်လှမ်းလှမ်းက အကဲခတ်နေတဲ့ ဗိုလ်ချုပ်ကြီးဟာ သူ့ရဲ့လက်ထောက်အဖြစ် အမိန့်နာခံတဲ့၊ တာဝန်ကျေတဲ့ အဲဒီအရာရှိငယ်ကို ချက်ချင်းပဲ ခန့်ထားလိုက်သတဲ့။ ဒါဟာ ဘာကို ဖော်ပြသလဲဆိုရင် လူချင်းတူပေမယ့် အသက်ရှူချင်း ကွဲတဲ့အကြောင်း ... "ကုလားချင်းတူပေမယ့် ဓားပါတဲ့ ကုလား" များလည်း ရှိနေကြောင်း သိနိုင်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

လုပ်ငန်းတွေကို ခေါင်းဆောင်ကြမယ့်၊ တာဝန်ယူကြမယ့် သူတွေဟာ ဘယ်လို အကျိုးအကြောင်းကြောင့်ပဲ ဖြစ်စေ မိမိအလုပ်ကို ကောင်းကောင်းမွန်မွန် ပိုင်းဖြတ်ချက်ရှိရှိ လုပ်ကိုင်ရဲတဲ့ သူတွေပဲ ဖြစ်ရပါမယ်။ ဘယ်လို အခက်အခဲပဲ ဖြစ်ဖြစ် အမှီခိုကင်းစွာနဲ့ ထိုးထွင်းကြံဆ ဖြေရှင်းနိုင်သူတွေလည်း ဖြစ်ရပါမယ်။ မိမိကိုယ်ကို တာဝန်ယူနိုင်သလို မိမိနဲ့ပူးပေါင်းဆောင်ရွက်နေသူ ဝန်ထမ်းများကိုလည်း တာဝန်ခံနိုင်သူ ဖြစ်နေရမှာကတော့ အသေအချာပါပဲ။ အဲဒီလိုလူမျိုးဟာ လူထဲက လူတွေဖြစ်ပေမယ့် ထူးချွန်ပြောင်မြောက်သူတွေ ဖြစ်နေတာကတော့ ငြင်းမရပါဘူး။ သူတို့ဟာ ဂဏန်းအရေအတွက် နည်းနည်းသာ ရှိတတ်ပေမယ့် တစ်နည်းအားဖြင့် "ဓားပါတဲ့ကုလား" တွေလို့ ဆိုနိုင်ပါတယ်။

ဆံဖြူသွားကျိုး အဘိုးအိုကမ္ဘာကြီး

လူထုစိန်ဝင်း

"လူဦးရေ ပေါက်ကွဲမှုကြီးဖြစ်နေပြီ"

"တိုးပွားလာတဲ့လူဦးရေနဲ့ စားနပ် ရိက္ခာထုတ်လုပ်မှု မမျှမတဖြစ်လာပြီး ကမ္ဘာကြီး ဝရုန်းသုန်းကား ဖြစ်လာ လိမ့်မယ်"

"မိသားစုစီမံကိန်းစနစ်တကျ မလုပ်ရင် ကမ္ဘာကြီး ဒုက္ခရောက်လိမ့်မယ်"

ခြောက်ဆယ် ဦးပိုင်းကာလတွေက ကျယ်ကျယ်လောင်လောင် အော်ဟစ်ခဲ့ကြတဲ့ အသံတွေဖြစ်ပါတယ်။ ဒီအသံတွေကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ထက် ပိုမမွေးဖို့ လှုံ့ဆော်တာတွေ၊ သန္ဓေတားဆေးတွေ အလကား ဝေပေးတာတွေ စတဲ့ လုပ်ရပ်တွေ ကမ္ဘာတစ်ခုလုံး အုန်းအုန်း ကျွက်ကျွက် လုပ်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်က ဇီဝဗေဒပညာရှင် (Paul Ehrlich) ပေါလ်အားလစ်ခ်ျ ရေးတဲ့ "The population Bomb" ဆိုတဲ့ စာအုပ်ဟာ ကမ္ဘာကျော်သွားခဲ့ပါတယ်။ MITလို့ခေါ်ကြတဲ့ ကမ္ဘာကျော် မက်ဆာကျူးဆက်စက်မှု တက္ကသိုလ်သုတေသီ တွေကလည်း ကမ္ဘာကြီးမှာ မကြာမီကာလအတွင်း လူဦးရေ အဆမတန် တိုးပွားလာမှုကြောင့် ရွှေ၊ ရေနံနဲ့စိုက်ပျိုးစရာ မြေကြီးတွေ ကုန်ခန်းသွားလိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့ကြပါတယ်။

အဲဒီလို အလန့်တကြား ဟောကိန်းတွေ ထုတ်ခဲ့ကြတဲ့အချိန်က ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၄ဝဝဝကျော် လောက်ရှိပါတယ်။ အခုကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၆၁ဝဝရှိ နေပါပြီ။ ရွှေနဲ့ရေနံတွေ ကုန်ခန်း မသွားခဲ့ပါဘူး။ စိုက်ပျိုးမြေတွေလည်း ကုန်ခန်းမသွား ခဲ့ပါဘူး။ကမ္ဘာလုံးဆိုင်ရာ ဒုဗ္ဘိက္ခန္တရကပ်ကြီးလည်း ဆိုက်ရောက် မလာခဲ့ပါဘူး။

သိပ္ပံပညာရှင်တွေနဲ့လူမှုရေး ပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်လောက်က တစ်မျိုးအော်ဟစ်ခဲ့ကြပြီး ဒီနေ့ခေတ်တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ အယူအဆမျိုးတွေ အော်ဟစ်ပြောဆိုနေကြပြန်ပါပြီ။

"ကမ္ဘာတစ်ခုလုံး ကလေးမွေးဖွားနှုန်းတွေ ကျဆင်းနေတဲ့အတွက် ကမ္ဘာကြီးဟာ ဆံဖြူသွားကျိုး အဘိုးအိုကြီးဖြစ်နေပြီ"

"ကလေးတွေနည်းပြီး လူအိုတွေ များနေလို့ အလုပ်လုပ်မယ့် သူမရှိမှာ စိုးရိမ်နေရတယ်"

ဒီနေ့ နေရာတကာမှာ ကြားနေရတဲ့ အသံတွေဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီနေ့ ကမ္ဘာကြီးတစ်ခုလုံးမှာ ကလေးမွေးဖွားနှုန်း ကျဆင်းနေပါတယ်။ တစ်ချိန်က ကလေးတွေ များများမွေးမှ သဘောကျတတ်တဲ့ အီတလီလိုနိုင်ငံမျိုးမှာတောင် အခုဆိုရင် မွေးနှုန်းက အမျိုးသမီးတစ်ယောက်မှာ ကလေး ၁.၁၈သာ မွေးပါတော့တယ်။ ဥရောပတိုက်ရဲ့ လွန်ခဲ့တဲ့ ၁ဝနှစ်မွေးဖွားနှုန်း က ၁.၇၂ဖြစ်ရာက အခု ၁.၄၆သာရှိပါ တော့တယ်။ အာရှတိုက်မှာ အရင် ၁ဝ နှစ်က အမျိုးသမီးတစ်ယောက်မှာ ကလေးသုံးယောက် မွေးရာက အခုဆိုရင် ၂.၅၄သာ မွေးပါတော့တယ်။ ဘရာဇီးနိုင်ငံမှာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝကျော်က မွေးဖွားနှုန်း ၆.၃ ရှိရာက အခု ၂.၃သာရှိပါတော့တယ်။ ကုလသမဂ္ဂက ကောက်ယူခဲ့တဲ့ စာရင်းများအရ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ မွေးဖွားနှုန်းဟာ အမျိုးသမီးတစ်ယောက်ကို ၁.၅၇သာ ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ ၄၈နိုင်ငံရဲ့ လက်ရှိ မွေးဖွားနှုန်းက ၅.၇၄ဖြစ်ပါတယ်။ ၂ဝ၅ဝပြည့်နှစ် ရောက်ရင် ၂.၅၁အထိ ကျဆင်းသွား လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်နိုင်ငံမှာ ကလေးတစ်ယောက်တည်းရှိတဲ့ မိသားစုတွေ တစ်နေ့တခြား တိုးပွားလာနေတယ်လို့ ဆိုပါတယ်။ ၁၉၇၆ခုနှစ်က ၉.၆ရာ ခိုင်နှုန်းသာ ရှိရာက ၁၉၉၈ခုနှစ်မှာ ၁၇ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဂျာမနီနိုင်ငံမှာတော့ ကလေးတစ်ယောက်တည်းရှိတဲ့ မိသားစုဟာ ၁၉၇၂ခုနှစ်က ၄၆ရာခိုင်နှုန်း ရှိရာက ၁၉၉၉ခုနှစ်မှာ ၅ဝရာခိုင်နှုန်း ကျော် ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာတော့ ကလေးတစ်ယောက်သာ မွေးဖို့ဥပဒေလုပ်ပြီးကို တားဆီးထားပါတယ်။

အာဖရိကတိုက်မှာလည်း မွေးဖွားနှုန်း ကျဆင်းနေပါတယ်။ ဒါပေမယ့် တခြားဒေသတွေနဲ့ စာရင်တော့ မြင့်နေပါသေးတယ်။ ၁၉၉ဝပြည့်နှစ်က ၆.၂၆ရှိရာက အခု ၅.၅၇ရှိပါတယ်။

မွေးဖွားနှုန်းတွေ တစ်ကမ္ဘာလုံးမှာ ကျဆင်းနေတယ်ဆိုပေမယ့် ကမ္ဘာ့လူဦးရေကတော့ တိုးတက်မြဲ တိုးတက်နေပါတယ်။ ခုလက်ရှိ ကမ္ဘာ့လူဦးရေ က ၆.၁ဘီလျံရှိရာက ၂ဝ၅ဝပြည့်နှစ်မှာဆိုရင် ၉.၃ဘီလျံရှိလိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အဲဒီ ကမ္ဘာ့လူဦးရေရဲ့ အများစုဟာ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာ နေကြလိမ့်မယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ လူ၁ဝဦးမှာ ၉ဦးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေကြလိမ့်မယ်။ လူ၆ဦးမှာ တစ်ဦးဟာ အိန္ဒိယနိုင်ငံမှာ နေလိမ့်မယ်လို့ သိရပါတယ်။

မွေးဖွားနှုန်းလျော့ကျလာခြင်းဟာ ကောင်းတဲ့လက္ခဏာ ဖြစ်တာမှန်ပေမယ့်လို့ တခြားဘက်က ကြည့်ပြန်တော့ မွေးဖွားနှုန်း လျော့ကျခြင်းက လူအို လူမင်းနှုန်း တိုးပွားလာခြင်းကို ပြနေတာဖြစ်တာကြောင့် ဆင်းရဲနိုင်ငံများအဖို့ ဝန်ထုပ်ဝန်ပိုး ကြီးမားလာစေလိမ့်မယ်လို့ ဆိုကြပါတယ်။ လာမယ့်နှစ် ၅ဝ အတွင်းမှာ အသက် ၆ဝကျော်တွေက သုံးဆတိုးလာပြီး အသက်၈ဝကျော်တွေက ငါးဆတိုးလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်က ကောက်ယူထားတဲ့ စာရင်းအရ အခု လက်ရှိအခြေအနေမှာ အလုပ်လုပ်နေသူ ၁ဝဝမှာ အလုပ်မလုပ်တော့တဲ့ ပင်စင်စား၁၁ယောက်ရှိရာက လာမယ့်နှစ် ၅ဝမှာ အလုပ်သမား ၁ဝဝမှာ ပင်စင်စား ၂၆ယောက် ရှိလာလိမ့်မယ်လို့ သိရပါတယ်။ အဲဒီလို မွေးဖွားနှုန်း ကျဆင်းပြီး ကလေးတစ်ယောက်သာ ယူကြတဲ့ အိမ်ထောင်စုတွေ များပြားလာရတဲ့ အကြောင်းရင်းက အမျိုးသမီးတွေ အလုပ်လုပ်တဲ့ နှုန်းတိုးတက် များပြားလာလို့ ဖြစ်တယ်လို့ဆိုပါတယ်။ ကလေးတစ်ယောက်သာရှိကြတဲ့ မိသားစုတိုင်းက သူတို့ဘဝကို ကျေနပ်နေကြပါတယ်။ ကလေး တစ်ယောက်သာ ရှိတဲ့အတွက် အကောင်းဆုံးပညာရေးကို ပေးနိုင်တယ်၊ အကောင်းဆုံးထားနိုင်တယ်လို့ ယူဆကြပါတယ်။

Wednesday, April 2, 2008

ငယ်ငယ်က ကျူရှင်အားကိုး၊ ကြီးတော့ ပွဲစားအားကိုး

လူထုစိန်ဝင်း

လူငယ်တွေအကြောင်း အရေး များသူဖြစ်လို့ လူငယ်တွေ မကြာခဏ ရောက်လာပြီး မေးမြန်းဆွေးနွေးတတ် ကြပါတယ်။ တချို့ကတော့ ဖုန်းနဲ့ ဆက်ပြီးပြောတတ်ကြတယ်။ တချို့က စာနဲ့ရေးပြီး ဆွေးနွေးတာ၊ မေးမြန်း တာ၊ အကူအညီတောင်းတာ လုပ် တတ်ကြပါတယ်။

အလှမ်းကွာဝေးတယ

အခုတလောတော့ စာနယ်ဇင်း တွေမှာ နိုင်ငံခြားကျောင်းကြော်ငြာ တွေ ပလူပျံ ပေါများနေတာကြောင့် လားမသိ၊ ပညာရေးနဲ့ပတ်သက်ပြီး မေးမြန်းဆွေးနွေးတာတွေများပါ တယ်။ အထူးသဖြင့်တော့ နယ်က လူ ငယ်လုံမငယ်လေးတွေက ပိုပြီး မေး ကြ၊ မြန်းကြတယ်။ နယ်မှာဆိုတော့ ရန်ကုန်နေ ကလေးတွေလို မြင်ကွင်း (scope)က သိပ်မကျယ်ဘူးမဟုတ် လား။နယ်မှာက TOEFL တို့၊ IELTS တို့၊ GRE တို့၊ GMATHS တို့ဆိုတာ တွေ ပြောတာဆိုတာမျိုးလည်း တယ် ပြီး မကြားရဘူးလေ။ ဒီတော့ နယ် ဘက်က လူငယ်လေးတွေခမျာ ပညာ ရေးနဲ့ပတ်သက်ရင် တော်တော်လေး ကို အလှမ်းဝေးနေကြရှာပါတယ်။ စာ နယ်ဇင်းတွေ အဖတ်အရှု ပုံမှန်ရှိတဲ့ လူငယ်တွေသာ သိပ်ပြီးမစိမ်းကြတာ ပါ။ စာဖတ်ကျင့်ရှိပြီး ပညာရေးဘက် စိတ်အားထက်သန်သူ လူငယ်တချို့က နိုင်ငံခြားသွားပြီး ပညာသင်ချင်ရင် ဘာကဘယ်လို စလုပ်ရမလဲ၊ ပညာ သင်ထောက်ပံ့ကြေး(စကောလားရှစ်) ဘယ်လိုလျှောက်ရမလဲဆိုတာတွေ စုံ စမ်းမေးမြန်း အကူအညီတောင်းတတ် ကြပါတယ်။

ပွဲစားလိမ

ဒီမနက် ဂျာနယ်တွေဖတ်ရင်းနဲ့ ဂျာနယ်တစ်စောင်မှာ စင်ကာပူ ကျောင်းသွားတက်ချင်တဲ့လူငယ်တွေ ဆီက သိန်းပေါင်း ၁ဝဝဝလောက် ယူပြီး တိမ်းရှောင်ထွက်ပြေးနေတဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု အကြောင်း ရေးထားတာဖတ်လိုက်ရ ပါတယ်။ အများကြီး စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီလိုကိစ္စမျိုး အရင်က လည်း ကြားဖူးပါတယ်။ ဒီလို အလိမ် ခံလိုက်ရသူများဟာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ ဖတ်လေ့ဖတ်ထ မရှိကြလို့သာဖြစ်ရတယ်လို့ ထင်ပါ တယ်။ စာတွေမှန်မှန်ဖတ်နေရင် ‘ပွဲ စားလိမ်’ တွေအကြောင်း သိကြမှာပါ။ ဒီလိုအဖြစ်မျိုးတွေ မကြုံတွေ့ရလေ အောင် ကြားလူတွေ ‘ပညာရေးပွဲစား’ တွေကို အားမကိုးဘဲ ကိုယ့်အားကိုယ် ကိုးပြီး ကိုယ်တိုင်လုပ်ကြဖို့ အကြံပြု လိုပါတယ်။ ကွန်ပျူတာခေတ်၊ အင် တာနက်ခေတ်ကြီးမှာ ကိုယ်သိချင်တာ ဘာမဆို အင်တာနက်ထဲမှာ ရှာယူနိုင် ပါတယ်။ ကျောင်းတွေအကြောင်း၊ စကောလားရှစ်တွေအကြောင်း၊ တစ် ကမ္ဘာလုံးကဟာတွေကို သိနိုင်ပါ တယ်။ ကျောင်းလျှောက်ချင်ရင်လည်း ‘အွန်လိုင်း’ က လျှောက်နိုင်ပါတယ်။ ကိုယ်တက်ချင်တဲ့ကျောင်းကို စုံစမ်း မေးမြန်းလိုက်တာနဲ့ အဲဒီကျောင်းက မြန်မာနိုင်ငံမှာ တရားဝင် ခန့်အပ်ထား တဲ့ကိုယ်စားလှယ်ရှိရင် ကိုယ်စားလှယ် ဆီမှာလျှောက်လွှာတင်ပါလို့အကြောင်း ပြန်ပါလိမ့်မယ်။ အဲဒီလို တရားဝင်ခန့် အပ်ထားတဲ့ကိုယ်စားလှယ်မျိုးက မလိမ်ပါဘူး။ ဝန်ဆောင်ခလည်း မပေး ရပါဘူး။ ကျောင်းကပေးတဲ့ကော်မရှင် ကိုသာ ရယူကြတာဖြစ်ပါတယ်။

ဘာမဆို ကိုယ်တိုင်လုပ်

ကိုယ်စားလှယ်မရှိလို့ ကိုယ်တိုင် လျှောက်လည်း မခက်ပါဘူး။ ‘အွန် လိုင်း’ ကလျှောက်နိုင်သလို စာရွက်နဲ့ လျှောက်ရင်လည်း အောင်လက်မှတ် မိတ္တူတွေ၊လျှောက်လွှာတွေကို အမြန် ချောပို့နဲ့ ပို့လို့ရပါတယ်။ ကျောင်းတချို့ ကလျှောက်လွှာတင်ကြေး(application fee) တောင်းတတ်ပြီး ကျောင်းတချို့ ကတော့ မတောင်းပါဘူး။ မတောင်း တဲ့ကျောင်းဆိုရင် ဘာပြဿနာမှမရှိ တော့ပါဘူး။ တောင်းတဲ့ကျောင်းဆိုရင် အဲဒီပိုက်ဆံ(သိပ်များများစားစား မဟုတ်ပါဘူး)သွင်းပေးနိုင်တဲ့ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ယောက် နိုင်ငံ ခြား တစ်နိုင် နိုင်ငံမှာ ရှိနေဖို့တော့ လိုပါတယ်။ သူက ‘အွန်လိုင်း’ ကနေ ပြီးပဲ လွှဲပေးရင် ရပါပြီ။ သူ့အတွက် အလုပ်မရှုပ်ပါဘူး။ ကျောင်းလျှောက် လွှာတင်ကြေးတောင်းလေ့ရှိတာက အများအားဖြင့် ဒေါ်လာသုံး၊ လေး၊ ငါးဆယ်လောက်မို့ နိုင်ငံခြားမှာနေသူ တစ်ဦးအဖို့ ဝန်လေးလှမှာမဟုတ်ပါ ဘူး။ အဲဒီလို မိတ်ဆွေတစ်ယောက်မှ မရှိရင်တော့ ကျောင်းအေးဂျင့်ကို ရှာ ရုံပါပဲ။ ကျောင်းက တရားဝင်ခန့်ထား တဲ့ကိုယ်စားလှယ်အစစ်အမှန် ဟုတ်၊ မဟုတ်ကို ဆန်းစစ်ဖို့သာ လိုပါတယ်။ တရားဝင် ကိုယ်စားလှယ်အစစ်အမှန် ဆိုရင် လိုအပ်သမျှအားလုံး ကူညီ ဆောင်ရွက်ပေးမှာပါ။ဘာဝန်ဆောင်ခ မှ မပေးရပါဘူး။ တချို့ကလျှောက်လွှာ တွေ ပို့ပေးရတဲ့အမြန်ချောပို့ခယူတတ် ပေမဲ့ တချို့ကတော့ သူတို့ကပဲ တာ ဝန်ယူ ပို့ပေးပါတယ်။ ကျောင်းက သူတို့ကို ကော်မရှင်ပေးပါတယ်။ ဒါပဲ ယူကြပါတယ်။

ဂိမ်းပဲ ကစားမနေနဲ့

ဖြစ်နိုင်ရင်တော့ လူငယ်တွေ ဘာမဆို ကိုယ်တိုင်လုပ်စေချင်တယ်။ ဒါမှ လုပ်တတ်မှာပါ။ ငယ်ငယ်က ကျူရှင်အားကိုးတဲ့အကျင့်၊ ပြီးတော့ ကြားလူ၊ ကြားပွဲစားအားကိုးတဲ့အကျင့် ဖျောက်သင့်ပါပြီ။ သူများကိုအားကိုး တဲ့စိတ် ရှိနေသမျှ ကာလပတ်လုံး ကိုယ်ရည်ကိုယ်သွေး ဘယ်တော့မှ တောက်ပြောင်လာမှာမဟုတ်ပါဘူး။ အင်တာနက်ခေတ်ကြီးမှာ ကွန်ပျူတာ ကိုခိုင်းပြီး ကိစ္စတော်တော်များများ ကိုယ့်ဘာသာကိုယ် လုပ်နိုင်ပါပြီ။ ကွန် ပျူတာကို ဂိမ်းကစားဖို့လောက်၊ chatting လုပ်ဖို့လောက် သဘော မထားပါနဲ့။ ဝက်ဘ်ဆိုက်တွေ အထောင်အသောင်းကို ဝင်ရောက်မွှေ နှောက်ပြီး ပညာဗဟုသုတတွေရှာဖွေ ဆည်းပူးကြစေချင်တယ်။ ဒီလိုလုပ်ရင် ကြားလူ၊ ကြားပွဲစားတွေ အားကိုးစရာ မလိုတော့ပါဘူး။ အလိမ်ခံရစရာ အကြောင်းလည်းမရှိတော့ပါဘူး။

ကွန်ပျူတာမရှိရင် မဖြစ်တော့ ဘူးလား။ စိတ်မလျှော့ပါနဲ့။ ဖြစ်ပါ တယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တွေ မှန်မှန်သာ ဖတ်ပေးပါ။ ခုခေတ် ပေါ်ဂျာနယ်တွေ အတော်များများက ပညာရေးကို အထူးဦးစားပေးပြီး ရေး သားဖော်ပြပေးနေကြပါတယ်။ အဲ ...ဂျာနယ်တွေမှာပါတဲ့ ကျောင်း ကြော်ငြာဆိုတာတွေကိုသာ နည်း နည်းလေး သတိထားပြီး ချင့်ချင့်ချိန် ချိန်၊ စဉ်းစဉ်းစားစား ဖတ်ပါလို့အကြံ ပြုလိုက်ပါတယ်။Justify Full

Tuesday, March 11, 2008

လေယာဉ်တွေကို ဘယ်မောင် မောင်းပါ့မယ်

ဦးလှမြင့်(မားကက်တင်း)

လေကြောင်းခရီးသွားလာရေးမှာ စည်ပင်ဖွံ့ဖြိုးနေသည်။ ဒါဆိုလျှင် ဖိလစ် ပိုင်လေကြောင်းလိုင်းမှ အမှုဆောင်အရာ ရှိများက ဘာ့ကြောင့်ပူပန်ကြောင့်ကြဖြစ် နေကြရပါသလဲ။ အကြောင်းက ထွေထွေ ထူးထူးတော့မဟုတ်။ ၂ဝဝ၃ခုနှစ်မှစ၍ ထိုး တက်လာခဲ့သည့်လေကြောင်းသွားလာမှု ကြောင့် ယင်းလေကြောင်းလိုင်းအနေနှင့် ယင်းတို့၏အဖိုးတန်အတွေ့အကြုံရင့် လေ ယာဉ်မှူး(ပိုင်းလော့များ)ကို ဆုံးရှုံးနေရ သည်။ လွန်ခဲ့သည့်လေးနှစ်အတွင်း ပျံ သန်းရေးဘက်ဆိုင်ရာဝန်ထမ်းများ နုတ် ထွက်မှု ၁ဝ၄ခုရှိခဲ့သည်။ အခြားလေ ကြောင်းလိုင်းများ၏ဆွဲယူခြင်းခံရသည့် အတွက်ကြောင့်ဖြစ်သည်။ဒါကြောင့်လည်း ဖိလစ်ပိုင်လေကြောင်းက လစာကို ၆ဝရာ ခိုင်နှုန်းအထိ တိုးမြှင့်ပေးရသည်။

ဖိလစ်ပိုင်လေကြောင်းတစ်ခုတည်း က ယင်းအဖြစ်နှင့်ကြုံသည်မဟုတ်။ ဟောင်ကောင်အခြေစိုက် ပြိုင်ဘက်ဖြစ် သည့် Dragonair ကလည်း ယင်းတို့၏ လေယာဉ်မှူးများ အစုလိုက် အပြုံလိုက် ထွက်ခွာမှုကြောင့် လေကြောင်းပျံသန်းမှု များကို လျှော့ချရသည်။ လစာနှင့်ပျံသန်း မှုအစီအစဉ်များကို မကျေနပ်၍ ထွက်ကုန် ခြင်းဖြစ်သည်။ ‘လက်ရှိမှာက လေယာဉ်ပျံ သန်းမှု လုပ်ငန်းတစ်ခုလုံးမှာ လေယာဉ်မှူး အရေအတွက်ထက် လွတ်လပ်နေရာတွေ က ပိုများနေတာဖြစ်တယ်’ ဟု Drago-nair မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စီးပွားရေးကောင်းနေသည့် အာရှ တွင် ယင်းကိစ္စ မှန်သည့်နည်းတူ အထူး သဖြင့် လေယာဉ်မှူးများ ရှားပါးမှုအကျပ် အတည်းသည် ကမ္ဘာနှင့်ချီသည့်ကိစ္စပင် ဖြစ်သည်။ လိုအပ်ချက်နှင့်ပြည့်မီရန် လာ မည့်နှစ်၂ဝအတွင်း လေကြောင်းလိုင်းများ သည် တစ်နှစ်လေယာဉ်မှူးသစ် ၁၇ဝဝဝ ခန့် လိုလိမ့်မည်ဟု ဂျီနီဗာအခြေစိုက် နိုင်ငံ တကာလေကြောင်းသယ်ယူပို့ဆောင်ရေး အသင်း(IATA)၏ နိုဝင်ဘာလ အစီရင်ခံ စာထဲတွင် ဖော်ပြထားသည်။ အာရှလေ ကြောင်းလိုင်းများ တစ်ခုတည်းက နှစ်စဉ် နောက်ထပ်လေယာဉ်မှူး ၆ဝဝဝ လိုအပ် မှာဖြစ်သည်။ ဂျက်လေယာဉ်ဖြင့် ခရီးသွား လာရေးစတင်ခဲ့သည့် ၁၉၅ဝပြည့်လွန်နှစ် များမှစပြီး ယခုကာလလောက် ဖွံ့ဖြိုးမှု ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။ လက်ရှိခန့်မှန်း ချက်သာ မှန်ကန်မည်ဆိုလျှင် လာမည့် ၁ဝ နှစ်အတွင်း လေကြောင်းလိုင်းများသို့ ဝင် ရောက်မည့် လေယာဉ်မှူးအရေအတွက် မှာ လက်ရှိအကြီးဆုံး လေကြောင်းယူနီယံ ရှိ အဖွဲ့ဝင် ၆ဝဝဝဝ ထက် သုံးဆနီးပါးရှိ နိုင်သည်။ ‘ယခုအချိန်က သတိပေးခေါင်း လောင်းထိုးရမယ့်အချိန်ပါ’ ဟု IATA ၏ ညွှန်ကြားရေးမှူးချုပ်နှင့် စီအီးအိုဖြစ်သူက ပြောသည်။

ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပူပန်ရမှုမှာ ကြီးမားသည့်အကြောင်းကိစ္စ ဖြစ်လာနေသည်။ လေယာဉ်ထုတ်လုပ်သူ တို့က ဂျက်လေယာဉ်သစ်များကို လပိုင်း အတွင်း ထုတ်လုပ်ပေးနိုင်သော်လည်း Airbus 340 သို့မဟုတ် Boeing 777 စသည့် ကိုယ်ထည်ကျယ်လေယာဉ်တစ် စင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင် မည့် လေယာဉ်မှူးတစ်ဦး ရရှိရေးမှာ နှစ် များစွာ လက်သပ်မွေးယူရပေသည်။ သည် တွင် လေကြောင်းလိုင်းများက လေယာဉ် မှူးများရရှိအောင် လေ့ကျင့်သင်ကြားပေး မည့်အစား ပြိုင်ဘက်များဆီမှ ဝန်ထမ်းများ အား ဆွဲယူသိမ်းသွင်းသည့်နည်းကို ရွေး ချယ်လေ့ရှိသည်။ အဆင့်အမြင့်ဆုံး လေ ကြောင်းလိုင်းများက ဒုတိယအဆင့်လေ ကြောင်းလိုင်းများမှ ဝန်ထမ်းများကို စု ဆောင်းရယူသည်။ ဒုတိယလေကြောင်း လိုင်းများက တစ်ဖန် ဘတ်ဂျက် သို့မဟုတ် အိပ်စ်ပရက်သယ်ယူပို့ဆောင်ရေးယာဉ် များမှ အလားအလာရှိသူ၊ ထူးချွန်သူတို့ကို စုဆောင်းသိမ်းသွင်းသည်။ အကျိုးခံစားရ သူများက လေယာဉ်မှူးများဖြစ်သည်။ ဂျက်လေယာဉ်ကြီးမောင်းနှင်သူ ဝါရင့် လေယာဉ်မှူးကြီးများမှာ တချို့နေရာတွင် လစာဒေါ်လာ ၁၅ဝဝဝ ရရှိနိုင်သည်။

ယင်းဖြစ်ရပ်သည် စက်တင်ဘာလ ၁၁ရက် အကြမ်းဖက်မှုနောက်ပိုင်းကာလ နှင့် အကြီးအကျယ် ကွာခြားသွားသည်။ အကြမ်းဖက်မှုနောက်ပိုင်း လေယာဉ်လိုင်း များက အစုလိုက် အပြုံလိုက် အလုပ်ဖြုတ် ခြင်းနှင့်လစာလျှော့ခြင်း ပြုလုပ်သည်။ လေယာဉ်မှူးအများအပြားမှာ လေယာဉ် ပျံသန်းခြင်းအလုပ်ကို လုံးဝရပ်ဆိုင်းပစ် လိုက်ပြီး အသက်မွေးဝမ်းကျောင်းအသစ် များရှာကြသည်။ ယခုအခါ လေယာဉ်မှူး များလိုအပ်ချက်မှာ ဆိုးဆိုးရွားရွားဖြစ်လာ သည့်အတွက် အတွေ့အကြုံမရင့်သေး သည့် လေယာဉ်မှူးများကို လေယာဉ် မောင်း ထိုင်ခုံပေါ် တင်ပေးနေကြသည်။ လေယာဉ်မှူးဖြစ်ရေးအတွက် ထောက်ခံ ချက်များကို လျှော့ပေါ့စဉ်းစားရန်အတွက် တောင်းဆိုနေသည်။ တကယ်အားဖြင့် တစ်ဖက်တွင် ဝေဟင်နှင့်မြေပြင်ရှိ လေ ယာဉ်ကွင်းများတွင် လေယာဉ်များက ပိုမို များပြား>ပတ်ကျပ်လာလျက်ရှိသည်။ လေ ယာဉ်မှူးများကို သင်တန်းမှလေယာဉ် မောင်းခန်းထဲအဆောတလျင်ပို့ဆောင်ခြင်း က ဘေးကင်းရေးကိစ္စအတွက် မေးစရာ မေးခွန်းပေါ်လာစေကြောင်း နိုင်ငံတကာ လေကြောင်းပိုင်းလော့များအသင်းဥက္ကဋ္ဌ၊ ကပ္ပတိန်ဂျွန်ပရက်တာက ပြောပါသည်။

အငြိမ်းစား အသက် ၆၅နှစ်သို့ တိုး

လေယာဉ်လိုင်းများက တည့်မတ်ပြု ပြင်မှု အလှည့်အပြောင်းတချို့ကို စတင်ခဲ့ သည်လည်းရှိပါသည်။ အများကျင့်သုံး သည့် မူတစ်ရပ်မှာ လေယာဉ်မှူးများ၏ အငြိမ်းစားအသက်ကို ၆ဝနှစ်မှ ၆၅နှစ်သို့ တိုးမြှင့်ခြင်းပဲဖြစ်သည်။ ဒါက ၁၉၉၆ခုနှစ် ဥရောပသမဂ္ဂကကျင့်သုံးခဲ့သည့်နည်းလမ်း ဖြစ်သည်။ ယင်းလမ်းစဉ်ကို နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့(ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခု)ကလည်း ခြေရာခံ လိုက်ခဲ့သည်။ ယင်းမူဖြင့် ဖိလစ်ပိုင်လေ ကြောင်းလိုင်းက အနားယူပြီးသူ လေယာဉ် မှူးအများအပြားကို ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းအသုံးချခဲ့သည်။ US အောက် လွှတ်တော်ကလည်း US အခြေစိုက်လေ ယာဉ်မှူးများ၏ အငြိမ်းစားအသက်ကို ၆၅ နှစ်သို့ တိုးရန် မဲပေးဆုံးဖြတ်ခဲ့သည်။ အထက်လွှတ်တော်(ဆီးနိတ်)တွင်အတည် ပြုချက်ရယူရန်ရှိနေသည်။

သင်တန်းစနစ်ပြောင်းလဲရန်လို

လေယာဉ်မှူးများ၏အငြိမ်းစားယူ သည့် အသက်ဥပဒေများကို ပြုပြင်ရုံဖြင့် လေယာဉ်မှူးများ ရှားပါးသည့်ကိစ္စက သက်သာမှုမရရှိနိုင်သေး။ သည့်အတွက် ဆန်းစစ်သူများက ၁၉၅ဝပြည့်လွန်နှစ်များ ကထူထောင်ထားခဲ့သည့် လေ့ကျင့်ရေး စနစ်များက ခေတ်မမီတော့ဟု ဆင်ခြေ ပေးသည်။ ယင်းလေ့ကျင့်ရေးစနစ်တွင် သင်တန်းသားတစ်ဦး၏စက်တစ်လုံးတပ် လေယာဉ်တွင် တစ်ဦးတည်းစီးနင်းမောင်း နှင်သည့် နာရီအရေအတွက်က အခရာကျ သည်။ ဆန်းစစ်သူတို့က ယင်းအစား ‘ခွင် တုစက်’ (simulator)ကို ပိုမိုသုံးစွဲရန် လုပ် ငန်းခွင်အတွင်း သင်တန်းအစီအစဉ်များ ထက် ပျံသန်းရေးသင်တန်းကျောင်းများ အပေါ် ပိုမိုအလေးထားရန်နှင့်လေ့ကျင့် ရေးမှလေယာဉ်မှူးအခန်းသို့ အချိန်တိုတို အတွင်း ရောက်ရှိရေး အခြားနည်းလမ်း များကို ထောက်ခံတင်ပြသည်။

အုပ်စုလိုက် ပိုင်းလော့လိုင်စင်စနစ်

ဥရောပက အုပ်စုလိုက် ပိုင်းလော့ လိုင်စင်စနစ်ကို စတင်ကျင့်သုံးသည်။ ယင်း စနစ်အရ သင်တန်းသားများသည် ပိုင်း လော့တစ်ဦးချင်း လိုအပ်ချက်တချို့ကို ရှောင်ကွင်းနိုင်သည်။ တကယ့် လေယာဉ် နှင့်ပျံသန်းချိန်နာရီကို လျှော့ချပြီး ယင်း အစား ခွင်တုစက်ပေါ်တွင် အချိန်ပိုများ စေသည်။ သင်တန်းခန်းမှ လေယာဉ်မှူး ခန်းသို့ တစ်နှစ်လောက်နှင့်ကူးပြောင်း ရောက်ရှိနိုင်သည်။ ဒိန်းမတ်နိုင်ငံမှ ယင်း ကဲ့သို့ လိုင်စင်ရသူ လေယာဉ်မှူးများ လေ ယာဉ်လိုင်းအချို့တွင် အလုပ်ခွင်ထဲရောက် နေသည်။ သို့သော် ပိုင်းလော့ယူနီယံများ က ယင်းစနစ်အရ ထုတ်လုပ်လိုက်သည့် လေယာဉ်မှူးများမှာပျံသန်းချိန်လုံလောက် မှုမရှိဟု ဝေဖန်ပြစ်တင်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြဿနာပိုကြီး

ပြဿနာမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍ကြီးမားသည်။ အင်ဒိုနီးရှားနိုင်ငံကို ကြည့်ပါ။ ၂ဝဝဝပြည့်နှစ်မှစတင်ပြီး ယင်း နိုင်ငံ၏လေယာဉ်ခရီးသွား အရေအတွက် မှာ နှစ်စဉ် သုံးဆတိုးလျက်ရှိပြီး သန်း၃ဝ ရှိလာသည်။ လေယာဉ်လိုင်းများမှာ ၅ခုမှ ၂၅ခုအထိ တိုးလာသည်။ ၂ဝ၁ဝပြည့်နှစ် ရောက်လျှင် လေယာဉ်ပြေးဆွဲသည့် အခေါက်ရေမှာ နှစ်စဉ်နှစ်ဆတိုးလာဖွယ် ရာရှိသည်ဟု အစိုးရကမျှော်မှန်းသည်။ လေယာဉ်မတော်တဆဖြစ်မှုများကြောင့် သေဆုံးမှုများမှာ ဖြစ်သင့်သည်ထက် ပို များသည်ဟု ကျွမ်းကျင်သူတို့ကမှတ်ယူ သည်။ Lion Air မှ လေယာဉ်နှစ်စင်းနှင့် Garuda Indonesia မှ ၆စင်းပါဝင် သည်။ ၂ဝဝ၇ခုနှစ်၊ မတ်လက ပျက်ကျ သည့် Garuda Indonesia မှလေယာဉ် မှာ ဝါရင့်လေယာဉ်မှူးတစ်ဦးနှင့်သူ၏ အတွေ့အကြုံမရှိသည့် လက်ထောက်လေ ယာဉ်မှူးတို့၏အမှားတသီကြီးကြောင့်ဟု ဌာနဆိုင်ရာစူးစမ်းမှုမှ သိရှိသည်။

လေကြောင်းသွားလာရေးဆက်လက်ဖွံ့ဖြိုး ဖွယ်ရှိ

လေကြောင်းသွားလာရေးစန်းပွင့်မှု မှာ အဆုံးသတ်မည့်အချိန် မတွေ့မြင်ရ သေး။ ၂ဝဝ၇ခုနှစ်၊ နိုဝင်ဘာလ ဒူဘိုင်းလေ ယာဉ်ပြပွဲတွင် Emirates Airline က အဲ ယားဘတ်စ်လေယာဉ်အမျိုးအစား ၈၁ စင်းနှင့် Boeing 777 ၁၂စင်းကို အော်ဒါ ပေးခဲ့သည်။ ယင်းတို့ထဲတွင် ကုန်းပတ်နှစ် ထပ်ပါသည့် အဲယားဘတ်စ် A380 ၁၁ စင်း ပါဝင်သည်။ တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃ဘီလျံရှိသည်။ ၂ဝဝ၇ခုနှစ် စာရင်းပိတ်ချိန်တွင် အဲယား ဘတ်စ်နှင့်ဘိုးရင်းကုမ္ပဏီနှစ်ခုက ကမ္ဘာ အနှံ့ စံချိန်တင်လေယာဉ်အစင်း ၂၁ဝဝ ရောင်းချရန် မျှော်လင့်ထားသည်။ လေ ယာဉ်ထုတ်လုပ်မှုတိုးတက်သည်နှင့်အမျှ လေယာဉ်မှူးများ၏လစာကလည်း ဆက် လက်ကောင်းနေမည်သာဖြစ်သည်။

Saturday, March 8, 2008

အလှမကြိုက် လူမိုက်

လူထုစိန်ဝင်း

နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဖွင့်စာသင်နေစဉ်က နေ့စဉ် ဝတ္တရားမပျက်ဆောင်ရွက်ခဲ့တဲ့အလုပ် တစ်ခုရှိပါတယ်။ ကျောင်းသားထိုင် စားပွဲရှည်ကြီးသုံးလုံးနဲ့ ဆရာထိုင် ရုံး စားပွဲတစ်လုံးမှာ အလှစိုက်ပန်းအိုးတွေ ထိုးတဲ့အလုပ်ပါ။ ကိုယ်တိုင်အချိန်ယူ ပြီး စိတ်ရှည်လက်ရှည်လုပ်ပါတယ်။

မုန်ညင်းပွင့်လည်း ပန်းပဲ

ပန်းထိုးဖို့ ပန်းအိုးမျိုးစုံလည်းစု ဆောင်းထားပါတယ်။ အရွယ်စုံ ပန်း စိုက်ဆူးအမျိုးမျိုး၊ ရေမြှုပ်အမျိုးမျိုးနဲ့ အပု၊ အရှည်၊ အဝိုင်း၊ လေးထောင့်၊ သုံးမြှောင့်စသဖြင့် ပန်းအိုးတွေလည်း အလဲလဲအလှယ်လှယ်နဲ့သုံးပါတယ်။ တစ်ခါတလေ တောင်ကြီးအိမ်ကပို့ လိုက်တဲ့အထဲမှာ တစ်တောင်လောက် ရှည်တဲ့ မုန်လာဥကြီးနဲ့မုန်ညင်းတွေပါ လာရင် မုန်ညင်းပွင့်တွေနဲ့မုန်လာဥကို တခြားပန်းတွေနဲ့ရောပြီး ထိုးထား တတ်ပါတယ်။ မုန်ညင်းပွင့်ဝါဝါ ကလေးတွေကို ဘာပန်းလေးတွေ လည်း လှလိုက်တာလို့ အံ့ဩကြသလို မုန်လာဥကြီးကြည့်ပြီး အထူးအဆန်း လည်းဖြစ်နေတတ်ကြပါတယ်။

လူ့စရိုက်ကိုသိဖို့

စားပွဲတိုင်းမှာ ပန်းတွေဝေနေ အောင် ထိုးထားတာဟာ အလှကို ကြည့်ဖို့၊ စိတ်ကြည်နူးစေဖို့ သက်သက် မဟုတ်ပါဘူး။ ပညာသင်ကြားခြင်းရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ စားပွဲတွေမှာထိုင်နေတဲ့ကျောင်းသား၊ ကျောင်းသူပေါင်းစုံရဲ့စိတ်ဓာတ်တွေကို လေ့လာလို့ရပါတယ်။ တချို့ကျောင်း သား၊ ကျောင်းသူတွေက ပန်းကလေး တွေ နှစ်သက်စုံမက်စွာ နမ်းကြည့် တတ်ပါတယ်။ တချို့က နွမ်းရော်နေ တဲ့အရွက်ကလေးတွေကို ဂရုတစိုက် ခြွေပစ်တတ်ပါတယ်။ တချို့ကတော့ စကားပြောရင်း အမှတ်မထင် လက်က ပန်းပွင့်ကလေးတွေကို ကိုင်လိုက်၊ ဆွ လိုက်နဲ့ လုပ်တတ်ကြပါတယ်။

အရိုင်းအစိုင်းဘဝ ပြန်ရောက်မယ်

သူတို့တစ်တွေရဲ့သဘာဝကို သိရတဲ့အခါကျတော့ ဘာသင်ပေး သင့်တယ်ဆိုတာ ရွေးချယ်နိုင်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း ယေဘု ယျသဘောနဲ့အလှရဲ့တန်ဖိုးကိုပြောပြ ရပါတယ်။ အလှနဲ့ရသက လူ့လောက ကြီးကို သာယာလှပငြိမ်းချမ်းအောင် စောင့်ရှောက်ထားပုံနဲ့ အလှနဲ့ရသ ဆိတ်သုဉ်းရင် လောကကြီးလည်း အရိုင်းအစိုင်းဘဝကို ပြန်ရောက်သွား ပြီး ကြီးနိုင်ငယ်ညှဉ်း လုပ်ကြရင်းနဲ့ လုံးဝဆိတ်သုဉ်းသွားနိုင်ပုံတို့ကိုပြောပြ ရပါတယ်။

တစ်ထွာပြ တစ်လံမြင်

ဒီခေတ်က အလှပျောက်တဲ့ ခေတ်မဟုတ်လား။ တော်ကြာ အယ်လ်နီညိုနဲ့၊ တော်တော်ကြာ လာနီညာနဲ့ ပူချင်ရင် တအားပူလိုက်၊ အေးချင်ရင် တအား အေးလိုက်နဲ့ လူတိုင်းကိုယ်တွေ့ကြုံနေကြရတာ။ တစ်ကမ္ဘာလုံးမှာလည်း သစ်တော ကြီးတွေပြုန်းတီးလို့ ဖုန်းဆိုးတောတွေ ကျယ်ပြန့်လာလို့၊ မိုးခေါင်လို့၊ ရေကြီး လို့၊ စားနပ်ရိက္ခာတွေ ရှားပါးလို့ စတဲ့ စတဲ့အသံတွေ နေ့တိုင်းမကြားချင် အဆုံးဖြစ်နေတာမဟုတ်လား။ ဒီတော့ အလှရဲ့တန်ဖိုးကို တစ်ထွာပြလိုက် တာနဲ့ တစ်လံလောက် မြင်နေကြပြီ လေ။ သိပ်ပြောလို့ကောင်းတာ။

ဆည်းလည်းသံ တလွင်လွင်

ဒါကို သဘောပေါက်နားလည် တဲ့နိုင်ငံတွေမှာတော့ အလှနဲ့ရသ ပညာအကြောင်းကို မူလတန်းပညာ သင်ရိုးညွှန်းတမ်းမှာကတည်းကထည့် သွင်းရေးဆွဲထားတာ။ ကျောင်းနေစ ကလေးငယ်တွေကို ပန်းပွင့်လေးတွေ ကို စုံမက်တတ်အောင်၊ လိပ်ပြာလေး တွေ၊ ငှက်ကလေးတွေကို ချစ်တတ် အောင် သင်ပေးကြတယ်။ ဂီတရသ ကိုခံစားတတ်အောင်လည်း ညွှန်ကြား ပြသတယ်။ ဒါမျိုးကို လူငယ်တွေသိ အောင်ပြောပြရတယ်။ ဒေါသအမျက် တချောင်းချောင်းထွက်နေတဲ့သူတောင် သာယာညင်းပြောင်းတဲ့တေးသံ၊ ဂီတ သံကို ကြားလိုက်ရတဲ့အခါ အခိုက် အတန့်လေးပဲဖြစ်ဖြစ် စိတ်ဟာ ရုတ်တရက် ငြိမ်သက်သွားတတ်တဲ့ သဘော၊ စိတ်ဆင်းရဲဒုက္ခကြီးစွာခံစား ရပြီး သောကမီးတွေနဲ့ဘယ်လောက်ပဲ လောင်မြိုက်နေပါစေ လေတိုးလို့ တချွင်ချွင်နဲ့ဘုရားဆည်းလည်းသံလေး တွေ ကြားလိုက်ရတဲ့ တဒင်္ဂမှာ ရင်ထဲ အေးခနဲဖြစ်ပြီး အပူမီးလျော့ပါးသွား ရတဲ့ သဘောတွေ ပြောပြရတယ်။

ရမ်ဘိုယဉ်ကျေးမှုလွှမ်းမိုး

လူငယ်တွေ အလှကိုချစ်စေချင် တယ်။ ရသကို ခံစားစေချင်တယ်။ ဒါကြောင့် ဒါတွေကို မကြာမကြာ ပြောပြရပါတယ်။ တစ်နေ့ကပဲ သတင်းစာထဲဖတ်လိုက်ရတယ်။ အမေ ရိကန်လူငယ်လေးတစ်ယောက်က သေနတ်ကိုင်ပြီး မူလတန်းကျောင်း စာသင်ခန်းထဲကို တရစပ်ပစ်သွင်းလို့ ကလေးတွေ သေကြရတဲ့အကြောင်း၊ ဂျပန်မှာလည်း မော်တော်ဆိုင်ကယ် စီး ဘေ့စ်ဘောတုတ်ကိုင်လူငယ်တွေ က လမ်းမှာတွေ့သမျှ မော်တော်ကား မှန်တွေ ရိုက်ခွဲသွားကြတဲ့အကြောင်း သတင်းစာဖတ်ဖတ်၊ ရုပ်မြင်သံကြား ကြည့်ကြည့် နေရာတကာမှာ ရမ်ဘို ယဉ်ကျေးမှု လွှမ်းမိုးနေတာချည်းတွေ့ နေရတယ်။ လူတွေဟာ ကျောက် ခေတ်အရိုင်းအစိုင်းဘဝကို ပြန်သွား နေကြပြီလားလို့တောင် တွေးစရာ ဖြစ်တယ်။

အလှကို ချစ်တတ်မှ လူယဉ်ကျေး

ဒါကြောင့် အလှအကြောင်း၊ ရသအကြောင်း လူငယ်တွေကို များ များပြောပေးဖို့လိုပါတယ်။ အလှကို ချစ်တတ်မှ၊ ရသကို ခံစားတတ်မှ လူယဉ်ကျေး ဖြစ်နိုင်တယ်။ အလှကို မချစ်တတ်သူ၊ ရသကို မခံစားတတ်သူ ဟာ လူ့လောကအတွက် အန္တရာယ် ကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပန်းကလေးတွေကို နင်းခြေပစ်ဖို့ ဝန် မလေးသူတွေ ဖြစ်နေကြလို့ပဲ။

EPS စနစ်နဲ့ ကိုရီးယားမှာ အလုပ်သွားလုပ်မလား...

နှင်းပွင့်

မြန်မာနှင့်တောင်ကိုရီးယား နှစ်နိုင်ငံ ကြား အလုပ်သမားခေါ်ယူမှု စာချွန်လွှာ (Employment Permit System-EPS)ကို လက်မှတ်ရေးထိုးခဲ့ပြီး EPS-KLT စနစ်ကို ၂ဝဝ၈ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကျင့်သုံးခဲ့သည်။ EPS စနစ်သည် မြန်မာနိုင်ငံအစိုးရနှင့် ကိုရီးယားသမ္မတ နိုင်ငံအစိုးရတို့ တိုက်ရိုက်ဆက်သွယ်၍ Memorandum of Understanding-MoU ထိုးပြီး Government to Govern-ment ဆောင်ရွက်သောစနစ်ဖြစ်သည်။

EPS-KLT စာမေးပွဲကို မြန်မာနိုင်ငံ အစိုးရဘက်မှ အလုပ်သမားဝန်ကြီးဌာန နှင့်အလုပ်သမားဝန်ကြီးဌာန၏ Proxy Agency ဖြစ်သည့် ရွှေအင်းဝ ဝန်ဆောင်မှု အေဂျင်စီကုမ္ပဏီလီမိတက်မှ ဆောင်ရွက်ရ မည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံဘက်မှ ကိုရီးယားအလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားလူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေး ဝန်ဆောင်မှုအဖွဲ့(Human Reso-urces Development Service of Korea)တို့က လာရောက်စစ်ဆေးမည် ဖြစ်သည်။

မြန်မာ၊ ကိုရီးယား နှစ်နိုင်ငံအစိုးရ အချင်းချင်း တိုက်ရိုက်ဆက်သွယ်ဆောင် ရွက်သည့်လုပ်ငန်းဖြစ်၍ ပုဂ္ဂလိကကုမ္ပဏီ များနှင့်အကျိုးဆောင်ပွဲစားများ ဆောင် ရွက်ခွင့်မရှိကြောင်း၊ ရွှေအင်းဝ ဝန်ဆောင် မှု အေဂျင်စီကုမ္ပဏီလီမိတက်မှလည်း EPS စနစ်ဖြင့် ကိုးရီးယားသို့ အလုပ် သမားစေလွှတ်ရေးအတွက် မြန်မာနိုင်ငံ တွင် မည်သည့်ကုမ္ပဏီ၊ မည်သည့်အကျိုး ဆောင်ပွဲစားကိုမှ တာဝန်ပေးထားခြင်းမရှိ သည့်အတွက် ကိုရီးယားတွင် သွားရောက် အလုပ်လုပ်လိုသော မြန်မာအလုပ်သမား များသည် အလုပ်သမားဦးစီးဌာနနှင့်ရွှေ အင်းဝ ဝန်ဆောင်မှုအေဂျင်စီကုမ္ပဏီလီမိ တက်သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်း၍ ဆောင်ရွက်ကြရမည်ဖြစ်သည်။

EPS စနစ်ဖြင့် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် အဓိကလိုအပ်ချက်တစ် ရပ်မှာ ကိုရီးယားအလုပ်သမားဝန်ကြီးဌာန မှ ဦးစီးကျင်းပမည့် ကိုရီးယားဘာသာ ကျွမ်းကျင်မှုစာမေးပွဲ(Korea Languag Proficiency Test)ကို အောင်အောင်ဖြေ ဆိုနိုင်မှသာ ကိုရီးယားနိုင်ငံတွင် သွား ရောက်အလုပ်လုပ်နိုင်မည်ဖြစ်သည်။

၎င်းစာမေးပွဲဖြေဆိုနိုင်ရန် လျှောက် လွှာတစ်စောင်လျှင် ကျပ်၅ဝဝနှုန်း သတ် မှတ်ရောင်းချပေးပြီး လျှောက်လွှာများကို ဖေဖော်ဝါရီလကုန်အထိသာ လက်ခံမည် ဖြစ်ကြောင်း သိရသည်။

EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ သည် အသက်၁၈နှစ်မှ ၃၅နှစ်အတွင်း သတ်မှတ်ထားပြီး ပြစ်မှုကင်းရှင်းရမည့်ပြင် နိုင်ငံရေးကင်းရှင်းရမည်။ ထို့ပြင် ကျန်းမာ ရေးကောင်းမွန်ပြီး ဆေးစစ်ချက်အောင် မြင်ရမည်ဖြစ်သည်။ ဆေးစစ်ချက်များကို KLT စာမေးပွဲမဖြေခင် စစ်ရမည့်ပြင် ရွှေ အင်းဝမှတာဝန်ခံ၍ ထပ်မံစစ်ဆေးသည့် ဆေးအောင်မှသာ ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်နိုင်မည်ဖြစ်သည်။

ထို့ပြင် သင်တန်းကျောင်းလက်မှတ် မလိုဘဲ ကိုရီးယားဘာသာစကား အမှန် တကယ်တတ်ကျွမ်းလျှင် မည်သူမဆို EPS, KLT စာမေးပွဲကို ဝင်ရောက်ဖြေဆို နိုင်မည်ဖြစ်သည်။

EPS, KLT စာမေးပွဲ၌ လုပ်ငန်းခွင် ပိုင်းဆိုင်ရာ ဘာသာစကား စစ်ဆေးချက် ဖြစ်သည့် အခြေခံဘာသာစကားနားလည် မှု၊ ကိုရီးယားနိုင်ငံနှင့်ပတ်သက်သော အထွေထွေဗဟုသုတ၊ လုပ်ငန်းခွင်ပိုင်း ဆိုင်ရာ အသုံးအနှုန်းများကို စာမေးပွဲတွင် စစ်မေးမည်ဖြစ်သည်။ ၎င်းအကြောင်း သုံးရပ်ကို ဖြေဆိုနိုင်ရန်အတွက် Basic Course ကို တတ်ထားရမည်ဖြစ်သည်။ Basic မှာ Level 1,2 ရှိပြီး Grade နှင့် Level မတူဘဲ Level တစ်ခုဖြေလျှင် နှစ်ခု စီ ဖြေရမည်ဖြစ်သည်။ သံရုံးမှ နှစ်စဉ် ကျင်းပနေသည့် Level Test များနှင့် မတူ သည်ကို ကွဲကွဲပြားပြားသိရန် အရေးကြီး ပါသည်။

KLT ဖြေဆိုနိုင်မည့်အဆင့်တွင် Basic Level တတ်ထားလျှင်ပင် ဖြေဆို နိုင်မည်ဖြစ်သည်။ စာမေးပွဲတွင် မေးသည့် အပိုင်းနှစ်ပိုင်း ခွဲခြားမေးထားပြီး Listen-ing နှင့် Reading ဟူ၍ နှစ်မျိုးမေးထား မည်ဖြစ်သည်။ Listening ကို မေးခွန်း ၂၅ပုဒ်မေးထားပြီး ဖြေဆိုရမည့်အချိန်မှာ မိနစ်၉ဝဖြစ်သည်။ Reading မှာလည်း မေးခွန်းပေါင်း ၂၅ပုဒ်နှင့် ပေးချိန်က မိနစ် ၉ဝပင်ဖြစ်သည်။ ပေးမှတ်အနေနှင့် Listening ကို ပေးမှတ်၁ဝဝ ပေးပြီး Reading ကို ပေးမှတ် ၁ဝဝ စုစုပေါင်း ပေးမှတ်၂ဝဝ မှတ် ပေးသည်ဟုသိရသည်။

‘အခု သင်တန်းကျောင်းတွေ အများ ကြီး ဖွင့်နေကြပါပြီ။ နဂိုက ဒီလိုကျောင်း တွေ သိပ်မရှိပါဘူး။ ပုံမှန်ဖွင့်နေတဲ့ ကိုရီး ယားဘာသာစကားသင်တန်းကျောင်းတွေ ပဲရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ကိုရီး ယားသွားမယ့်သူတွေများတာရယ်၊ EPS ခေါ် တိုက်ရိုက်အလုပ်သမားခေါ်ယူမှုစနစ် ကြောင့် အကုန်လုံးက လိုက်ဖွင့်ကြတာ တွေ အများကြီးတွေ့နေရပါတယ်’ လို့ Asian Group KLT Centre မှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကိုရီးယားနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်မည့်သူတစ်ဦးက ‘ကျွန် တော် EPS ခေါ် တိုက်ရိုက်အလုပ်သမား ခေါ်ယူမှုစနစ်နဲ့တရားဝင်သွားရောက်နိုင်ပြီ ဖြစ်တဲ့အတွက် ကိုရီးယားနိုင်ငံကို သွားမှာ ပါ။ အခု EPS, KLT စာမေးပွဲဖြေနိုင်ဖို့ အတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။ ကိုရီးယားသွားမယ့်သူတစ်ယောက်အတွက် ကိုရီးယားဘာသာစကား အခြေခံကျွမ်း ကျင်မှသာ EPS, KLT ဖြေဆိုပြီး ကိုရီး ယားသွားနိုင်မယ်’ လို့ပြောကြားခဲ့သည်။

ကိုရီးယားသွားမယ့်သူတွေ အဓိက ဆင်ခြင်ရမှာက ကျွန်တော်တို့က အလုပ် သမားဖြစ်တဲ့အတွက် အလုပ်သမားစိတ် မွေးရပါမယ်။ အလုပ်လုပ်တဲ့အခါမှာ စေတနာထားရပါမယ်။ သူတို့သတ်မှတ် ထားတဲ့ကိုရီးယားစကားကျွမ်းကျင်မှုပိုင်းကို ကြိုးစားပါ။ မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ဂုဏ်ကို ထိန်းသိမ်းရပါမယ်။ EPS, KLT စနစ်ပြု လုပ်ရခြင်းဟာ အဓိကတော့ ကျွန်တော် ထင်တယ်၊ လုပ်ငန်းခွင်မှာ အဆင်ပြေနေဖို့ ပါ။ တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်း ခွင်မှာပြောဆိုဆက်ဆံတဲ့အခါမှာ နိုင်ငံ တစ်နိုင်ငံရဲ့ဘာသာစကား မတတ်ဘူးဆို ရင် ဒီကွန်မြူနီကေးရှင်းကို တည်ဆောက် လို့ရမှာမဟုတ်တဲ့အတွက် ကိုရီးယားဘာ သာစကားတတ်ဖို့ အရေးကြီးပါတယ်’ လို့ ကိုရီးယားနိုင်ငံမှ ပြန်လာသူတစ်ဦးမှပြော ကြားခဲ့သည်။

‘ကျွန်တော် ၁၉၉၇ခုနှစ်က စသွား တယ်။ ဟိုတုန်းက over stay နဲ့ လုပ်ရ တယ်။ အခုနောက်ပိုင်းမှာ over stay တွေ အတွက် နေရာသိပ်မကျန်တော့ပါဘူး။ အရင်က နိုင်ငံခြားသားအလုပ်သမားတွေ ကို အားထားပြီး လုပ်ရတဲ့အတွက် အဖမ်း အဆီး ဘာညာသိပ်မရှိဘူး။ အခုနောက် ပိုင်းက training တွေရှိတယ်။ permit worker တွေရှိတဲ့အတွက်၊ over stay သမားတွေအတွက် နေရာသိပ်မရှိတော့ ဘူး၊ တဖြည်းဖြည်းကြပ်လာတယ်။ လို အပ်ချက်အနေနဲ့ ကိုရီးယားမှာ အင်္ဂလိပ် စကား ဘယ်လိုမှပြောလို့မရဘူး။ ကိုရီး ယားနိုင်ငံသား တော်တော်များများက လည်း အင်္ဂလိပ်စကား သိပ်မပြောကြဘူး။ အဲဒါကြောင့် ကိုရီးယားကို သွားမယ်ဆို ရင် အင်္ဂလိပ်စကားတတ်စရာမလိုဘူး၊ အဓိကက ကိုရီးယားစကား တတ်ဖို့ပဲလိုပါ တယ်။ EPS စနစ် မပေါ်ခင်တုန်းက training worker ဆိုတာတော့ရှိတယ်။ training worker ကတော့ permit worker တော့မဟုတ်ဘူး။ လစာ၊ ရပိုင်ခွင့် တွေ နည်းတယ်။ အခု EPS စနစ် ပေါ် လာတဲ့အတွက် ရပိုင်ခွင့် အခွင့်အရေးရော၊ လစာတွေရော ပိုများလာမယ်၊ အလုပ် သမားအချင်းချင်း တန်းတူရည်တူ ဆက် ဆံမှုတွေဖြစ်လာလိမ့်မယ်။ အင်္ဂလိပ်စကား တစ်ခုတည်းကိုပဲ အားကိုးမယ်ဆိုရင် သိပ် အဆင်မပြေဘူး။ အဲဒီအတွက် ကိုရီးယား ဘာသာစကားကို တတ်မှ အခက်အခဲမရှိ ဘဲ ကိုရီးယားမှာ သွားအလုပ်လုပ်နိုင်မှာ ပါ’ လို့ ကိုးရီးယားမှ ပြန်လာသူတစ်ဦးက ပြောကြားသည်။

‘ကိုရီးယားဘာသာစကားအနည်း ငယ်တတ်ရုံဖြင့် သင်တန်းကျောင်း ဖွင့်လို့ မရကြောင်း၊ ဘာသာစကားကို လေး၊ ငါး နှစ် အာရုံစိုက်သင်ထားတဲ့ ဆရာတစ် ယောက် သင်ပေးရင်တော့ သိပ်မမှားနိုင် ကြောင်း သင်တန်းကျောင်းဖွင့်နေတဲ့သူ တချို့က ကိုရီးယားဘာသာစကားကို အသေးစိတ်လေ့လာရပါမယ်။ ကိုရီးယား လူမျိုးတိုင်း ကိုရီးယားစာ သင်မပေးနိုင်တဲ့ အတွက်ကြောင့် ကိုရီးယားစာ သင်ပေး မယ်ဆိုရင် ကိုရီးယားစာနဲ့ပတ်သက်ပြီး ဘွဲ့ရ ထားရပါမယ်။ ကိုရီးယားဘာသာ စကားသင်ကြားရာတွင် သဒ္ဒါအထားအသို နဲ့ အခြေခံမှအစ အကောင်းဆုံးသင်ကြား နိုင်မှသာ သင်တန်းကျောင်းဖွင့်သင့်ပါ တယ်။ စီးပွားရေးအတွက်ပဲကြည့်ပြီး သင် တန်းဖွင့်နေကြတဲ့သူတွေ၊ မသင်သင့်တဲ့သူ တွေ၊ လျှောက်သင်နေတာ၊ သေချာမလေ့ လာဘူးပဲ သင်တန်းကျောင်းဖွင့်နေသူတွေ က Native Speaker ဆိုပြီး လျှောက် သင်နေတာ အရမ်းအန္တရာယ်ကြီးပါတယ်။ ကိုရီးယားဘာသာစကားကိုအမှန်တကယ် တတ်ချင်လို့ လာသင်ကြတဲ့ မြန်မာလူမျိုး သင်တန်းသား၊ သင်တန်းသူတွေကို မနစ် နာစေချင်ပါဘူး။ ကိုရီးယားဘာသာစကား သင်မယ့်သူတွေကို အကြံပေးချင်တာက တော့ သေချာစုံစမ်းမေးမြန်းပြီးမှ တက်စေ ချင်ပါတယ်’ ဟု ကိုရီးယား-မြန်မာ နှစ် ဘာသာဘွဲ့ရ UFL မှ ကိုရီးယားဘာသာ သင်ဆရာမ Mrs.Eun Yun Hee က ပြောသည်။

ဒစ်ဂျစ်တယ်ခေတ်မှာ ရုန်းကန်နေရတဲ့ဂျပန်

ဦးလှမြင့်(မားကက်တင်း)

ဂျပန်သည် နည်းပညာဘက်တွင် အင် အားကြီးနိုင်ငံဖြစ်သည်။ တစ်ချိန်က ကမ္ဘာ့အီ လက်ထရောနစ်ပစ္စည်းများ သုံးစွဲသူဈေး ကွက်ကို စိုးမိုးခဲ့သည်။ ဆန်းသစ်တီထွင်မှု ဘက်တွင် ရှည်လျားသည့်မှတ်တမ်းသမိုင်း ကြောင်းရှိခဲ့သည်။ စရိတ်သက်သာသည့် ထုတ်လုပ်မှုနည်းနာ(lean manufacturing)၊ ဆီစားသက်သာသည့် ကားများ၊ တိုယိုတာ Prius မျိုးစပ်ကား စသည်တို့သည် တစ်စုံတစ် ရာ အတိုင်းအတာအထိ ပေါက်ရောက်အောင် မြင်ခဲ့သည်။ သည့်အပြင် ဂျပန်သည် ဆိုနီ ရှိရာ နိုင်ငံ။ ဆိုနီကုမ္ပဏီသည် ယင်း၏ဂန္ထဝင် တည်ထောင်သူတို့လက်ထက်တွင် အင်ဂျင် နီယာ အတတ်ပညာနှင့်မားကက်တင်းတွင် ပါးနပ်လိမ္မာမှုပေါင်းစပ်ထားသည့်ပြယုဂ်ဖြစ်ခဲ့ သည်။ Walkman သည် နောက်ပိတ်ဆုံး အအောင်မြင်ဆုံးတီထွင်မှုဖြစ်ခဲ့သည်။

ဒါက ယခင်တုန်းကဖြစ်သည်။ ဒစ်ဂျစ် တယ်ခေတ်မတိုင်မီက ဂျပန်ဖြစ်သည်။ ဒစ် ဂျစ်တယ်ခေတ်တွင် iPod နှင့် ယင်း၏ ဆွေ မျိုး iPhone က ဆန်းသစ်တီထွင်မှုဘက်တွင် ထိပ်ခေါင်ဖြစ်လာသည်။ ယင်းတို့ကို ဂျပန် တွေက တီထွင်သူများ ဘာ့ကြောင့်မဖြစ်လာ ရသလဲဟူသောမေးခွန်းမျိုးကို ဂျပန်တွေကိုယ် တိုင်က သူတို့ကိုယ်သူတို့ မေးနေကြသည်။ iPodသည် စမတ်ကျသည့်အသေးစားကိရိယာ တစ်ခုဖြစ်ရုံမျှမက လုပ်ငန်းလုပ်ရာတွင် နည်း လမ်းသစ်၏ ကြီးကျယ်သည့်အောင်မြင်မှု ပြယုဂ်လည်းဖြစ်သည်။

ဂျပန်ကုမ္ပဏီများဖြစ်သည့် DoCoMo, NEC, Sony စသည်တို့က နည်းနည်းချင်းတိုး တက်လာအောင် ကြိုးပမ်းရုန်းကန်နေစဉ် ပြိုင်ဘက်များဖြစ်သည့် Apple, Google စသည့်ကုမ္ပဏီတို့ကဆန်းသစ်သည့်နည်းပညာ နှင့်အားကောင်းသည့် မားကက်တင်း၊ ဒီဇိုင်း၊ ဖြန့်ချိရေးတို့ဖြင့်ပေါင်းစပ်ပြီး လုံးဝသစ်လွင် သည့်ထုတ်ကုန်အမျိုးအစားသစ်များကို ဖန် တီးပေးလျက်ရှိသည်။ ယင်းကိစ္စက ဂျပန်တို့ အား ချောက်ချားစေသည့်အရာပဲဖြစ်သည်။ Apple၏ အောင်မြင်မှုသည် တစ်ချိန်က ကမ္ဘာ့အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲသူ ဈေးကွက်ကို စိုးမိုးဖူးသည့်ဂျပန်ကို လှုပ်နှိုး လိုက်သည့်အချက်ပေးသံဟူ၍ ဝေဖန်သူတို့က ပြောဆိုသည်။

ရုံးသုံးစက်ကိရိယာထုတ်လုပ်သည့် Ricoh၏ ဥက္ကဋ္ဌနှင့် ရှေ့ဆောင်စက်မှုလုပ် ငန်းအသင်းများထဲမှ တစ်ခု၏အကြီးအကဲ ဖြစ်သူက သူ့အုပ်စု၏ အဖွဲ့ဝင်များအား မကြာသေးမီက မိန့်ခွန်းပြောကြားရာတွင် iPod သည် ဆန်းသစ်သည့် အနောက်တိုင်း ထုတ်ကုန်နမူနာတစ်ခုဖြစ်ပြီး ဂျပန်က တုပ လိုက်နာလုပ်ဆောင်ရန် ခဲယဉ်းကြောင်း၊ အကြောင်းမှာ ဂျပန်၏ခေတ်နောက်ကျသည့် စီမံခန့်ခွဲမှုကြောင့်ဟူ၍ ပြောကြားခြင်းဖြင့် အထိတ်တလန့်ဖြစ်စေခဲ့သည်။

Apple က ဂျပန်တို့အား အောင့်သက် သက်ဖြစ်စေသည့်အကြောင်းရင်းတစ်ခုမှာ အများသုံးအီလက်ထရောနစ်ပစ္စည်းတီထွင်မှု ဘက်တွင် Appleက ဆိုနီကိုဖယ်ရှားပြီး ဦး ဆောင်နေရာရယူလိုက်ခြင်းပဲဖြစ်သည်။ ဆိုနီ ၏နောက်ဆုံးအကြီးကျယ်ဆုံး တီထွင်မှုလက် ရာမှာWalkmanပင်ဖြစ်သည်။ သို့သော် ဂျပန် လူမျိုးမဟုတ်သူတို့က Walkman ရှိနေဆဲဆို သည့်အချက်ကိုပင်မသိရှိတော့ပါ။အကြောင်း မှာ ယင်းဒစ်ဂျစ်တယ်တေးသံစက်မှာ iPod နှင့်ယှဉ်ပြိုင်ရာတွင် အားနည်းလှသည်။ဂျပန် တွင် Walkman သည် ဈေးကွက်ဝေစု ၂၃ ရာခိုင်နှုန်းရပြီး iPod က ၅၈ရာခိုင်နှုန်းရှိ သည်ဟု ဈေးကွက်သုတေသီ BCNက ဆိုသည်။

တီထွင်မှုပိုင်းဆိုင်ရာ အကျပ်အတည်း

ဂျပန်၏တီထွင်မှုပိုင်းဆိုင်ရာ အကျပ် အတည်း(innovation crisis)မှာ နိုင်ငံ၏ ထူးခြားသည့်ကော်ပိုရိတ်ယဉ်ကျေးမှု(cor-porate culture)တွင် အဓိကအားဖြင့် အမြစ်တွယ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ဒေါင်လိုက်စုစည်းထားသည့် ဧရာမကုမ္ပဏီ ကြီးများ၏ကြီးစိုးမှုခံနေရဆဲဖြစ်သည်။ ယင်း တို့က အလှည့်အပြောင်းနည်းပြီး တီထွင်မှုနှင့် အလှမ်းဝေးဝေးရှိနေကြသည်။ဆိုနီ၏ CEOကို ၂ဝဝ၅ခုနှစ်တွင် အမေရိကမှ ခေါ်ယူပြီး ကုမ္ပဏီကို လှုပ်ခါရန် တာဝန်ပေးခဲ့သည်။ သို့သော် ယင်းအချိန်မှစပြီး ကုမ္ပဏီတွင် ဌာန ခွဲများအကြား အရံအတားများကို ဖြိုဖျက် ရန် သူကလုံးပမ်းနေရသည်။ ဂျပန်ကုမ္ပဏီ များ၏တင်းကျပ်သည့် ရာထူးအဆင့်အတန်း စနစ်က အခြေအမြစ်မှ ပြောင်းလဲမည့် သဘောတရားသစ်များရှိသူတို့ကို စိတ်ဓာတ် ကျစေသည်။ ‘ဂျပန် အိုင်တီလုပ်ငန်းက ထူး ချွန်သူများကို ဘယ်လိုဖျက်ဆီးလိုက်သလဲ’ ဆိုသည့် လေ့လာမှုစာတမ်းရေးသားသူနှင့် တိုကျိုဆော့ဖ်ဝဲအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုမှ ဂျိမ်းမော့စ်က ‘အမေရိကမှာက ပရောဂျက် တစ်ခုမှ ထွက်ကျလာတဲ့ အကျိုးရလဒ်တစ်ခု ကို သီးခြားစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ရတာ အများကြီး ပိုလွယ်ကူတယ်။ စွန့် စားရမှုကိုကြောက်တဲ့ ယဉ်ကျေးမှုကြောင့် ဂျပန်မှာက မလွယ်ဘူး’ဟု ပြောပါသည်။

Google တည်ထောင်သူများ ဂျပန်တွင်

အခွင့်အလမ်းရရှိမည်မဟုတ်

ဂျပန်တွင် ဟိုးလေးတကြော်ကြော် ကိစ္စ တစ်ရပ်ဖြစ်သွားခဲ့သည်။ အကြောင်းခြင်းရာ မှာ တော်လှန်ပြောင်းလဲမှုကြီးတစ်ရပ်ဟု ဆိုနိုင်သည့်စွမ်းအင်ချွေတာနိုင်သော blue diode light source ကို တီထွင်ခဲ့သူ ထူး ချွန်သည့် သိပ္ပံပညာရှင်ရှုဂျိနာခါမူရာဆိုသူမှာ သူ့တီထွင်မှုမှ အကျိုးအမြတ်ရလိုက်သည့် ကုမ္ပဏီထံမှ မူပိုင်ခရရှိရေးအတွက် နှစ်များ စွာကြာအောင် တရားတဘောင်နှင့်ရင်ဆိုင်ခဲ့ ရသည်။ နောက်ဆုံးမှာ နာခါမူရာက ဂျပန်ကို စွန့်ခွာပြီး ကယ်လီဖိုးနီးယားသို့ ထွက်ခွာသွား ခဲ့သည်။ သူ၏ ထွက်ခွာခြင်းမှာ ဂျပန်အတွက် ထိုးနှက်ချက်တစ်ရပ်မဖြစ်ပေဘူးလားဟု တိုကျိုတက္ကသိုလ်ရှိ သိပ္ပံပညာရှင်တို့အား မေးကြည့်သည့်အခါ ‘မဖြစ်ပါဘူး။ သူလိုလို၊ ကိုယ်လိုလို လူမျိုးရှိတာက ပိုပြီးကောင်းပါ တယ်’ ဟု ဖြေကြားကြောင်းသိရသည်။ ဆာဂျီ ဘရင်းနှင့် လာရီပေ့ခ်ျတို့ကဲ့သို့ အစဉ်အလာ နည်းလမ်း မကျင့်သုံးသည့် Googleကို ပူးတွဲ တည်ထောင်သူတို့က ဂျပန်တွင်အခွင့်အလမ်း ရရှိမည် မဟုတ်ပေ။ ထို့အတူ Google ၏ နေရာစုံ ရလဒ်ပေါင်းစပ်အသုံးပြုသည့် ထူး ခြားသော ယဉ်ကျေးမှုသည်လည်း ဂျပန်တွင် ရှင်သန်ရပ်တည်နိုင်ဖွယ်ရာမရှိပေ။

ကွန်ပျူတာနှင့်ဂျပန်

ဂျပန်၏နည်းပညာစွမ်းပကားသည် ကွန်ပျူတာများ သို့မဟုတ် ယင်းတို့အပေါ် တွင် သုံးစွဲမည့်ပရိုဂရမ်များကို တိုးတက်ဖွံ့ဖြိုး အောင်လုပ်ဆောင်ရာတွင် ရုတ်တရက် ရပ် ဆိုင်းပစ်ရခြင်းမျိုးအဖြစ်နှင့် မကြာခဏ ကြုံရတတ်သည်။ ‘ဂျပန်က ဒစ်ဂျစ်တယ် ခေတ်မတိုင်မီအချိန်က နည်းပညာဆိုင်ရာ ဘက်မှာ အင်အားကြီးနိုင်ငံပါ။ သို့ပေမဲ့ သူတို့က အထင်ကရကွန်ပျူတာပြုလုပ်သူ တော့ တစ်ခါမှမဖြစ်ခဲ့ဖူးဘူး။ ယခုအခါ ကွန်ပျူတာနှင့်အင်တာနက်ချိတ်ဆက်သုံးစွဲ မှုက ယင်းကိုဝန်းရံပြီး ကမ္ဘာကြီးက လည် ပတ်လှုပ်ရှားနေရတဲ့ဗဟိုချက်မဒိုင်နမိုဖြစ် လာနေပါပြီ’ ဟူ၍ လန်ဒန် West-hall Capital မှ ကမ္ဘာလုံးဆိုင်ရာ နည်းပညာ မဟာ ဗျူဟာပညာရှင်ကိတ်ဝူးလ်ကော့စ်ကဆိုသည်။ ဂျပန်တို့၏ operating systems ဟူသည် မရှိခဲ့ဖူး။ Laptop ကို ရှေ့ဆောင်တီထွင်ခဲ့သူ တိုရှီဘာမှာ ယခုအခါ တစ်ကိုယ်ရေကွန်ပျူ တာ(PC)ဈေးကွက်တွင် လှုပ်ကိုင်ကစားနိုင်သူ တစ်ဦးမဟုတ်တော့။

ယခုကဲ့သို့ဖြစ်ပျက်မှု၏ အကြောင်းရင်း ခံများမှာ အလုပ်မဖြစ်သည့် ကော်ပိုရိတ် ယဉ်ကျေးမှုထက် ပို၍နက်ရှိုင်းသည်။ ပြဿနာများထဲတွင် လုပ်သက်ပေါ်မူတည်ပြီး ရာထူးတိုးမြှင့်ခြင်းစနစ်(ယင်းအချက်ကြောင့် အိုင်တီတွင် သင်တန်းတက်ရောက်ခြင်းမရှိ သည့် အိုင်တီအကြောင်း အနည်းငယ်မျှသာ တတ်သိနားလည်သည့် မန်နေဂျာများပေါ် ပေါက်ရသည်)နှင့်ကော်ပိုရိတ်အပိုင်းနှင့် တက္ကသိုလ်အကြား လုံးဝနီးပါး အဆက် အသွယ်ပြတ်တောက်နေခြင်းတို့ပဲဖြစ်သည်။

အသင်းလိုက်သာကောင်းသည်ဆိုသည့် ဂျပန်

တိုကျိုတက္ကသိုလ်မှ စီးပွားရေး ပါမောက္ခက အခြားသီအိုရီတစ်ခုကို တင်ပြ သည်။ PC၊ ဆော့ဖ်ဝဲနှင့် iPod ကဲ့သို့ မျိုးစပ် ကိရိယာသေးများမှာ အခန်းလိုက်၊ အပိုင်း လိုက်ပါ ထုတ်ကုန်များ(modular pro-ducts)ဖြစ်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့ သည် လက်ရှိအစိတ်အပိုင်းများကို လူတွေက ဆန်းသစ်တီထွင်သည့်နည်းလမ်းများဖြင့် ရောနှောကြည့်၊ ယှဉ်ကြည့်ပြီး ဖြစ်လာသည့် ပစ္စည်းများဖြစ်သည်။ ဂျပန်လူမျိုးများက ဒီဇိုင်းဆွဲပြီး တစ်ဦးချင်းစိတ်ကြိုက် အစိတ် အပိုင်းများနှင့် ရရာပေါင်းစုရသည့်ကားကဲ့သို့ မျိုး ပစ္စည်းများကိုထုတ်လုပ်ရာတွင် ထူးချွန် သည်။ သည်သို့မျိုး လုပ်ငန်းတစ်ခုအနေနှင့် လူတွေက အထပ်တစ်ထပ်တည်းပေါ်တွင် အချိန်ကြာမြင့်စွာ ပူးတွဲလုပ်ဆောင်ရတတ် သည်။ ‘ကျွန်တော်တို့က တစ်ဦးကောင်း၊ တစ် ယောက်ကောင်း ထူးချွန်သူပါရမီရှင်များကို ကိုင်တွယ်ရာမှာ မတော်ကြဘူး။ အသင်းအဖွဲ့ အနေနှင့်တော့ကောင်းတယ်’ ဟုဆိုသည်။ အများသဘောတူညီမှုနှင့် လုပ်ဆောင်သည့် ယင်းနည်းလမ်းသည် ဆန္ဒအလျောက် လုပ် ကိုင်ပြီး လက်တွေ့အကျိုးရလဒ် ထွက်ပေါ် လာစေသည့် Google ကဲ့သို့ ကုမ္ပဏီမျိုး၏ ‘အစီစဉ်တကျမဟုတ်သည့် တီထွင်ခြင်း’ (disruptive innovation)မျိုးကို ထုတ်ပယ် ထားပုံရသည်။

ထီးတည်းရပ်တည်မှု၏အကျိုးရလဒ်

ဆန်းသစ်တီထွင်မှုဘက်တွင် ပြဿနာ များစွာကို မီးမောင်းထိုးပြထားသည့် ကုမ္ပဏီ တစ်ခုချင်းက ထီးတည်းရပ်တည်မှုကိစ္စ (insularity issue)က ဆူပွက်မှတ်သို့ ရောက် လာပြီဟုပြောရမည်ဖြစ်သည်။ ဂျပန်၏ ထိပ်တန်းစီးပွားရေးသတင်းစာဖြစ်သည့် The Nikkei က ယခုနှစ်တွင် ဖြစ်ရပ်တစ်ခုကို ဖော်ထုတ်တင်ပြခဲ့သည်။ Sanyo Electric မှ အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက ၁၉၉၇ခုနှစ်လောက်က iPod နှင့်ဆင်သည့် အိုင်ဒီယာတစ်ခုရှိခဲ့သည်။ သူက Apple နှင့် ပူးပေါင်းပြီး သူ့စိတ်ကူးရသည့်နည်းပညာကို စူးစမ်းရန်ကြိုးစားသည့်အခါ ကုမ္ပဏီဥက္ကဋ္ဌ က သဘောမတူငြင်းပယ်ခဲ့သည်။ ယခုအချိန် တွင် Sanyoမှာ ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရသည်။

ဂျပန်အတွက် အသုံးတည့်နေသေးသည့် နည်းနာနိဿယတချို့

ဂျပန်၏အရူးအမူးဖြစ်ရသည့်ဆန်း သစ်တီထွင်မှုကို တဖြည်းဖြည်းချင်းတက် လှမ်းရမည်ဆိုသည့်နည်းလမ်းမှာ တချို့ ကုမ္ပဏီများအတွက် အထူးသင့်လျော်သည် ကိုတွေ့ရသည်။ ယင်းစနစ်ကြောင့် ဂျပန်၏ ဘိလပ်မြေထုတ်လုပ်မှုနည်းပညာကို ကိုရီး ယားနှင့်တရုတ်က လိုက်မမီသေးချေ။ ထို့အတူ တိုယိုတာ၏ ‘ကိုင်ဇန်’ (kaizen)ဆိုသည့် စဉ် ဆက်မပြတ် တိုးတက်မှုပြုနေရမည်ဆိုသည့် ဒဿနမှာလည်း ကုန်ထုတ်လုပ်မှုနည်းစဉ်ကို အပြစ်ဆိုဖွယ်မရှိလောက်သည့် အဆင့်အခြေ သို့ရောက်ရှိစေသည်။ သို့သော် စက်မှုနည်း ပညာကဲ့သို့ ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်သည့် စက်မှုလုပ်ငန်းများ(growth industries) အတွက် တရွေ့ရွေ့တိုးတက်မှု(incremental improvement)ဖြင့်မလုံလောက်ပေ။ နောက် ထပ် အသစ်သစ်သောပစ္စည်းများကို ရှာဖွေ ဖော်ထုတ်ရမှာဖြစ်သည့်အတွက် ကြီးမား သည့်ခြေလှမ်းလှမ်းဖို့လိုသည်။ ဒီနေရာတွင် တစ်ချိန်က ဂျပန်၏ကမ္ဘာ့အကြီးဆုံး ကြိုးမဲ့ ဖုန်းကုမ္ပဏီကြီးများထဲမှတစ်ခုဖြစ်သည့် NTT DoCoMo၏ဇာတ်လမ်းကို ကြည့်ရှုသင့်သည်။ ရာစုနှစ်ကုန်ခါနီးလောက်တွင် DoCoMo၏ အမှုဆောင်အရာရှိတို့က ၎င်းတို့သည် ကမ္ဘာ ကြီးကို စိုးမိုးနိုင်တော့မည်ဟုကြေညာခဲ့သည့် DoCoMo သည် ယခု ဘာဖြစ်သွားပါသလဲ။

DoCoMo ၏ ကျဆုံးခန်း

DoCoMoသည် ယခုအခါ ပြည်တွင်း ဈေးကွက်၌ပင် ပိတ်မိနေပြီး ယင်းထက်အင် အားသေးသည့် ပြိုင်ဘက်တို့၏ ဈေးကွက်ဖဲ့ ယူမှုကို ခံနေရသည်။ ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်မှာလည်း ပို၍ကျုံ့လာနေသည်။ ယင်း၏ကြီးထွားမှုအတွက် မျှော်လင့်ချက်မှာ ကမ္ဘာ့ဈေးကွက်ထဲသို့ ခုန်ပျံကျော်လွှားဝင် ရောက်ရန်ပင်ဖြစ်သည်။ သည်သို့လည်း ဖြစ် မလာခဲ့။ ကုမ္ပဏီ၏ ယဉ်ကျေးမှုအမြင် ကျဉ်း မြောင်းခြင်းနှင့်စိတ်ကူးစိတ်သန်း အားနည်း သည့်စီမံကွပ်ကဲရေးကြောင့်ဟုဆိုသည်။ လွန်ခဲ့သည့် ၃နှစ်က နိုကီယာ(Nokia)ထက် ရှယ်ယာတန်ဖိုး ဆယ်ဆခန့်ရှိခဲ့သည်။ ယခု အခါ ဖင်လန်အခြေစိုက်(ဖင်လန်လူဦးရေ ၅သန်း၊ ဂျပန်လူဦးရေ ၁၂၇သန်း)နိုကီယာ၏ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုမှာ DoCoMoထက် နှစ်ဆကျော်ရှိနေသည်။ ဒါက နိုကီယာကို Apple, Google, Vodafone ကဲ့သို့ကမ္ဘာ့ ဧရာမကုမ္ပဏီကြီးများစာရင်းဝင်ဖြစ်စေသည်။

လာမည့်ရာစုနှစ်တွင် အစီစဉ်တကျ မဟုတ်သည့်တီထွင်မှုမှာ USကဲ့သို့ နိုင်ငံများ မှသာ လာနိုင်သည်မဟုတ်။ နှိုးထလာနေ သည့် အခြားစီးပွားရေးနိုင်ငံများကပါ ပါဝင် လာမည်ဖြစ်ရာ ဂျပန်က ယင်း ‘ကလပ်’ ထဲ ပါဝင်လိုပါက နည်းပညာအပေါ် ၎င်းတို့ ဘယ်လိုရှုမြင်သည်သာမက ၎င်းတို့အပေါ် ၎င်းတို့ ဘယ်လိုရှုမြင်စဉ်းစားသည့်အချက် ကိုပါပြင်ဆင်ရမှာဖြစ်ကြောင်း ကျွမ်းကျင်သူ တို့က ထောက်ပြပါသည်။

Ref:Newsweek,Dec 10,2007.

Monday, February 4, 2008

အာရှသစ်တောအစိမ်းနှင့် ဗြိတိန်စီးပွားမုန်တိုင်းထန်ချိန်

သေဆုံးလုနီးပါးဖြစ်နေသော အာရှဒေသ၏ သစ်တောများပြန်လည်ကယ်တင်ရန် နည်းလမ်းများရှာဖွေကြသည်။ မကြာမီကာလတစ်ခုတွင် သစ်တောသစ်များ ရုတ်ချည်း ရှင်သန်လာတော့မည်။ ၂၀၀၈ ခုနှစ်သည် သစ်ပင်များကိုဖက်တွယ်ရင်းနှင့် မျှော်လင့်ချက်များပြည့်ဝစေဖို့ ကြိုးပမ်းရမည့်နှစ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိအစိုးရ အားလုံးလိုလိုသည် ၂၀၀၈ ခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှု ကာကွယ်ရေးအစီအမံဖြစ်သော ကျိုတိုသဘောတူညီချက် Kyoto Protocol ကို အကျေအလည်ဆွေးနွေးကြပြီး ယင်းသဘောတူချက်နေရာ၌ အခြားသဘောတူညီချက် အသစ်တစ်ခုနှင့် အစားထိုးရတော့မည်။ အဘယ့်ကြောင့်ဆိုသော် ကျိုတိုသဘောတူညီချက်သည် ၂၀၁၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

အလေးထားဆွေးနွေးရမည့် အကြောင်းအရာများမှာ သစ်တောပြုန်းတီးမှုကို မည်သို့ကာကွယ်မည်နည်းဆိုသည့်အချက်ဖြစ်ပြီး ယင်းအချက်သည်သာ ကျိုတို သဘောတူညီချက်၏ အခန်းကဏ္ဍကိုအစားထိုးနိုင်မည်။ အခြားတစ်နည်းဖြစ်ပြောရလျှင် နိုင်ငံတိုင်း၊ ကမ္ဘာ့လူသားတိုင်းသည် သစ်တောထိန်းသိမ်းရေးကို အလေးပေး ဆောင်ရွက်လိုသည်ဟုဆိုပါက မလွဲမသွေအကောင်ထည်ဖော်ရမည့် တစ်ခုတည်းသော လုပ်ငန်းမှာ သစ်တောများခုတ်ပစ်ခြင်းကို မပြုလုပ်ဖို့ပင် ဖြစ်သည်။ ကမ္ဘာ့အပူပိုင်းသစ်တောများကို မညှာမတာခုတ်ထွင်လှဲချနေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်နေမှု၏ လေးပုံတစ်ပုံကို ဖြစ်စေနေခြင်းပင်ဖြစ်သည်။ ကျိုတိုသဘောတူညီချက်၏ သန့်စင်သောဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အောက်၌ ချမ်းသာသောနိုင်ငံများ၏ သဘာဝပတ်ဝန်းကျင်ကို ညစ်နွမ်းပျက်စီးစေမည့် စီမံကိန်းမှန်သမျှကို ပြင်ဆင်တားမြစ်ပြီး ဆင်းရဲသောနိုင်ငံများ၏ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချရေးတို့ပါဝင်သည်သာမက သက်ဆိုင်ရာဒေသတိုင်း၌ သစ်တောသစ်ပင်များပြန်လည်ပျိုးထောင်ရေး စီမံကိန်းများလည်းပါဝင်သည်။ ယင်းစီမံကိန်း၌ ဖြစ်တည်နေသော သဘာဝပေါက်ပင်သစ်တောများအား ထပ်မံခုတ်ထွင် မပစ်ရေးမှာ အဓိကကျသည်။ အဘယ်ကြောင့်ဆိုသော် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့လျှော့ချရေးစီမံကိန်း၌ သစ်တောသည် အဓိကနေရာမှ ပါဝင်နေ၍ဖြစ်သည်။ နိုင်ငံအတော်များများ၌ ပျက်စီးနေသောသစ်တောအများအပြားရှိနေတတ်သည်။ ပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံထိုသို့သော သစ်တောများရှိသည့်အတွက် ပြုပြင်ရတော့မည်။ သို့သော် သစ်တောများကို ထိန်းသိမ်းရန်အတွက်လည်း ဒေါ်လာဘီလီယံပေါင်းများစွာ လိုအပ်သည်။

သစ်တောများပြုန်းတီးမှုလျှော့ပါးသွားစေမည့် လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ဘဏ်သည် ၂၀၀၈ ခုနှစ်မှစတင်၍ Forest Carbon Partnerships Facility စီမံကိန်းဖြင့် US$ ၂၅၀ သန်းအသုံးပြုသွားမည်ဖြစ်၏။ ယင်းစီမံကိန်းသည် နိုင်ငံပေါင်း ၂၀ ရှိအပူပိုင်းသစ်တောများကို ထိန်းသိမ်းနိုင်ပြီး ကာဘွန်ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ တဆက်တည်းတွင် ယင်းသစ်တောများကို ခုတ်လှဲခြင်းလည်း ပြုလုပ်စရာမလိုတော့ပေ။ ယင်းစီမံကိန်းအတွက် ကြိုတင်အစီအစဉ်ကို ချမှတ်ထားသည်။ သက်ဆိုင်ရာအစိုးရများသည် ကမ္ဘာ့ဘဏ်၏ ရည်ရွယ်ချက်ကို တုံ့ပြန်ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်မှာ သစ်တောများခုတ်လှဲမှုရပ်တန့်ပစ်လိုက်ပြီဖြစ်ကြောင်းတိုးတက်မှု အစီရင်ခံရန်သာဖြစ်၏။ အထက်ပါအစီအစဉ်များ၊ စီမံကိန်းများအောင်မြင်စေရန် အကောင်ထည်ဖော်သည့်အနေနှင့် သစ်ပင်များအမှန်တကယ်လျှော့ချပစ်မှသာဖြစ်သည်။ ယင်းကိစ္စရပ်ကလည်း ရှောင်လွှဲ၍မရပေ။ မလွှဲမသွေလိုက်နာရမည်။ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသရှိ သစ်တောများလောလောဆယ်၌ ခြိမ်းခြောက်ခံနေရသည့် ဖြစ်ရပ်တစ်ခုရှိသည်။ ယင်းဒေသမှလူအများက ချမ်းသာသောနိုင်ငံများကို တောင်းဆိုနေကြသော " ပေးမလားပေးရင်သစ်ပင်ရမယ်" ဆိုသည့်စကားမှာ နိုင်ငံတကာကအကူအညီမပေးပါက သစ်ပင်များခုတ်လှဲပစ်မည်ဆိုသည့် ခြိမ်းခြောက်မှုဟုပင်ဆိုနိုင်ပါ၏။

ပူနွေးလာမှု သက်သာစေရန်

ရာသီဥတုကျွမ်းကျင်သူပညာရှင်များက ပူပြင်းလာမှုနှင့် ပူပြင်းသောလေထုတစ်စတစ်စ တိုးတက်ကျယ်ပြန့်လာခြင်းအပေါ် ဆွေးနွေးခဲ့ကြသည်။ သူတို့၏ရည်ရွယ်ချက်မှာ သစ်တောများဆက်လက်ရှင်သန်အောင်မည်သို့ ကာကွယ်ကြမည်နည်းသာဖြစ်၏။ အာရှပစိဖိတ်ဒေသတစ်ခွင်ရှိ စိုစွတ်သောအပူပိုင်းမိုးသစ်တောများနှင့် လူ့ပယောဂကြောင့် ပြောင်တလင်းခါနေသော တလင်းပြင်များ၌ သစ်တောအသစ်များ ပြန်လည်ပျိုးထောင်ထိန်းသိမ်းရေးလည်း ပါဝင်သည်။ ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ United Nations Food and Agriculture –FAO က အင်ဒိုနီးရှားနိုင်ငံကို အကြံပြုထားသည်မှာ အင်ဒိုနီးရှားနိုင်ငံတစ်ခုတည်းအနေနှင့်ပင် လာမည့်နှစ်၌ နှစ်ရာခိုင်နှုန်းအထိ ဆုံးရှုံးဖွယ်ရှိသည်ဆို၏။ ယင်းနှစ်ရာခိုင်နှုန်းဆိုသည်မှာ စတုရန်းကီလိုမီတာ ၁၉၀၀၀ ဖြစ်ပြီး အမေရိကန်နိုင်ငံ ကွန်နက်တိကတ်ပြည်နယ် ထက်ပင်ကြီးသောပမာဏဖြစ်၏။ အာရှဒေသရှိအချို့သောနိုင်ငံများသည် သစ်တောများထိန်းသိမ်းရေးကို အလေးထားလေ့မရှိဘဲ လျော့ရဲရဲသာပြုလုပ်လေ့ရှိသည်။ ထို့ကြေင့်လည်း သစ်တောများပျက်ပြုန်းမှုနှုန်းထားမြင့်တက်နေသည်။ နိုင်ငံအတော်များများသည် သစ်တောထိန်းသိမ်းရေးအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများကို အလေးတယူကန့်သတ်ထားကြသည်။ သို့သော် ယင်းဥပဒေများသည် စာရွက်ပေါ်၌သာရှိပြီး လက်တွေ့ကျင့်သုံးခြင်းမပြုကြပေ။ ယင်းသို့သောအပြုအမူကို ဥပဒေအရ အရေးယူဖို့အဆိုထားနှင့် တို့ထိရန်ပင်လုပ်ခွင့်မရှိသည်အထိ နိုင်ငံရေးသမားများက အကာအကွယ်ပေးထားကြသည်။ ဆိုလိုသည်မှာ ဥပဒေစည်းမျဉ်းဆိုသည်မှာ နောက်ကွယ်၌သာရောက်နေသည်။

သစ်ခုတ်သူများသည် အလွန်တန်ဖိုးရှိသော သစ်မာပင်များကို လွယ်လင့်တကူပင် ခုတ်လှဲပစ်လေ့ရှိကြသည်။ ယင်းအပင်ကြီးများသည် မီတာ ၅၀ အထက်မြင့်မားသည့်အတွက် အပင်ကြီးများအောက်၌ပေါက်ရောက်နေသော အပင်ငယ်များ၊ တောတိရစ္ဆာန်များကို အကာအကွယ်ပေးထားရာလည်းရောက်သည်။ အဆိုပါအပင်ကြီးများ ခုတ်လှဲခံရသည့်အခါ အရိပ်အာဝါသမရှိတော့သည့်အတွက် တောတိရစ္ဆာန်များသည် ထိုနေရာမှထွက်ခွာသွားရတော့သည်။ အပင်ငယ်များသည်လည်း ခြောက်သွေ့၍သေဆုံးကုန်ကြသည်။ သစ်ခုတ်လှဲသူများက ထိုနေရာတွင် သစ်ပင်ကြီးများကိုသာ ခုတ်လှဲသည်မဟုတ်။ အကြွင်းအကျန်သစ်ငုတ်တိုမျာကိုပါ မီးရှို့ဖျက်ဆီးပစ်ကြသည်။ သစ်ပင်ကြီးများမရှိသောကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ထိန်းသိမ်းမှုလည်း ပပျောက်သွားသည်သာမက မီးရှို့ပစ်လိုက်၍ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အမြောက်အများလည်း ထွက်လာခဲ့ရတော့သည်။ မီးခိုးငွေ့များပျေက်ကွယ်သွားသည်နှင့် တောင်ယာစိုက်ပျိုးမည့်သူများသည် ပြောင်တလင်းခါနေသော ထိုနေရာသို့ရောက်ရှိလာကာ စိုက်ပျိုးမှုများပြုလုပ်ကြရတော့သည်။ သို့နှင့်ပင်တောင်ယာမီးရှို့မှုများကြောင့် နှစ်စဉ်လိုလို မီးခိုး၊ မြူမှုန်များထွက်ကာ အရှေ့တောင်အာရှဒေသ၌ မီးခိုးတိမ်တိုက်များဖုံးလွှမ်းသည့်ဖြစ်ရပ် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ယင်းမီးခိုးတိမ်တိုက်များဖြစ်ပေါ်ခြင်းနှင့်အတူ ယင်းသို့မဖြစ်အာင်ထိန်းသိမ်းစောင့်ရှောက်မှုကလည်း ကင်းမဲ့လျက်ရှိသည့်အတွက် နှစ်စဉ်နှစ်လယ်ပိုင်းခြောက်လဝန်းကျင်ကာလ၌ အင်ဒိုနီးရှားနိုင်ငံ၏ မိုးကောင်းကင်၌ မီးခိုးတိမ်တိုက်များဖြစ်ပေါ်ခဲ့သည်။ တိကျစွာဆိုရလျှင် ခြောက်သွေ့သောရာသီဥတုကာလ၌ အရှေ့တောင်အာရှမိုးကောင်းကင်၌ ထိုသို့ဖြစ်ပေါ်နေသည်။ သို့သော်ယခုအခါထွက်ပေါ်လာသော သတင်းများကမူ သတင်းဆိုးမဟုတ်တော့ပေ။ FAO ၏ သုသေတနပြုလုပ်မှုနှင့် အကြံပေးထားချက်အရ အာရှပစိဖိတ်ဒေသတစ်ခုလုံး၌ နှစ်စဉ်သစ်တောဧရိယာဆုံးရှုံးမှု စတုရန်းကီလိုမီတာ ၆၀၀၀ သာ ရှိတော့မည်ဆိုသည်။ ယင်းကိန်းဂဏန်းသည် ၁၉၉၀ ခုနှစ်များနောက်ပိုင်း သစ်တောပျက်ပြုန်းမှုဧရိယာစတုရန်းကီလိုမီတာ ၁၃၀၀၀ဆိုသော ကိန်းဂဏန်းထက်ပိုကောင်းလာခြင်းဖြစ်သည်။ ဆုံးရှုံးခြင်း အဖြစ်မှ သစ်တောများပြန်လည်၍ တည်ရှိလညခြင်းဟု ဆိုနိုင်ပါ၏။

ယင်းသို့ဖြစ်ရခြင်းမှာ ၁၉၉၈ ခုနှစ်၌ အဆိုပါဒေသတလွှားတွင် ရေလွှမ်းမိုးမှုများဖြစ်ခဲ့သည်ကို သက်ဆိုင်ရာအစိုးရများက သိရှိသဘောပေါက်လာခဲ့ကြ၍ဖြစ်သည်။ ယင်းသို့သော ရေးလွှမ်းမိုးမှုကို ကာကွယ်ရန်သစ်ပင်များကသာ အဓိကနေရာမှပါဝင်သည်ကိုလည်း သဘောပေါက်လာကြ၍ဖြစ်သည်။ အထူးသဖြင့် ရေစီးပြင်းထန်လွန်းလှသော၊ ရေလွှမ်းမိုးမှုဖြစ်လေ့ဖြစ်ထရှိသော ယန်စီ Yangzi မြစ်ဝှမ်းဒေသဖြစ်စဉ်များအပေါ် သုံးသပ်မိကြ၍ ဖြစ်သည်။ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့သည် ရေလွှမ်းမိုးမှုဒဏ် အခံရဆုံးဖြစ်၍ သစ်တောများပြန်လည်စိုက်ပျိုးရေးကို အလျင်အမြန်ဆုံးနည်းလမ်းဖြင့် ကြိုးပမ်းနေကြသည်။ ထိုနိုင်ငံများတွင်လည်း အင်ဒိုနီးရှားနိုင်ငံကဲ့သို့ပင် တစ်ချိန်က သစ်တောများက ထူထပ်စွာ ရှိခဲ့ဖူးသည်။


ဝန်ခံချက်.......ဤဆောင်းပါးကို ဈေးကွက်ဆိုဒ်မှကူးယူဖော်ပြပါသည်။။။။

Saturday, January 19, 2008

၂၀၀၈ ကိုမျှော်ကြည့်ခြင်း

ဗင်နီဇွဲလားခေတ်စမ်းဆိုရှယ်လစ်၊ အရေးပါလာမည့် အိန္ဒိယ

၂၀၀၈ ခုနှစ်တွင်း စမ်းသပ်ကာလကို ဖြတ်ကျော်ရမည့် ဗင်နီဇွဲလား ခေတ်စမ်းဆိုရှယ်လစ်

လေးနှစ်တာကြာမျှတစ်နှစ်လျှင် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ငါးရာခိုင်နှုန်းနဲ့တိုးတက်လာခဲ့သော လက်တင်အမေရိကတိုက်အဖို့ ၂၀၀၈ ခုနှစ်သည် စမ်းသပ်ရမည့်ကာလဖြစ်မည်။ အမေရိကန်၏စီးပွားရေးကျဆင်းနေမှုသည် မက္ကဆီကို၊ အလယ်ပိုင်းအမေရိက(တောင်နှင့် မြောက်အမေရိကတိုက်ကြားဒေသ) နှင့် ကာရေဘီယံနိုင်ငံများကို ပြင်းထန်စွာထိခိုက်ခဲ့၏။ တောင်အမေရိကတိုက်ဒေသသည် တရုတ်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် လုံးဝမှီတည်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော ယင်းနိုင်ငံများမှထွက်သော ကုန်ပစ္စည်းများတင်ပို့မှုသည် တရုတ်နိုင်ငံသို့ အဓိကဖြစ်ကာ ကုန်ပစ္စည်းဈေးနှုန်းများမြင့်တက်ခဲ့၍ နိုင်ငံအများအမြတ်အစွန်းနှင့် ဝင်ငွေများစွာရခဲ့သည်။ ယင်းဒေသတွင်းရှိနိုင်ငံများ၌ တစ်မူထူးကဲစွာ ကွဲပြားသည့်မူဝါဒသတ်မှတ်လာမှုအပေါ် ရင်းနှီးမြုပ်နှံသူများက အလေးထားဆက်ဆံကြသည်။ အထူးသဖြင့် တင်းကျပ်သောငွေပေးချေမှု၊ အကြွေးယူမှုများစသည်နှင့် ပက်သက်သည်။ ရင်းနှီးမြုပ်နှံမှုနှင့် ပြည်တွင်းစားသုံးမှုသည် လက်တင်အမေရိကနိုင်ငံများတွင် ခိုင်ခိုင်မာမာတည်ရှိနေသည်။ ငွေကြေးဖောင်းပွမှုနှင့် ပြည်သူများ၏ ဘဏ္ဍာရေးသုံးစွဲမှုကိုလည်း ဒေသတွင်းနိုင်ငံအတော်များများက ထိန်းချုပ်ထားသည်။ အကြွေးယူမှုအချိုးအစားကိုလည်း ထိန်းချုပ်ထားသည်။ ထို့ကြောင့် ဒေသတွင်းစီးပွားရေးကပ်ဆိုးသစ်နှင့် တွေ့ဆုံဖွယ်ရှိသည်။ ဒေသတွင်းရှိ ကြီးမားသောနိုင်ငံများ၌ ၂၀၀၈ ခုနှစ်အတွင်း ရွေးကောက်ပွဲများမရှိပေ။ အလယ်အလတ်မူဝါဒကို ကိုင်စွဲသည့် အစိုးရများသည် ပြုပြင်ပြောင်းလဲမှု ပိုမိုပြုလုပ်ပေးရမည်။ ယခုနှစ်များအတွင်း လက်တင်အမေရိက၏ စီးပွားရေးမူဝါဒများနှင့် ကြိုးနီစနစ်တို့၏တိုက်ပွဲသည် ဆက်လက်ပြင်းထန်နေဦးမည်။ နောက်မျိုးဆက်သစ်များသည် ယင်းအရှိန်နှင့် ဂယက်များကို ခံစားကြရမည်။ သက်ဆိုင်ရာအစိုးရများ၊ ဘဏ္ဍာရေးမူဝါဒကို ပြင်ဆင်မှုပြုလုပ်ပြီး ပြည်သူတို့၏ ရင်းနှီးမြုပ်နှံမှုကဏ္ဍ ပိုမိုဖြစ်ထွန်းလာစေရန် ပြုလုပ်ကြရမည်။ ၂၀၀၈ ခုနှစ်တွင် ဒေသတွင်းရှိ ရှေးရိုးစွဲအစိုးရများသည် အခက်အခဲများစွာ ကြုံတွေ့ကြရမည်။ ဗင်နီဇွဲလားသမ္မတကြီး ဟူးဂိုးချားဗက်စ် Hugo Chavez သည် ဖွဲ့စည်းအုပ်ချုပ်ပုံသစ်အရ ငွေကြေးသစ်ဖြစ်သော ဘိုလီဗာ-Bolivar ကို စတင်အသုံးပြုမည်။



ယခုအသစ်ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၌ အပြောင်းအလဲသစ်များပါရှိသည်။ ပမာအားဖြင့် သမ္မတသက်တမ်းကန့်သတ်ချက်ကို လုံးဝဖျက်သိမ်းလိုက်ခြင်းမျိုးဖြစ်သည်။ ဗဟိုဘဏ်၏အရန်ငွေနှင့် ပက်သက်၍ ထိန်းချုပ်မှုများရှိလာမည်။ ဒေသဆိုင်ရာအာဏာပိုင်များအပေါ်၌ သြဇာသက်ရောက်မည်။ အကယ်၍ ရေနံစိမ်းဈေးထူးခြားစွာ ဇောက်ထိုးဆင်းသွားသည့်တိုင် သမ္မတချားဗက်စ်ကမူ သူ့ကို အတိုက်အခံပြုနေသောအင်အားစုများကို မျက်ကွယ်ပြုထားဦးမည်။ သူ၏အတိုက်အခံများက ဗင်နီဇွဲလားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု ထူးခြားစွာနှေးကွေးသွားမည်ဟု ခန့်မှန်းပြောဆိုလျက်ရှိသည်။ ပြည်သူများ၏ရေနံသုံးစွဲမှုကို ရေနံဈေးထိန်းချုပ်ထားမှုနှင့် ကာကွယ်ထားသော်လည်း အတိုက်အခံများက ကြိုပမ်းလျက်ရှိနေသေးသည်။ သမ္မတ၏ ၂၁ ရာစုဆိုရှယ်လစ်ဝါဒ တစ်ကျော့ပြန်ထွန်းကားလာရေးသည် ပျက်စီးသွားနိုင်သည်။ သို့သော် သမ္မတချားဗက်စ်ကမူ သူ၏ထိန်းချုပ်ထားမှုကို တိုး၍ တင်းကြပ်မည်ဖြစ်သည်။ တောင်အမေရိကတိုက်၌ လက်ဝဲလမ်း ကြောင်းလျှောက်လှမ်းမှုနှင့်ပက်သက်၍ တစ်ချိန်က ရိုမန်ကတ်သလစ်ဘုန်းတော်ကြီး ဖာနန်ဒိုလူဂို Fernando Lugo နှင့် သူ့အားထောက်ခံသူများပါဝင်သော လွတ်လပ်သည့်ဘုန်းတော်ကြီး အဖွဲ့အစည်းအကြောင်းကို အလေးထားကာကြည့်ရှုလေ့လာသင့်သည်။ လူဂိုသည် ပါရာဂွေးနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလကသမ္မတအဖြစ်အရွေးခံခဲ့ရသည်။ ထို့ကြောင့်ပင်ပါရာဂွေးနိုင်ငံ၌ နှစ် ၆၀ ကြာ အာဏာချုပ်ကိုင်ထားခဲ့သော ကိုလိုရာဒိုပါတီ၏ လွှမ်းမိုးမှုများဆုံးခန်းတိုင်ခဲ့သည်။ အဆိုပါ နိုင်ငံရေးပါတီသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး အာဏာရနိုင်ငံရေးပါတီကြီးလည်းဖြစ်သည်။ သို့သော် လူဂိုသည် ဘရာဇီးနိုင်ငံ၏ ဆိုရှယ်ဒီမိုကရက်သမ္မတ လွစ်အင်နာစီယိုလူလာဒါဆီလ်ဗာ Luiz Inacio Lula da Silva နှင့် အလွန်ရင်းနှီးသည်။ လူဂိုနှင့်ဆီလ်ဗာတို့၏ ရင်းနှီးမှုသည် ချားဗက်စ်ထက် ပိုနီးကပ်သည်ဟုဆိုနိုင်၏။ ချားဗက်စ်အပေါ် လွှမ်းမိုးထားသော လက်ဝဲအယူအဆသည် ၂၀၀၈ ခုနှစ်၌ တစ်နည်းတစ်ဖုံကျဆင်းသွားမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် အာဂျင်တီးနားနိုင်ငံမှ ခရစ္စတီနာ ဖာနန်ဒက်ဒီခရစ်နာ Cristina Fernandez de Kirchner ၏ ဖြစ်ရပ်သည် နမူနာယူဖွယ်ကောင်းသည်။ ခရစ္စတီးနားသည် သူ့ခင်ပွန်းဖြစ်သူ သမ္မတ Nestor ၏ အရိုက်အရာကို ဆက်ခံနိုင်ခဲ့သည်။ ခရစ္စတီနာသည် ၂၀၀၇ ခုနှစ်ဒီဇင်ဘာလ၌ပင် အာဂျင်တီးနားနိုင်ငံ၏ သမ္မတအဖြစ်အရွေးခံခဲ့ရသည်။ သို့သော် ခရစ္စတီနာသည် ၂၀၀၈ ခုနှစ၌ အခက်အခဲကြုံတွေ့ရနိုင်သည်။ ငွေကြေးဖောင်းပွမှုအန္တရာယ်က ထိန်းချုပ်၍မရနိုင်လောက်အောင် ကြီးမားနေသည်။ အာဂျင်တီးနားစီးပွားရေး ညှိးမှိန်နှေးကွေးသွားဖွယ်ရှိသည်။ ဘိုလီးဗီးယားနိုင်ငံမှ ဆိုရှယ်လစ်သမ္မတအီဗိုမိုရယ်လီး Evo Moralese သည် ၂၀၀၈ ခုနှစ်ကာလ၌ လက်တွေ့ပိုဆန်လာမည်။ ပမာအားဖြင့် ချီလီနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်ကို လက်တွေ့မြင်နေရ၍ဖြစ်သည်။ အီကွေဒေါနိုင်ငံသမ္မတ ရာဖယ်ကော်ရီယာ Rafael Correa ကလည်း တောင်အမေရိကတိုက်မှ တစ်မူထူးခြားသည့် သမ္မတတစ်ဦးဖြစ်သည်။ သူကလည်းဖက်ရှင်တစ်မျိုးထွင်လာကာ သူ့ကိုယ်သူ ၂၁ ရာစု၏ဆိုရှယ်လစ်ဝါဒီဟု ဆိုထားသည်။ သူသည်လည်း ၂၀၀၈ ခုနှစ်၌ အခက်အခဲကြုံရဖွယ်ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် သူ့နိုင်ငံသားတို့သည် အထိအခိုက်အခံ၊ စိတ်ဆတ်သည့်မျိုးနွယ်စုဝင်များဖြစ်၍ သူ့အနေနှင့်ထိန်းရသိမ်းရခက်မည်။


ဘရာဇီးနိုင်ငံ၏ တိတ်ဆိတ်မှု

တောင်အမေရိက၌ နယ်မြေဧရိယာကျယ်ဝန်းသည့် နိုင်ငံကြီးတစ်နိုင်ငံလည်းဖြစ်။ အင်အားအကြီးဆုံးလည်းဖြစ်သော ဘရာဇီးနိုင်ငံကမူ ပို၍တိတ်တိတ်ဆိတ်ဆိတ်နှင့် ငြိမ်သက်နေမည်။ ဘရာဇီးနိုင်ငံသည် သူလျှောက်လှမ်းခဲ့သော ပုံသဏ္ဍာန်အတိုင်းဖြည်းဖြည်းနှင့် မှန်မှန်တိုးတက်လာမည်။ သူ့နိုင်ငံကလည်း ဖွံ့ဖြိုးတိုးတက်နေမည်။ သူ့စီးပွားရေးဖွံ့ဖြိုးမှုသည် လေးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းကြား၌ ပုံမှန်ရှိနေ၏။

မက္ကဆီကိုနိုင်ငံ

မက္ကဆီကို သမ္မတဖီလစ်ကာလ်ဒီရွန် Felipe Calderon ကမူ ၂၀၀၈ ခုနှစ် တစ်နှစ်လုံး နိုင်ငံပိုင်စွမ်းအင်လက်ဝါးကြီးအုပ်ထားမှုကို ဖြေလျော့ပေးရန်အတွက် ဆွေးနွေးမှုများနှင့် အချိန်ကုန်ဆုံးပေလိမ့်မည်။ သူ့စိတ်ဆန္ဒနှင့်အညီ လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မည်ယူဆရသည်။ ရေနံထုတ်လုပ်မှုကျဆင်းနေခြင်းကို ပြန်လည်ပြုပြင်နိုင်မည့်အခွင့်အလမ်းများ မက္ကဆီကိုနိုင်ငံသည် ရနိုင်ကောင်းသည်ဟုယူဆရသည်။

ပီရူးနိုင်ငံ

ပီရူးနိုင်ငံသမ္မတ အလ်လနှ်ုဂါစီယာ Alam Garcia ကလည်း တစ်မျိုးတစ်ဖုံ။ သူ့ကိုယ်သူ Neoliberal လက်သစ်အလယ်လမ်းဝါဒီဟု ကင်ပွန်းတပ်ထားသည်။ သူသည် မကြာလှသောကာလများအတွင်းရှိ ဥရောပ EU နှင့် လက်တင်အမေရိကတိုက်တို့နှင့်အတူ ပူးတွဲကျင်းပမည့် ထိပ်သီးအစည်းအဝေးနှင့် အာရှပစိဖိတ်စီးပွားရေးကော်မတီ Apec အစည်းအဝေးများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ဖို့ ကြိုးစားနေသည်။ EU- လက်တင်အမေရိကထိပ်သီးအစည်းအဝေးကို ၂၀၀၈ ခုနှစ်မေလ၌လည်းကောင်း၊ Apec အစည်းအဝေးကို နိုဝင်ဘာလ၌လည်းကောင်း ကျင်းပမည်။ ယင်းအစည်းအဝေးမျေားကျင်းပဖြစ်သည်နှင့် သူ့နိုင်ငံသည် ဥရောပအပါအဝင် အာရှဒေသများနှင့် ကုန်သွယ်ဆက်ဆံမှုပိုမိုရရှိလာမည်။

ကိုလံဘီယာ

ကိုလံဘီယာသမ္မတ အလ်ဗာရိုအူရစ် Alvaro Uribe ကမူ ၂၀၀၇ ခုနှစ်ကထက် ၂၀၀၈ ခုနှစ်တွင် အခြေအနေပိုကောင်းမည်။ အမေရိကန်နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် Free Trade Agreement-FTA ရရှိသည်နှင့် လက်ျာယိမ်းစစ်သွေးကြွများ၏ ထောက်ခံပံ့ပိုးမှုရရှိမည်။

ဒိုမီနီကန်သမ္မတနိုင်င်

သမ္မတလီယိုနယ်ဖာနန်ဒက် Leonel Fernandez သည် ၂၀၀၈ ခုနှစ်မေလတွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ တတိယအကြိမ်ပင် အရွေးခံမည်။ နိုင်မည်ကလည်းသေချာနေသည်။ ပျော့ပျောင်းသော ဆိုရှယ်လစ်ဒီမိုကရက်တစ်ဦးဖြစ်သည်။ သူ၏သမ္မတသက်တမ်းနှစ်ကြိမ်အတွင်း နိုင်ငံ၏စီးပွားရေးတစ်ဟုန်ထိုး တက်လာခဲ့သည်။ ၁၉၉၀ ခုနှစ်အလယ်နှစ်များ၌ ပထမတစ်ကြိမ်၊ ၂၀၀၄ ခုနှစ်၌ ဒုတိယတစ်ကြိမ် သမ္မတဖြစ်ခဲ့သည်။

ဘရာဇီးနှင့် ချီလီနိုင်ငံများ

ဘရာဇီးနှင့် ချီလီနိုင်ငံများ၌ ၂၀၀၈ ခုနှစ်တွင် မြူနီစပယ်ရွေးချယ်ပွဲကျင်းပမည့် ဒီမိုကရေစီသည် ဒေသတွင်း၌ ပြိုင်ဘက်ကင်းသော လမ်းစဉ်ဖြစ်ကြောင်းပြသနိုင်လိမ့်မည်။

ဝန်ခံချက်.......ဤဆောင်းပါးကို ဈေးကွက်ဆိုဒ်မှကူးယူဖော်ပြသည်။

Friday, January 18, 2008

၂၀၀၈ ခုနှစ်ကို မျှော်ကြည့်ခြင်း
အမေရိကမှာ ဒီမိုကရက် --- ဗြိတိန်မှာ ကွန်ဆာဗေးတစ်

သူ့ကိုနှစ်သက်သည် ဖြစ်စေ၊ မုန်းသည်ဖြစ်စေ မဲဆန္ဒရှင်များ၏ ဆန္ဒအရသူသမ္မတဖြစ်လာခဲ့သည်။ ပထမ လေးနှစ်သက်တမ်းစေ့တော့ ဒုတိယလေးနှစ်သက်တမ်းအတွက် ဆက်လက်ရွေးချယ်ခံခဲ့ရသည်။ ယခုထိ အမေရိကန်နိုင်ငံသား သုံးပုံတစ်ပုံတို့က သူ့ကိုထောက်ခံလျက်ရှိသေးသည်။ ဂျော့ဘုရှ်သည် အမေရိကန်သမ္မတအဖြစ် ၂၀၀၈ ခုနှစ်တစ်နှစ်လုံးရှိနေဦးမည့်အပြင် ၂၀၀၉ ခုနှစ် ပထမရက် ၂၀ အထိ ရှိနေဦးမည်။

ဒီမိုကရက်ပါတီကြီးစိုးထားသော ကွန်ဂရက်များ၏အနေအထားများရှိနေမှုများကြောင့် ယခုတစ်ကြိမ် သမ္မတရွေးပွဲသည် နှစ် ၈၀ အတွင်း စိတ်ရှုပ်ထွေးစရာများနှင့် ပြည့်နှက်နေသည့် ကာလဖြစ်သည်။ ၂၀၀၈ ခုနှစ်သည် အမေရိကန်နိုင်ငံရေးလောက၌ မအီမသာဖြစ်နေမည့် ကာလတစ်ခုအဖြစ်တွေ့ကြရမည်ဖြစ်သည်။

ပြည်တွင်းရေးမူဝါဒ

ပြည်တွင်းရေးကို ကြည့်မည်ဆိုလျှင် သမ္မတဘုရှ်သည် သူတစ်ဦးတည်းလွတ်လပ်စွာ ဆောင်ရွက်မည့်အခွင့်အလမ်းတွေ အပြည့်အဝရှိနေသည်။ အချို့သောကဏ္ဍများ၌ တိုးတက်လာမှုတွေ့ရ၍ ပိုမိုကောင်းမွန်လာသည်ဟု ယူဆရပေတော့မည်။

သို့သော် သူသည်တမူထူးခြားပြီး အလွန်အမင်းအင်အားချည့်နဲ့နေသည်။ သူရင်ဆိုင်နေရသော ပြသာာနာများကား အလွန်ဖြေရှင်းရခက်သည်။ ထို့ကြောင့်ပင် သူတာဝန် ထမ်းဆောင်နေစဉ် တိုးတက်လာသည်ဆိုသော အခြေအနသည် အနည်းငယ်သာရှိပေလိမ့်မည်။ ခြားနားသော ဖြစ်ရပ်များကမူရှိနေသည်။ အစိုးရ၏အာဏာခွဲဝေမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးရလဒ်နှင့်ပက်သက်သည့် ဥပမာ၊ ဥပမေယျများသမိုင်း၌ များစွာရှိသည်။ ယေဘုယျအားဖြင့် ထိုကဲ့သို့သော အခြေအနေအောက်တွင် နိုင်ငံရေးပါတီများအပေါ် ညီမျှသောနိုင်ငံရေးအန္တရာယ်နှင့် ရင်ဆိုင်ကြရတတ်သည်။ ထိုအခါ ကြမ်းတမ်းသောပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြရသည်။ ၂၀၀၇ ခုနှစ်သည် ပြည်တွင်းရေးမူဝါဒနှင့်ပက်သက်၍ အလွန်အမင်း စိတ်သောကကြုံကြရသည့်နှစ်ဖြစ်သည်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တိုက်ခိုက်ခံရမှုများကြောင့် သေကျေဒဏ်ရာအနာတရဖြစ်မှုများ ရှိနေခဲ့ရာအဆုံးတွင် လွတ်လပ်လှပါသည်ဆိုသော အမေရိကန်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြုပြင်ပြောင်းလဲခဲ့ရသည်။ ဒီမိုကရက်တစ်ပါတီ၏ ကာဘွန်ဓာတ်ငွေ့ထုတ်လုပ်မှု တားဆီးရေးအစီအစဉ်ကို လက်ရှိဘုရှ်အစိုးရက သဘောမကျသော်လည်း လိုက်လျောအလျော့ပေးကာ ပြောင်းလဲပေးကောင်းပေးရမည်။ ပမာအားဖြင့် ကားများမှ ထွက်လာသော ကာဘွန်အညစ်အကြေးများနှင့် ပက်သက်၍ တင်းကြပ်သောစံများ သတ်မှတ်ရမည့် အဖြစ်မျိုးဖြစ်သည်။ အခြားပြည်တွင်းရေးကိစ္စရပ်များ၌ အလောတကြီးပြောင်းလဲရန်လိုအပ်လာနိုင်သော်လည်း သူ့လက်ထက်၌ ဘာမျှမည်မည်ရရဖြစ်မလာနိုင်။ ပမာအားဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူမှုဝန်ထမ်းကိစ္စများ၌ ဖြစ်သည်။ ယင်းအစီအစဉ်မှာ အစိုးရသစ်ပေါ်လာသည့် အခါမှသာ ဖြစ်လာမည်ဟုလူများက စောင့်ကြည့်နေကြသည်။

နိုင်ငံခြားရေးမူဝါဒ

အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ထင်သာမြင်သာမရှိသော်လည်း ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်။ သမ္မတဘုရှ်နှင့်သူ၏ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်တို့သည် ဥရောပတိုက်နှင့် အာရှတိုက်ရှိသူတို့၏ မဟာမိတ်များကြားကောင်းမွန်သော ဆက်ဆံရေးတံတား ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေကြသည်။ အထူးသဖြင့် ရိုက်စ်သည် ၂၀၀၈ ခုနှစ်၌ ယင်းလုပ်ငန်းကို ရှေ့တန်းမှ နေ၍ ဆက်လက်လုပ်ဆောင်နေရပေမည်။ ယင်းတို့ဒေသတိုက်ကြီးများ တစ်ခုနှင့်တစ်ခု ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည့်ကိစ္စရပ်များကို စိတ်ရောကိုယ်ပါကူညီမည့်သူမှာ ပြင်သစ်သမ္မတကြီး နစ်ကိုးလပ်ဆာကိုဇီဖြစ်သည်။ ဂျာမနီနိုင်ငံအဓိပတိ အန်ဂျလာမာကဲလ်ကလည်း အမေရိကန်နှင့် ဂျာမနီနှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြောင်းလဲပစ်လိုမည့်ပုံကို တွေ့နေရသည်။ ဥရောပ သံတမန်များမျှော်လင့်ထားသည့် အချက်တစ်ခုမှာ အမေရိကန်တို့အနေဖြင့် နိုင်ငံစုံပါဝင်သော အဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂနှင့်အတူ ဆက်လက်ကြိုးစားအားထုတ်လာမည့် ကိစ္စဖြစ်သည်။ မြောက်ကိုးရီးယားနိုင်ငံ၌ ညူလက်နက်ပြသာာနာရှင်းလင်းသွားခြင်းကြောင့် အမေရိကန်နှင့် အာရှဒေသဆက်ဆံရေး၌ အသီးအပွင့်များကို တွေ့ကြရသည်။ သို့သော် အီရတ်နှင့် အီရန်ပြသာာနာကမူ နိုင်ငံခြားရေးမူဝါဒ၌ တစ်သီးတစ်ခြားဖြစ်နေသည်။ သမ္မတဘုရှ်သည် ယင်းကိစ္စကို ရှင်းလင်းပေးခဲ့ရသည်။ ယင်းအရပ်ဒေသ၌ ခန့်မှန်းခြေအရ တပ်ဖွဲ့ဝင်တစ်သိန်းခန့်သာ ချထားရန် သူသမ္မတတာဝန်စွန့်လွှတ်ချိန်၌ ဆုံးဖြတ်ချက်ချပေးရမည်။ ထိုနေရာ၌ တိုးတက်မှုရှိသည်ဖြစ်စေ၊ အခြေအနေဆိုးရွားသထက်ဆိုးရွားသည်ဖြစ်စေ သူ့အနေနှင့် တတ်စွမ်းသရွေ့ တားဆီးပေးရမည်။ ကွန်ဂရက်လွှတ်တော်၌ ရှိနေသော ဒီမိုကရက်တစ်ပါတီဝင် အမတ်များက ၂၀၀၇ ခုနှစ်၊ နွေရာသီ၌ ယင်းစစ်ပွဲအဆုံးသတ်ရန် အားမထုတ်နိုင်ခဲ့ပေ။ ၂၀၀၈ ခုနှစ်တွင်လည်း ပို၍အင်အားသုံးပြီး ကြိုးစားမည့်ပုံလည်း ပေါ်မလာနိုင်ပေ။ ယင်းအဓိပ်ပါယ်မှာ သမ္မတဘုရှ်နေရာကို ဆက်ဆံမည့် မည်သူမဆို အမျိုးသမီးသမ္မတဖြစ်စေ၊ အမျိုးသားသမ္မတဖြစ်စေ၊ သမ္မတဖြစ်လာမည့် သူ၏ ပထမလေးနှစ်သက်တမ်းတွင် အီရတ်နိုင်ငံ၏ ပြသာနာသည် အဆိုးဆုံးအမွေဆက်ခံရမှုဖြစ်လာသည်။ အီရန်ကိစ္စကမူ တစ်မျိုးဖြစ်သည်။ ဘုရှ်၏နောက်ဆုံးနှစ်ကာလ၌ သူမည်သို့ကိုင်တွယ်ခဲ့သနည်း။ သူ့ကိုင်တွယ်ပုံသည် အဓိကသော့ချက်ဖြစ်လာမည်။ ဘုရှ်အစိုးရသည် နိုင်ငံပေါင်းစုံပါဝင်သော သံတမန်ချည်းကပ်နည်းဖြင့် အပြင်းအထန်ကြိုးစားအားထုတ်ခဲ့သည်။ မည်သို့မျှအကျိုးဖြစ်မလာ။ ယခုထက်တိုင်ဖြစ်နိုင်သည့် အခြေအနေပေါ်မလာ။ ထူးခြားမလာသည့်အတွက် အမေရိကန်နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် သူ့သဘောတစ်ခုတည်းနှင့် အားထုတ်ရတော့မည်။ ယင်းသို့သာဖြစ်လာပါက သူ့မဟာမိတ်များနှင့် ဆက်ဆံရေးသည် ထူးခြားစွာနောက်သို့ဆုတ်သွားပေလိမ့်မည်။

ပထမသက်တမ်း၌ မိမိသဘောကျ၊ နောက်သက်တမ်း၌ မူဝါဒ

အမေရိကန်ပြည်တွင်း၌ပင် လူအနည်းငယ်ခန့်က စိတ်ဝင်စားမှုရှိသည်။ ၂၀၀၈ ခုနှစ် သမ္မတရွေးချယ်ပွဲအတွက် နိုင်ငံရေးလှုပ်ရှားမှုများဖြင့် စခန်းသွားနေလိမ့်မည်။ ဒီမိုကရက်တစ်တို့သည် ဆီးနိတ်လွှတ်တော်အတွင်း၌ အမတ်အများစုရထားသည့် လက်ရှိအခြေအနေကို ကျော်လွန်သွားအောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

လုပ်ငန်းစဉ်မတူသော အဆင့်နှစ်ခုကို ဖြတ်ကျော်ရတော့မည်။ လာမည့်နှစ်၏ ပထမပိုင်းလများ၌ သမ္မတရွေးကောက်ပွဲ ပဏာမအခြေခံအဆင့်အတွက် ဆောင်ရွက်နေခြင်းဖြင့် အချိန်ကုန်ဆုံးသွားမည်။ ယင်းကာလဆောင်ရွက်မှုများသည် မူဝါဒထက်ပုဂ္ဂိုလ်ရေးရာထိုးနှက်ချက်များအကြောင်းနှင့်သာ အချိန်ကုန်ဆုံးမည်။ ထို့နောက် သက်ဆိုင်ရာပါတီက သမ္မတလောင်းအတွက် နောက်ဆုံးရွေးချယ်မှု အဖြေထွက်လာသည့်အခါ မူဝါဒချမှတ်ရေးလည်း ရုပ်လုံးပေါ်လာမည်။ ယင်းသို့ဖြစ်ရခြင်းမှာ ပါတီအတွင်း သဘောတူညီမှုရရှိစေရန် ကြိုးစားနေရ၍ ဖြစ်သည်။ ပါတီတစ်ခုနှင့်တစ်ခုကြား မတူညီသောကွဲပြားမှုပုံသဏ္ဍာန်များကို ပီပီပြင်ပြင်တွေ့ကြရမည်။ ဒီမိုကရက်တစ်ပါတီဝင်များအကြား၌သာ ယင်းဖြစ်ရပ်ကို တွေ့ကြရပြီး ရီပတ်ဘလီကန်ပါတီဝင်များကြား၌ တွေ့ရမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မတဘုရှ်အနေနှင့် အခွန်ကောက်မှုလျော့ချရန် ရုပ်သိမ်းရန်လို၍ဖြစ်သည်။ သို့မှလည်း မဲဆန္ဒရှင်များက ဟီလာရီကလင်တန်နှင့် ဘာရက်အိုဘားမားတို့နှစ်ဦးအမြင် တူညီမှုမရှိဘဲ များစွာခြားနားနေကြောင်း တွေ့ကြရမည်။ ဟီလာရီကလင်တန်သည် အိုဘားမားနှင့် ယှဉ်ပြိုင်လျှင် အီရတ်နိုင်ငံမှ တပ်များရုပ်သိမ်းရန်ကိစ္စကို အလွန်သတိကြီးစွာထားရန်နှင့် အီရန်ကိစ္စအပေါ်၌မူ တင်းမာသောသဘောထားရှိကြောင်း ပြရမည်။ သို့သော် ရီပတ်ဘလီကန်ပါတီက နောက်ဆုံးအဆင့်သမ္မတလောင်း ရွေးချယ်ပြီးသွားလျှင်ရွေးကောက်ပွဲ၌ အနိုင်ရရန်အတွက် ပိုမိုကွဲပြားသောအမြင်များကို ထုတ်ဖော်ရတော့မည်။ ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းများသည်လည်း ကိုယ်ကျင့်တရား။ ကိုယ်ဝန်ဖျက်ချမှုနှင့် လိင်တူချင်းလက်ထပ်မှုကိစ္စများအပေါ် အဆုံးအဖြတ်ပေးရမည်။ လာမည့်ရွေးကောက်ပွဲကာလ မဲဆွယ်ပွဲများ၌ အီရတ်ပြသာနာသည် အလွန်စိတ်လှုပ်ရှားဖွယ် ကိစ္စရပ်တစ်ခုဖြစ်သည်။ သို့သော် အထူးခြားဆုံးသော ကိစ္စရပ်မှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အရေးဖြစ်ပေသည်။ အကယ်၍ ၂၀၀၈ ခုနှစ်တွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ကြီးကြီးမားမားတစ်ခုပေါ်ပေါက်လာပါက လုံခြုံရေးကိစ္စသည် အဓိကပြသာနာတစ်ခုဖြစ်လာကာ ရီပတ်ဘလီကန်သမ္မတလောင်းက မမျှော်လင့်ဘဲ နိုင်ကောင်းနိုင်သွားမည်ဖြစ်၏။ ထိုအချိန်၌ နိုင်ငံ၏စီးပွားရေးသည် ထူးထူးခြားခြားရပ်တန့်သွားလျှင် ဒီမိုကရက်တစ်ပါတီသမ္မတလောင်းက အနိုင်ရသွားနိုင်သည်။

ကျန်းမာရေးသည် အဓိက

အမေရိကန်နိုင်ငံရှိ မဲဆန္ဒရှင်များက သမ္မတလောင်းကို အဓိကထားရွေးချယ်သည့်ကိစ္စမှာ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် သဘောထားဖြစ်သည်။ မဲဆန္ဒရှင်များက သိလိုကြ၊ မေးလိုကြသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ပြည်ထောင်စုအစိုးများထံမှ မည်မျှသော ငွေကြေးထောက်ပံ့မှုရမည်နည်း။ ဆိုလိုသည်မှာ US$ ဘီလီယံ ၁၀၀ မှ US$ ဘီလီယံ ၂၀၀ အထိ ပြည်နယ်အစိုးရများက သုံးစွဲမည်လော။ အမေရိကန်နိုင်ငံတွင် ပြည်သူသန်း ၅၀ တို့သည် ကျန်းမာရေးအတွက် အာမခံချက်ချို့တဲ့နေကြသည်။ ဆေးဝါးကုသမှု၌ ထောက်ပံ့ငွေလည်းမရကြ။ ကျန်းမာရေးပြုစုစောင့်ရှောက်မှုလည်း မခံရ။ အကယ်၍ ကြီးမားသော ရောဂါဘယခံစားရပါကဆိုသော ထိတ်လန့်စိုးရိမ်မှုများက သူတို့စိတ်ဝယ်အစဉ်ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် အချိန်မီဆေးကုသမှုမရရှိပါက သူတို့ဘဝပျက်ဖို့သာ ရှိနေတော့သည်။


ဝန်ခံချက်........ဤဆောင်းပါးကို ဈေးကွက်ဆိုဒ်မှကူးယူဖော်ပြပါသည်။