Friday, April 25, 2008

အိုပရာဝင်းဖရေးရဲ့ နေခြင်းအဓိပ္ပာယ်

လူထုစိန်ဝင်း
နိုဝင်ဘာလ ၁၄၊ ၂ဝဝ၅ခုနှစ်ထုတ် နယူးစ်ဝိခ်မဂ္ဂဇင်းက မျက်နှာဖုံး အထူးဆောင်းပါး အဖြစ် လုပ်ငန်းခွင်အမျိုးမျိုးမှာ အောင်မြင်မှု အရဆုံး အမျိုးသမီး ၁၅ယောက်ရဲ့ အကြောင်းနဲ့ သူတို့ထိပ်ဆုံးတန်း ရောက်လာပုံ အကြောင်းများကို ရေးသားတင်ပြထားပါတယ်။ အဲဒီထဲက မြန်မာ လူမျိုးများနဲ့ ရင်းနှီးနေပြီဖြစ်တဲ့ သဘင်လောကရဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဘီလျံနာ Oprah Winfrey ကိုယ်တိုင် ပြောပြတဲ့ သူ့ဇာတ်ကြောင်းကို တစ်ဆင့် ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။
"OPRAH WINFREY"
ဇာတိ...
မစ္စစ္စီပီပြည်နယ်။ Kosciusko မှာ ဇန်နဝါရီလ ၂၉၊ ၁၉၅၄ခုနှစ်မွေး။
ပညာရေး...
တင်နက်ဆီပြည်နယ်တက္ကသိုလ် တက်ရောက်။
အိမ်ထောင်ရေး...
လက်မထပ်ရသေး။ ဒါပေမယ့် Stedman Graham နဲ့အတူနေတာ နှစ်ပေါင်း ၂ဝရှိပြီ။
ပထမဆုံးအလုပ်...
Nasville ရေဒီယိုမှာ သတင်း ကြေညာသူ။
ဘဝအောင်မြင်မှုများ...
၁၉၈၆ခုနှစ်က အော်စကာဆုအတွက် အရွေးခံရ။ ၁၉၈၆ခုနှစ်ကစပြီး တီဗွီမှာ National Show အစီအစဉ် တင်ဆက်သူလုပ်။ ပထမဆုံး လူမည်းအမျိုးသမီး ဘီလျံနာဖြစ်လာ။
ကျွန်မက သူလိုငါလိုပဲ ကြီးပြင်းလာတာပါ။ အောင်မြင်ဖို့အတွက် ကျွန်မ အများကြီးကိုကြိုးစားခဲ့ရတယ်ဆိုတာ လူတိုင်းသိပါတယ်။ စစချင်းကတော့ အလုပ်တစ်ခုအနေနဲ့ လုပ်ခဲ့တာပါပဲ။ အဲဒီတုန်းက အသက် ၁၉နှစ်ပဲ ရှိသေးတယ်။ ရုပ်မြင်သံကြားအစီအစဉ်မှာ ပါလာလိမ့်မယ်ဆိုတာ ကိုယ့်ဟာကိုယ်တောင် မယုံကြည်မိဘူး။ ပထမဆုံးအလုပ်က တစ်နှစ်ကို ဒေါ်လာ ၁ဝဝဝဝ ရပါတယ်။ ကျွန်မက ကျွန်မအသက်နဲ့ညီမျှတဲ့ ဝင်ငွေရဖို့မျှော်လင့်ထား ပါတယ်။ အသက် ၂၂နှစ်ကျတော့ ဒေါ်လာ၂၂ဝဝဝ ရပါတယ်။ အဲဒီတုန်းက ဘာလ်တီမိုးက ရုပ်မြင်သံကြားဌာန သန့်စင်ခန်းထဲမှာ ကျွန်မသူငယ်ချင်း Gayle နဲ့ အတူပျော်လွန်းလို့ ကခုန်ခဲ့မိတာကို သတိရမိပါသေးတယ်။
"အသက် ၄ဝကျရင် ဝင်ငွေ ၄ဝဝဝဝ ရမယ်ဆိုတာ ယုံနိုင်ရဲ့လား" လို့ ဝမ်းသာအားရပြောမိတယ်။ ချီကာဂိုမှာ တစ်ယောက်တည်း စီစဉ်ဆောင်ရွက်ရတဲ့ ပွဲကြီးသွားတော့ ကျွန်မမှာ အောင်မြင်အောင်လုပ်နိုင်တဲ့ အရည်အသွေးတွေရှိနေတယ်လို့ ကိုယ့်ဟာကိုယ် သိသွားပါတယ်။ အဲဒီ အချိန်ကစပြီး ကိုယ့်ပင်ကို အရည်အချင်းကို အသုံးချပြီး ကမ္ဘာကြီးမှာ အကောင်းဆုံး လုပ်သွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကမ္ဘာကြီးကလည်း အကောင်းဆုံး ပြန်ပေးခဲ့ပါတယ်။
ကျွန်မရဲ့ပွဲတွေအောင်မြင်တာက ကျွန်မဟာ အမြဲတမ်း အမှန်တရားအတွက် ဦးတည်လို့ ဖြစ်တယ်ထင်ပါတယ်။ ကျွန်မက လူတွေရဲ့ နာကျင်မှုတွေနဲ့ လူတွေရဲ့အစွမ်း အစတွေကို အမြဲတမ်း ထင်ဟပ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မကိုယ်တိုင်ဒါတွေကို ဖြတ်သန်းခဲ့လို့ဖြစ်တယ်၊ ကျွန်မ စကားပြောခဲ့ဖူးတဲ့ လူထောင်ပေါင်းများစွာဆီကနေပြီး ကျွန်မသိလာခဲ့ရတာကတော့ လူသားအားလုံးမှာရှိတဲ့ တူညီချက်ဟာ ကိုယ့်စကားသံတွေကို လူတွေကြားစေချင်တာ ဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အဲဒီ နားလည်မှုတွေ၊ အဲဒီဆက်စပ်မှုတွေက ကျွန်မကို အတောင်တပ်ပေးလိုက်ကြတာ ဖြစ်တယ်။ ကျွန်မဟာ ဘယ်သူနဲ့မဆို၊ ဘာ အကြောင်းအရာကို မဆို၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု၊ တစ်ဦးသိက္ခာကို တစ်ဦးရိုသေမှုနဲ့ ပြောဆိုဆက်ဆံနိုင်တယ်ဆိုတာ သိခဲ့ရလို့ဖြစ်တယ်။
ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ ဘဝမှာပဲဖြစ်ဖြစ်၊ လေလှိုင်းက တစ်ဆင့် တစ်လောကလုံးကို တင်ပြတဲ့အခါပဲဖြစ်ဖြစ်၊ ကျွန်မဟာ အသိစိတ်ဓာတ်ရှိရှိနဲ့ အမြဲသတိကြီးစွာ ထားပြီး လုပ်ကိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မဟာ နိုင်ငံပေါင်း၁၁၈နိုင်ငံမှာ ရှိကြတဲ့ မတူခြားနားတဲ့ အမြင်ပေါင်းများစွာရှိကြတဲ့ လူသန်းပေါင်းများစွာကို ပြောနေတာဖြစ်ကြောင်း သဘောပေါက်ထားလို့ ဖြစ်ပါတယ်။ လူတွေရှေ့မှာ ကျွန်မ ပြောဆို လုပ်ကိုင်နေသမျှဟာ ကျွန်မကိုယ်တိုင် ယုံကြည်တဲ့အတိုင်း၊ ကျွန်မကိုယ်တိုင် လုပ်ကိုင်တဲ့ အတိုင်းဖြစ်ပါတယ်။
ကျွန်မ အခုရောက်ရှိနေတဲ့နေရာဟာ လောကကြီးထဲမှာ ကျွန်မအတွက် သိပ် များများစားစားမကျန်တော့တဲ့နေရာလေးသာ ဖြစ်တယ်ဆိုတာ ကျွန်မနားလည်ထား ပါတယ်။ တန်ခိုးရှင် တစ်ယောက်ယောက်က ကျွန်မကို နောက်ထပ် နှစ်၅ဝလောက် ဆက်ပြီး အသက်ရှင် နေနိုင်အောင် လုပ်မပေးဘူးဆိုရင် ပြောတာပါ။ ဒီလို ကိုယ့်အတွက် အချိန်သိပ်များများ မကျန်တော့ဘူးဆိုတာကို သိထားတော့ တွန်းအားတွေလည်း အဆက်မပြတ်ရှိနေတာပေါ့။
အောင်မြင်မှုဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံကြီးချဲ့ပြတဲ့ မှန်ဘီလူးဖြစ်တယ်။ ကိုယ့်အကြောင်း ကိုယ်ပိုသိလေ၊ ပိုပြီး တွန်းအားတွေကြီးမားလေ ဖြစ်တယ်။ ပိုက်ဆံချမ်းသာတာရဲ့ လှပတဲ့ အချက်ကလေးတစ်ခုကတော့ စားဝတ်နေရေးအတွက် ပူပင်ကြောင့်ကြ မနေရဘဲ၊ အရေးပါတဲ့ကိစ္စတွေအတွက် ပိုပြီးအာရုံစိုက်နိုင်ခြင်း ဖြစ်တယ်။ ကိုယ့်ရဲ့လူဖြစ်ခြင်းဆိုတာကို အဆင့်မြှင့်ဖို့ဘာလုပ်နိုင်သလဲ၊ ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘာလဲဆိုတာကို ကောင်းကောင်းအသုံးချပြီး၊ ကိုယ့်ထက်အဖိုးတန်တဲ့ ကိစ္စတွေကို ဘယ်လိုစွမ်းဆောင်နိုင်မလဲ၊ ကိုယ့်စိတ်ဝိညာဉ်ရဲ့ စွမ်းအင်တွေနဲ့ ကိုယ့်ဘဝ သဟဇာတဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲ၊ ကိုယ့်ဘဝကို ကိုယ့်ဝိညာဉ်အတွက် ဘယ်လိုအသုံးချရမလဲဆိုတာမျိုး တွေပေါ့။ ကျွန်မရဲ့အဖြေက နောက်ဆုံးတော့ ကျွန်မဆီပြန်ရောက်လာတာချည်းပါပဲ။
ကိုယ့်ကိုယ်ကို မသိရင် လောကကြီးထဲမှာ အဆင့်မြင့်တဲ့ဘဝကို မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်မှုမရှိဘဲနဲ့ လွတ်လပ်စွာ မလှုပ်ရှားနိုင်ဘူး၊ လွတ်လပ်စွာမပြောနိုင်ဘူး၊ လွတ်လပ်စွာ မလုပ်နိုင်ဘူး၊ လွတ်လပ်တဲ့ ဘဝကိုလည်း မရနိုင်ဘူး။
ကျွန်မတွေ့ဖူးသမျှ အမျိုးသမီးခေါင်းဆောင်တွေဟာ ပကတိအသိစိတ်နဲ့ လုပ်ကိုင်တဲ့နေရာတွေမှာ ယောက်ျားတွေ ထက်သာကြတယ်။ ကျွန်မကိုယ်တိုင်လည်း မွေးရာပါ သန္ဓေစိတ်အား ကောင်းပါတယ်။ လုပ်ငန်းခွင်မှာ ဆုံးဖြတ်ချက်မှားယွင်းခဲ့တာ မှန်သမျှ၊ ဝမ်းတွင်းပါ အသိစိတ်ကပြောတဲ့အတိုင်း လိုက်မလုပ်မိတာတွေချည်း ဖြစ်ပါတယ်။ ကျွန်မ အမြဲပြောလေ့ရှိတာက "ဘုရား အာရုံပြုလိုက်ဦးမယ်" ဆိုတာဖြစ်ပါတယ်။ တစ်ခါတလေ တကယ်ပဲ ဘုရားအာရုံပြုပါတယ်။ တစ်ခါတလေကျတော့ ဘာမှမဆုံးဖြတ်ဘဲ "တစ်ရေးနိုးသော် အကြံပေါ်" ဆိုသလို မနက်မိုးလင်းရင် အကြံကောင်းဉာဏ်ကောင်းရ လာမလားဆိုပြီး စောင့်ဆိုင်းနေတတ်ပါတယ်။ ကျွန်မ အတွက်တော့ စိတ်ထဲမှာ(doubts) မသိုးမသန့်ဖြစ်နေရင် ဘာမှမလုပ်နဲ့ (don't) ပဲ။ စိတ်ထဲမှာ ဝေခွဲမရနဲ့ သံသယတွေများနေရင် သံသယတွေမပျောက်မချင်း ဘာမှကို မလုပ်နဲ့တော့ပဲ။ ကျွန်မရဲ့စိတ်ဟာ တကယ် တကယ့်ကို မနောဓာတ်ရနေတဲ့သူလိုဖြစ် နေပါတယ်။
ကျွန်မက အမျိုးသမီးတွေကို အမြဲပြောတယ်။ ကိုယ့်ကိုယ်ကို အမြဲပြည့်အောင် ဖြည့်နေရမယ်။ ဒါမှ ကိုယ်က သူများကို ပေးနိုင်မှာ။ ဘာမှမရှိဘဲနဲ့ ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်လုပ်ငန်းအတွက် ဘာလုပ်ပေးနိုင်မှာလဲ။ ကျွန်မက အကြာကြီး ဟန်းတမ်းလုပ်ကိုင်နေရပြီဆိုရင် အလိုလို သိလာတယ်။ ဆီကုန်သွားတဲ့အင်ဂျင်လို ဖြစ်သွားတယ်။ လုပ်ရကိုင်ရတာ တယ်ပြီး စိတ်မပါတော့ဘူး။ အဲဒါကြောင့် ကိုယ့် ကိုယ်ကို ပြန်ပြီး ဆီဖြည့်ဖို့ အချိန်ပေးရတယ်။ ကျွန်မကတော့ တောအုပ်ထဲမှာ ခွေးတွေဆွဲပြီး လမ်းလျှောက်ပါတယ်။တစ်ခါတလေကျတော့ သစ်ပင်အောက်ထိုင်ပြီး စာဖတ် ချင်ဖတ်တယ်။ တစ်ခါတလေ ဘာမှကို မလုပ်ဘဲ ထိုင်နေတယ်။ အားပြန်ဖြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်မအတွက် အထူးကို လိုအပ်ပါတယ်။
ခုလောလောဆယ်ဆိုရင် တောင်အာဖရိကက ကျွန်မအလုပ်အတွက် စိတ်အား သိပ်ကို ထက်သန်နေမိတယ်။ ထောင်ပေါင်းများစွာသော မိန်းကလေးတွေရဲ့ဘဝကို ကျွန်မက ပြောင်းပစ်မှာလေ။ ဘာ့ကြောင့်လဲဆိုတော့ မိန်းကလေးတွေကို ကျွန်မက ပညာသင်ပေး မလို့လေ။ ဟိုရောက်ရင် ကျွန်မ တောရွာတွေ၊ လူတွေက မေ့လျော့ပစ်ပယ်ထားတဲ့ တောရွာတွေကို သွားပြီး အရည်အချင်းရှိတဲ့ ထက်မြက်တဲ့ ထူးထူးချွန်ချွန်နဲ့ ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ မိန်းကလေးတွေကို ရှာမယ်။ ပြီးတော့ "ခေါင်းဆောင်မှု အကယ်ဒမီကျောင်းတော်ကြီး" ဖန်တီးမယ်။ အာဖရိကရဲ့ နောင်ရေးဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ်မှာ မှီခိုအားထားရမယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒီတိုက်ကြီးတစ်ခုလုံးကို အဲဒါကမှ ပြောင်းလဲပစ်နိုင်လိမ့်မယ်။ ကျွန်မရဲ့ တီဗွီအစီအစဉ်နဲ့ကျွန်မရဲ့ မဂ္ဂဇင်းက တစ်ဆင့် လူတွေသန်းပေါင်းများစွာနဲ့ နေ့စဉ် ထိတွေ့ခွင့်ရနေတယ်။
ကျွန်မအဖို့ အင်မတန်ကံကောင်းပါတယ်။ ကျွန်မအတွက် အကြံဉာဏ်သစ်တွေလည်း ရစေပါတယ်။ မကြာမီကပဲ ကျွန်မရဲ့အစီအစဉ်ကနေပြီး ရုပ်မြင်သံကြားပရိသတ်ကြီးကို ကလေးသတ်တရားခံတွေ ဖမ်းမိဖို့ ကူညီကြပါဆိုပြီး၊ အကူအညီတောင်း လိုက်တာ။ ၄၈နာရီအတွင်းမှာပဲ ကျွန်မပြောတဲ့ လူနှစ်ယောက်ကို ဖမ်းမိခဲ့ပါတယ်။ ကိုယ်တိုင်လည်းခံခဲ့ရဖူးလေတော့ ကလေးသူငယ်တွေကို မတော်တရားပြုကျင့်သူတွေ ဖမ်းမိတာ အင်မတန်ကောင်းတဲ့ သတင်းကြီးပါ။ လူသန်းပေါင်းများစွာအတွက်လည်း အင်မတန်ကောင်းတဲ့သတင်းကြီး ဖြစ်မှာပါပဲ။ ကိုယ့်အသံကို လူတွေကြားအောင်လုပ်နိုင်ရင် ရလဒ်ကောင်း ရပါတယ်။ ကျောင်းပဲဖြစ်ဖြစ်၊ စာအုပ်တစ်အုပ်ပဲဖြစ်ဖြစ်၊ စိတ်ကူးလေးတစ်ခုပဲ ဖြစ်ဖြစ်၊ အင်မတန်အကျိုးရှိပါတယ်။ ပျော်ရွှင်မှုဆိုတာ အဲဒါပါပဲ။ လူ့ဘဝမှာ နေထိုင်ခြင်းဆိုတာ အဲဒါပါပဲ။ နေထိုင်ခြင်းဆိုတာကို စားလုံးမည်းကြီးနဲ့ နေထိုင်ခြင်းဖြစ်ပါတယ်။

No comments: