Friday, April 11, 2008

ကမ်းကုန်ရော

(သင်းမြတ်ကို)
စာရေးကိရိယာ ဆိုင်တစ်ဆိုင်ထဲ အမျိုးသမီးတစ်ယောက် ဝင်လာပြီး ဆိုင်မန်နေဂျာကို မှတ်စု စာအုပ်တစ်အုပ် ဝယ်ချင်ကြောင်း ပြောပါတယ်။
“ဝမ်းနည်းပါတယ်ဗျာ၊ ကျွန်တော်တို့မှာ မှတ်စု စာအုပ် မရှိပါဘူး”
“ခဲတံရောရှိလား”
“မရှိဘူးဗျ”
“ခဲဖျက်ပဲ ပေးပါတော့ရှင်”
“ခဲဖျက်လည်း မရှိပါဘူး”
“ဒါဆိုလည်း ဖိုင်တွဲ ကတ်ထူ အဖုံးတော့ ရှိမှာပါ။ ဒါပဲ ဝယ်ပါတော့မယ်”
“ဒါလည်း မရှိဘူးဗျ”
“အမလေး ဘုရားရေ၊ အံ့ရော၊ ဘာတစ်ခုမှ မရှိအောင် အသုံးမကျတဲ့ ရှင့် စတိုးဆိုင်ကို သော့ခတ်ထားလိုက် ပါတော့လား”
“သော့ခလောက်လည်း မရှိပါဘူးဗျာ”



အထာပေါက်လွန်းလို့

အပြစ်ပြောစရာ ရှာမတွေ့နိုင်လောက်အောင် အရည်အချင်း ပြည့်စုံတဲ့ လူတစ်ယောက်၊ ထိတ်ထိတ်ကြဲ ကုမ္ပဏီ တစ်ခုမှာ အလုပ် လာလျှောက်ပါတယ်။ သူ့မှာ ကံဆိုးနေတဲ့ အချက်တစ်ခုက သူ့မျက်လုံးတစ်ဖက် အဆက်မပြတ် မှိတ်ချည်ဖွင့်ချည် ဖြစ်နေတာပါပဲ။
ဒီအချက်ကိုလည်း ကုမ္ပဏီ ဥက္ကဌက ပြောပြပါတယ်။
“ခင်ဗျားကို ကျွန်တော်တို့ တစ်ကယ်ကို အလုပ်ခန့် ချင်ပါတယ်။ ဒါပေမယ့် မျက်စိတစ်ဖက် မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတာက အခက်အခဲ ဖြစ်နေတယ်”
“ဒါဆို ခဏ နေပါဦး၊ ဒီမျက်စိ မှိတ်တာလောက်ကတော့ အက်စ်ပရင် ဆေးနှစ်ပြား သောက်လိုက်ရုံနဲ့ ရပ်သွားအောင် ကျွန်တော် လုပ်နိုင်ပါတယ်”
“လုပ်ပြစမ်းပါဦး”
အလုပ်လျှောက်တဲ့ လူက သူ့အိတ်ကပ်ထဲ လက်နှိုက်ပြီး ပြန်ဆွဲ ထုတ်လိုက်တာ၊ ပထမဆုံး ကွန်ဒုံး အထုတ်လေးတွေ တစ်ဒါဇင်လောက် ထွက်လာပါတယ်။ ဒုတိယ အကြိမ် အိတ်ကပ်ထဲ နှိုက်လိုက်မှ အက်စ်ပရင် ဆေးနှစ်ပြား ပါလာတယ်။ ရေနဲ့ ဆေးကို သောက်ချလိုက်တဲ့ အခါ မျက်စိ တစ်ဖက် မှိတ်နေတာ ရပ်သွားလို့ ကုမ္ပဏီ ဥက္ကဌ အံ့သြ သွားပါတယ်။
“ကောင်းသားပဲ၊ ဒါပေမယ့် ဒီလို မိန်းမလိုက်စား ရှုပ်ပွေတတ်တဲ့ လူမျိုးတော့ မလိုချင်ဘူး”
“ဟာ ဒုက္ခပဲ၊ လူကြီးမင်း ကျွန်တော့်ကို အထင်မှား နေပြန်ပါပြီ၊ ဆေးရောင်းတဲ့ ဆိုင်မှာ မျက်စိမှိတ် ပြရင်းနဲ့ အက်စ်ပရင် လိုချင်ပါတယ်လို့ သွားပြော ကြည့်ပါလား၊ အရောင်းဝန်ထမ်း ဘာထုတ်ပေးမယ် မှတ်နေလဲ”


သဲ့ယူပစ်လိုက်မယ်

တစ်ချိန်လုံး ပြိုင်ဘက်များ ဖြစ်ကြတဲ့ ကုန်သည်ကြီး သုံးယောက်တို့ ဘေးချင်းကပ်လျက် သုံးခန်းတွဲ ဆိုင်တွေမှာ တစ်ယောက် တစ်ခန်းစီ ငှားပြီး အရောင်းဆိုင်ကြီးတွေ တစ်ပြိုင်တည်း ဖွင့်လှစ်ရောင်းချ ကြပါတယ်။ လူတွေကလည်း ပြိုင်ဘက် သုံးယောက်ကို စောင့်ကြည့် နေကြတာပေါ့။
ဒီလိုနဲ့ လက်ယာဘက် အစွန်ဆိုင်ခန်းရဲ့ ကုန်သည်က သူ့ဆိုင်ခန်း ထိပ်မှာ “ဒီမှာ ဈေးနှုန်း အထူး သင့်လျော်သည်” ဆိုပြီး ဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲထား လိုက်ပါတယ်။
လက်ဝဲအစွန်ဆိုင်ခန်းရဲ့ ပိုင်ရှင်ကလည်း အားကျမခံ “ဒီမှာ ဈေးနှုန်း အပြတ်အသတ် ပိုချိုတဲ့ အထူး လျှော့ဈေး” ဆိုပြီး ဆိုင်းဘုတ် တင်ထား ပြန်ပါတယ်။
အလယ်ဆိုင်ခန်းရဲ့ ပိုင်ရှင် ကုန်သည်က ခပ်တည်တည်ပါပဲ။ သူ့ဆိုင်ခန်း ထိပ်မှာ ဘေးနှစ်ဖက်က ဆိုင်းဘုတ်ကြီးတွေထက် အရွယ်အစား ပိုကြီးမားတဲ့ ဆိုင်းဘုတ်ကြီး တစ်ခု တင်ပစ်လိုက်ပါတယ်။
သူ့ဆိုင်းဘုတ်က- “ဒီမှာ ဝင်ပေါက်”

No comments: