Friday, April 4, 2008

လူလျှော့မလား မမေးနဲ့

(သင်းမြတ်ကို)
မစ္စတာ ရစ်ချတ်ဆန်ရဲ့ စီးပြားရေး လုပ်ငန်းကြီး ဆိုးဆိုးဝါးဝါး အရှုံးပေါ် နေပါတယ်။ ကုန်ကျစရိတ်တွေ နည်းပါးသွားအောင် လုပ်ငန်းရဲ့ အသုံးစရိတ်တွေ လျှော့ချတဲ့ အနေနဲ့ ဝန်ထမ်းတွေ အဓိက ထားပြီး လျှော့ချ ပစ်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်ငန်းရဲ့ အခြေအနေကတော့ ဆိုးပြီးရင်း ဆိုးနေတာပါပဲ။ ဒါကြောင့် မစ္စတာ ရစ်ချတ်ဆန် တစ်ယောက် စိတ်ထိခိုက်မှု လွန်ကဲလာတာနဲ့ နှလုံးရှော့ရပြီး ကွယ်လွန် သွားပါလေရော။
ဒီလိုနဲ့ သူ့ရုပ်အလောင်း ထည့်ထားတဲ့ ခေါင်းတလားကြီးကို ဘုရားကျောင်းကနေ သင်္ချိုင်းဆီ လူတွေက သယ်ယူ လာကြပါတယ်။ ဒီအချိန်မှာပဲ မစ္စတာ ရစ်ချတ်ဆန်ရဲ့ ရုပ်အလောင်းကြီးဟာ ခေါင်းတလားထဲက ငေါက်ခနဲ ငုတ်တုပ် ထထိုင်ပြီး ပျာပျာသလဲ မေးတော့တာပေါ့။
“နေကြပါဦး၊ နေကြပါဦး၊ ခုကျွန်တော်ကို လူဘယ်နှစ်ယောက် ထမ်းနေကြတာလဲ”
“ခြောက်ယောက်ထမ်း နေတာပါ မစ္စတာ ရစ်ချတ်ဆန်”
“နှစ်ယောက် လျှော့ပစ်စမ်း”

ထင်မနေနဲ့နော်
အမှုတစ်ခု အတွက် သက်သေ ထွက်ဆိုပေးဖို့ ကုမ္ပဏီ အမှုဆောင် အရာရြှိကီး တစ်ယောက် တရားရုံးထဲ ရောက်နေပါတယ်။ သက်သေ ထွက်ဆိုဖို့ ကလည်း သူ့ကိုပဲ ရွေးချယ်ထားတာ ဖြစ်ပြီး အမှုက တော်တော်နဲ့ ပြီးပြတ်နိုင်မှာ မဟုတ်တာကို သူ သိလိုက်တော့ တရားသူကြီးကို ပြောရပါတော့တယ်။
“ကျွန်တော့်မှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေပါတယ်၊ ဒီနေရာမှာ အချိန် အကုန်ခံပြီး အကြာကြီး ကျွန်တော် အလုပ်နဲ့ ကင်းကွာ နေလို့ မဖြစ်ပါဘူး”
“ကောင်းပါပြီ၊ ခင်ဗျားက အဆင့်အတန်း မြင့်မားတဲ့ စီးပွားရေး လုပ်ငန်း တစ်ခုက ဝန်ထမ်းပဲနော်၊ ခင်ဗျားတို့ ကုမ္ပဏီက ခင်ဗျား မရှိတာနဲ့ လုပ်ငန်းကြီး တစ်ခုလုံး မလည်ပတ် နိုင်တော့ပါဘူးလို့ ထင်နေလို့လား”
“မဟုတ်ဘူး တရားသူကြီးမင်း ခင်ဗျာ၊ လုပ်ငန်းကြီးက ကျွန်တော် မရှိလည်း ဖြစ်မှန်း ကျွန်တော် သိနေပါတယ်။ ဒီအချက်ကို လုပ်ငန်းရှင်နဲ့ ကျွန်တော့် လူတွေ သိသွားကြမှာ စိုးလွန်းလို့ပါ ခင်ဗျာ”

အားကိုးလိုက်စမ်းပါ
‘ “နှစ်” နဲ့ “နှစ်” ကို တွက်ကြည့်ရင် ဘာရမလဲ’
အရာရှိကြီး တစ်ယောက်က မေးခွန်း တစ်ခုတည်းနဲ့ အလုပ် လာလျှောက်သူ လေးဦးကို တစ်ယောက်စီ အင်တာဗျူး နေပါတယ်။
ပထမဆုံး ဖြေတဲ့ လူက ဂျာနယ်လစ်ပါ။ သူက ‘နှစ်ဆယ့်နှစ်’ လို့ ဖြေလိုက်တာပေါ့။ ဒီနောက် ဒုတိယ ဖြေတဲ့ လူက အင်ဂျင်နီယာ ဖြစ်လေတော့ အသေးစိတ် ကျကျ တွက်ချက်ပြီး ၃.၉၉၉၉ နဲ့ ၄.၀၀၁ ကြားလို့ ဖြေလိုက်ပါတယ်။ တတိယ ဖြေတဲ့လူက ရှေ့နေ တစ်ယောက် ဖြစ်တာနဲ့ အညီ တရားရုံး အမှုတစ်ခု အသွားအလာ အတိုင်း၊ “နှစ်” နဲ့ “နှစ်” ဆိုတာ “လေး” ဖြစ်လာစေဖို့ သက်သေခံ အထောက်အထား တစ်ခုပါပဲလို့ ပြောပါတယ်။
နောက်ဆုံး ဖြေရမယ့် သူက စာရင်းကိုင် တစ်ယောက်ပါ။ သူကတော့ ဒီမေးခွန်းကိုလည်း ကြားလိုက်ရော၊ သူ့စားပွဲကနေ စစ်ဆေးသူ အရာရှိကြီး အနားကပ် သွားအောင် ကိုယ်ကို ရှေ့ကိုင်းလိုက်ပြီး လေသံတိုးတိုးလေးနဲ့ ဒီလို ကပ်ပြောလိုက်လေရဲ့။
“ဆရာသမားက ဘယ်လောက် ဖြစ်အောင် လုပ်ပေးစေချင်လို့တုန်း”

No comments: