လီကွမ်ယူး(Lee Kuan Yew) ကို စင်ကာပူနိုင်ငံတည်ထောင်သူကြီး၊ စင်ကာပူ၏ဖခင်ကြီး (founding father)ဟူ၍ ခေါ်ဝေါ်လေ့ရှိကြသည်။ စင်ကာပူသာမက ယနေ့ အရှေ့အာရှနိုင်ငံ အများအပြား ဖွံ့ဖြိုးတိုးတက်အောင် ထူထောင်ရာ၌ပင် လီကွမ်ယူးနှင့် သူ၏အတွေးအမြင်၊ အယူအဆများသည် အရေးပါသော အထောက်အပံ့တစ်ခု ဖြစ်ခဲ့သည်ဟူ၍ ဆိုကြသည်။ Time မဂ္ဂဇင်း (၂ဝဝ၅ခုနှစ်၊ ဒီဇင်ဘာ ၁၂)မှ ဆောင်းပါးရှင် Simon Elegant နှင့် Michael Elliott တို့ကမူ လီကွမ်ယူးအား နိုင်ငံရေးနယ်ပယ်မှာ သူမကြုံဖူး၊ မတွေ့ဖူးတာ ဘာမှမရှိဟု ဆိုရလောက်အောင် နောကျေနေသူတစ်ဦးအဖြစ် မှတ်တမ်းတင်ခဲ့သည်။
လီယွမ်ယူးကို ၁၉၂၃ခုနှစ်က စင်ကာပူမှာမွေးသည်။ သူ့မိဘများမှာ ၁၉ ရာစုနှစ်ကတည်းက စင်ကာပူမှာ အခြေချပြီး ကြီးပွားချမ်းသာခဲ့သည့် တရုတ်မျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်ပြီး အင်္ဂလိပ်စကားပြောကြသည်။ ထို့ကြောင့် လီကွမ်ယူးငယ်စဉ်က အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို အရင်တတ်ခဲ့ပြီး၊ နောက်ပိုင်း နိုင်ငံရေးနယ်ထဲ ဝင်မည်ဆိုတော့မှ တရုတ်ဘာသာစကားကို ကျေညက်အောင်လေ့လာသည်။ မလေးဘာသာ၊ တမီလ်ဘာသာများကိုလည်း ကျွမ်းကျင်အောင် သင်ယူခဲ့သည်။
စင်ကာပူမှာ အရင်ကျောင်းနေပြီး ၎င်းနောက်တွင် အင်္ဂလန်ရှိ ကိန်းဗရစ်ခ်ျတက္ကသိုလ်၌ ဥပဒေပညာသင်ယူသည်။ သူ့အတန်းမှာ နံပါတ်(၁) ဖြစ်ခဲ့သည်။ အင်္ဂလန်မှာ ရှေ့နေကြီးတစ်ဦးအဖြစ် လုပ်ကိုင်ခွင့်ရသော်လည်း ဆက်မနေဘဲ စင်ကာပူသို့ပြန်ခဲ့သည်။
အင်္ဂလန်မှာရှိစဉ် ဆိုရှယ်လစ်ဝါဒီတစ်ယောက်ဖြစ်ခဲ့၍ စင်ကာပူပြန်ရောက်သောအခါ အလုပ်သမားသမဂ္ဂများအတွက် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်သည်။ ထို့နောက်တွင် ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party) (PAP) ကိုထူထောင်ပြီး ၎င်း၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်သည်။ ထိုစဉ်က PAPတွင် ကွန်မြူနစ်များပါဝင်ခဲ့သည်။ တည်ထောင်စကာလ လိုအပ်ချက်အရ လက်ဝဲသမားတို့၏အားကို သူစုစည်းရယူခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်နှစ်အတန်ကြာသည့်အခါ ကွန်မြူနစ်ဆိုရှယ်လစ်အုပ်စုများ ခွဲထွက်သွားကြသည်။ လီကွမ်ယူးက ဝါဒသဘောတရား (ideology)ထက် လက်တွေ့နိုင်ငံ ရေးကို ပို၍အလေးထားကြောင်း စတင်ပြသလိုက်သောသဘောပင်။
ဗြိတိသျှလက်အောက်ခံ စင်ကာပူသည် ၁၉၅၉ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာသည်။ ဖွဲ့စည်းပုံအသစ်နှင့် ကျင်းပသော ရွေးကောက်ပွဲတွင် လီကွမ်ယူး၏ PAP ပါတီက အပြတ်အသတ်အနိုင်ရသည်။ ၁၉၆၃ ခုနှစ်တွင် စင်ကာပူသည် မလေးရှားဖက်ဒရေးရှင်းသို့ ဝင်ရောက်ပူးပေါင်းခဲ့သည်။ သို့သော် တရုတ်နှင့်မလေးရှားတို့အကြား လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားသဖြင့် ၁၉၆၅ခုနှစ်တွင် ပြန်၍ခွဲထွက်ကာ သီးခြားရပ်တည်ခဲ့သည်။
သီးခြားစင်ကာပူတွင် အရေးကြီးဆုံးပြဿနာသည် နယ်မြေရော၊ လူဦးရေပါ ကြီးမားသာလွန်သည့် နိုင်ငံများအကြား သေးငယ်သော ကျွန်းနိုင်ငံကလေးအနေနှင့် တည်တံ့ရှင်သန်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် အစတွင် ဗြိတိသျှဓနသဟာယ၏ စစ်အင်အားအရိပ်ကို ဆက်လက်ခိုလှုံနေရင်း တစ်ဖက်က တိုင်းပြည်စီးပွား တောင့်တင်းအောင် ကြိုးစားသည်။ ၁၉၆၅ခုနှစ် စင်ကာပူတွင် တရုတ်လူမျိုးအများစုပါဝင်သော နိုင်ငံသားများနှင့် အရေးပါသော နိုင်ငံတကာ ရေကြောင်းလမ်းမပေါ်မှာ တည်ရှိနေသည့် သင်္ဘောဆိပ်တစ်ခုမှအပ သယံဇာတဟူ၍လုံးဝမရှိ။ စက်မှုလုပ်ငန်းလည်း မည်မည်ရရမရှိသေး။ လူအများစုက လက်လုပ်လက်စားမျှသာဖြစ်ပြီး လူနေအိမ်ဆိုသည်ကလည်း အောက်ထပ်တွင် ဈေးရောင်းသည့် တိုက်ခံအိမ်များနှင့် ဝါး၊ ကြိမ်တို့ဖြင့်ဆောက်ထားသည့် အရှေ့တိုင်း ကျေးလက်တောရွာ အိမ်ငယ်များသာ အများစုဖြစ်သည်။ အဲသည်စင်ကာပူကို စက်မှုကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်သည့် စက်မှုနိုင်ငံဖြစ်အောင် ထူထောင်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးသည်။ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမား သမဂ္ဂများကြား ပြဿနာမပွားရအောင် ထိန်းသိမ်းညှိနှိုင်းပေးသည်။ ကျန်းမာရေးနှင့် အခြားလူမှုဖူလုံရေးကိစ္စများ အဆင့်မြင့်ကောင်းမွန်အောင် ကြိုးစားသည်။ တစ်ဖက်က စည်းကမ်းများ ကြပ်မတ်သကဲ့သို့ တစ်ဖက်ကလည်း အလုပ်သမားများအပါအဝင် စင်ကာပူသားတို့၏ လူနေမှုအဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်သည်။ သီးခြားစင်ကာပူနိုင်ငံဖြစ်ပြီး နှစ်ပေါင်း၂ဝခန့်အကြာ ၁၉၈ဝပြည့် နှစ်ကျော်လောက် ရောက်သည့်အခါ၌ စင်ကာပူသည် အရှေ့အာရှ၌ ဂျပန်ပြီးလျှင် တစ်ဦးချင်းဝင်ငွေ အမြင့်မားဆုံးနိုင်ငံဖြစ်လာသည်။ ယနေ့ဆိုလျှင် စင်ကာပူသည် မိုးထိတိုက်တာများ၊ အဆင့်မြင့်လမ်းမကြီးများ၊ အသားနားဆုံးဟိုတယ်ကြီး၊ စားသောက်ဆိုင်ကြီးများဖြင့် ပြောင်လက်တောက်ပသည့် ကြွယ်ဝသော ခေတ်သစ်မြို့တော်တစ်ခုဖြစ်နေပြီ။ စင်ကာပူသား ၉ဝရာခိုင်နှုန်းသည် အိမ်ရာပိုင်ဆိုင်သူများဖြစ်ပြီး ၂ဝဝ၄ခုနှစ်အတွင်းက ပျမ်းမျှတစ်ဦးချင်းဝင်ငွေသည် ဒေါ်လာ၂၄၂၂ဝ မျှရှိ၍ ကမ္ဘာ့ရှေ့တန်း နိုင်ငံတစ်ခုဖြစ်သည့် အီတလီနှင့်တန်းတူ လိုက်နေသည်။ စင်ကာပူတွင် လီကွမ်ယူး၏ PAP ပါတီသည် တောက်လျှောက်ပင် အပြတ်အသတ် အနိုင်ရခဲ့သည်။ စောစောပိုင်းရွေးကောက်ပွဲများတွင် အတိုက်အခံတို့ဘက်က အမတ်တစ်နေရာမျှပင် မရရှိခဲ့။ နောက်ပိုင်းကျမှသာ တစ်နေရာ သို့မဟုတ် နှစ်နေရာလောက် ရရှိကြသည်။
လီကွမ်ယူးသည် သူ့တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း လွတ်လပ်စွာ ရေးသားပြောဆိုခွင့်အပါအဝင် ပြည်သူပြည်သားတို့၏ အခွင့်အရေးများကိုမူ ချုပ်ချယ်ကန့်သတ်မှုများရှိခဲ့ကြောင်း၊ သူ၏ အုပ်ချုပ်မှုပုံသဏ္ဌာန်သည် အာဏာပိုင်ဆန်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။
လီကွမ်ယူးသည် စင်ကာပူဝန်ကြီးချုပ်အဖြစ် ၂၅နှစ်မျှဆောင်ရွက်ခဲ့ပြီး ၁၉၉ဝပြည့်နှစ်တွင် ရာထူးမှအနားယူသည်။ နိုင်ငံရေးမှ လုံးဝနားသွားခြင်းကားမဟုတ်။ ဝါရင့်အဆင့်မြင့်ဝန်ကြီး (Senior Minister)၊ ထို့နောက်တွင် ဦးဆောင်လမ်းပြဝန်ကြီး(Minister Mentor) ဟူသောအမည်များဖြင့် နိုင်ငံရေးတာဝန်ကို ဆက်လက်ထမ်းဆောင်နေဆဲဖြစ်သည်။
လီကွမ်ယူးသည် နိုင်ငံရေးရာ စဉ်းစားဝေဖန်ရာ၌ အလွန်လက်တွေ့ကျသူ၊ စိတ်ခံစားမှုများကို ဘေးဖယ်ကာ ဓမ္မဓိဋ္ဌာန်အကျဆုံး ဆုံးဖြတ်လုပ်ကိုင်တတ်သူ၊ မိမိ၏ ပိုင်းခြားဝေဖန်ဉာဏ်အပေါ် ယုံကြည်မှု အပြည့်အဝရှိသူဟူ၍ အများကရှုမြင်ကြသည်။ တစ်ချိန်က စင်ကာပူ၏ အရေးကိစ္စများနှင့်ပတ်သက်လျှင် နိုင်ငံသားတစ်ဦးချင်းတို့၏ အိမ်ထောင်ဘက်ရွေးချယ်မှုနှင့် မွေးဖွားသင့်သည့် သားသမီးအရေအတွက်အထိ ခြေဆုံးခေါင်းဆုံး တစ်ခုမကျန်စီမံခန့်ခွဲချင်ခဲ့သော လီကွမ်ယူးသည် အသက်၈၂နှစ်ရှိပြီဖြစ်သည့် ယနေ့ကာလတွင်မူ စင်ကာပူအရေးထက် နိုင်ငံတကာအရေးကို ပို၍စိတ်ဝင်စားလာသည်။ ပထဝီနိုင်ငံရေးကို ကျွမ်းကျင်ပိုင်နိုင်စွာ ခွဲခြမ်းစိတ်ဖြာပြနိုင်သည့် နိုင်ငံရေးပညာရှင်တစ်ဦးဟူသော အနေအထားကို သူပို၍ နှစ်သက်လာသည်။
တစ်ဖက်တွင် ဒီမိုကရေစီသမား လူ့အခွင့်အရေးသမားများ၏ ဝေဖန်တိုက်ခိုက်မှုများရှိသော်လည်း တစ်ဖက်၌ သူ့အားအောင်မြင်သော နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် အနီးဝန်းကျင်တိုင်းပြည်များ၌ လေးစားအားကျသူများလည်း ရှိနေသည်။ ဥပမာ-မလေးရှားနိုင်ငံမှ မဟာသီယာမိုဟာမက်၊ ထိုင်းနိုင်ငံမှ သက်ဆင်ရှင်နာဝပ်ထရာတို့ဆိုလျှင် နှုတ်မှ ဖွင့်ဟဝန်ခံလေ့မရှိသော်လည်း ၎င်းတို့၏ “စီးပွားရေးပထမ” မူဝါဒသည် စင်ကာပူကိုထူထောင်ရာ၌ လီကွမ်ယူးကျင့်သုံးခဲ့သော လမ်းစဉ်ပင်ဖြစ်သည်။ ထို့ပြင် လွန်ခဲ့သော နှစ်အစိတ်ကျော်ကာလအတွင်း ပြည်သူ့တရုတ်ပြည်မှ ခေါင်းဆောင်ကြီးငယ်တို့လည်း စင်ကာပူသို့ အကြိမ်ကြိမ် လာရောက်ကာ လီကွမ်ယူး၏ မူဝါဒနှင့် လက်တွေ့လုပ်ငန်းစဉ်များကို နားထောင်ကြ၊ မှတ်သားကြပြီး သူတို့တိုင်းပြည်၌ စမ်းသပ်သုံးစွဲခဲ့ကြသည်။ မော်စီတုံးနောက်ပိုင်း တရုတ်ခေါင်းဆောင်များ အစဉ်တစိုက် ကျင့်သုံးခဲ့ကြသည့် နိုင်ငံရေးတည်ငြိမ်မှု မပျက်စေဘဲ တိုင်းပြည်တိုးတက်ရေး၊ ယင်းအတွက် တိုင်းပြည်အတွင်း စည်းကမ်းကြပ်မတ်ရေး၊ လူမှုအခွင့်အရေးများကို လိုအပ်သလို ထိန်းချုပ်ကန့်သတ်ရေး စသည်တို့မှာ စင်ကာပူမှ ရရှိလာခဲ့သည့် မူဝါဒများဖြစ်သည်ဟု ဆိုရပေမည်။
စင်ကာပူ၏ ဦးဆောင်လမ်းပြ နာယကကြီးအဖြစ် ရပ်တည်နေသည့် လီကွမ်ယူးအား Time မဂ္ဂဇင်းသတင်းထောက်များ ၅နာရီနီးပါးမျှတွေ့ဆုံကာ အကြောင်းရပ်မျိုးစုံကို မေးမြန်းခဲ့ကြသည်။ အဲသည်တွေ့ဆုံပွဲတွင် လီကွမ်ယူးဖြေကြားခဲ့သည်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြရသော်...
တရုတ်ပြည်နှင့်ပတ်သက်၍ လီကွမ်ယူးက သူကိုယ်တိုင်တွေ့ဆုံဖူးသော တရုတ်ခေါင်းဆောင်များထဲတွင် တိန့်ရှောင်ဖိန်ကို အထင်အကြီးဆုံးဟုဆိုသည်။ သည်ပုဂ္ဂိုလ်သည်လူကသာ အရပ်၅ပေမပြည့်သော်လည်း တကယ့်ဧရာမခေါင်းဆောင်ဖြစ်သည်ဟု သူမှတ်ချက်ချသည်။
တိန့်ရှောင်ဖိန်သည် ၁၉၇၈ခုနှစ်၊ နိုဝင်ဘာလတွင် စင်ကာပူသို့ အလည်ရောက်ရှိခဲ့သည်။ ညစာစားပွဲတွင် တွေ့ဆုံကြသည့်အခါ တိန့်ရှောင်ဖိန်က ၁၉၂ဝ ပြည့်နှစ်တုန်းက ဥရောပသို့အသွားတွင် စင်ကာပူသို့ သူဝင်ခဲ့ဖူးကြောင်း၊ အဲသည်တုန်းက စုတ်စုတ်ချာချာ နေရာကလေးသည်သည် ကနေ့လုံးဝခြားနား ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း၊ စင်ကာပူကို ယခုလောက်အထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် လီကွမ်ယူးအား ချီးကျူးကြောင်း ပြောဆိုသည့်အခါ လီကွမ်ယူးက “ကျေးဇူးတင်ပါတယ်ခင်ဗျား၊ ဒါပေမယ့် ကျွန်တော်တို့လုပ်နိုင်တာထက် ခင်ဗျားတို့က အများကြီးပိုလုပ်နိုင်ပါတယ်၊ ကျွန်တော်တို့က တရုတ်ပြည် တောင်ပိုင်းသား မြေမဲ့ယာမဲ့လယ်သမားများက ဆင်းသက်လာသူတွေပါ၊ ခင်ဗျားတို့မှာ မန်ဒရင်ပညာတတ်တွေ၊ အုပ်ချုပ်ရေးသမားတွေရှိတယ်၊ စာပေသမား၊ အတွေးအခေါ်သမားတွေရှိတယ်၊ လူတော်တွေအများကြီးရှိတယ်၊ ခင်ဗျားတို့က ကျွန်တော်တို့ထက် အများကြီးလုပ်နိုင်ပါတယ်” ဟု ပြန်ဖြေခဲ့ကြောင်းပြောပြသည်။
အဲသည်နောက် ၁၄နှစ်တိတိအကြာ ၁၉၉၂ခုနှစ်၊ နိုဝင်ဘာလတွင် တိန့်ရှောင်ဖိန်က တရုတ်ပြည် တောင်ပိုင်းပြည်နယ်များသို့ ခရီးသွားစဉ်ပြောကြားသည့်မိန့်ခွန်း၌ “စင်ကာပူထံက သင်ယူကြ၊ သူတို့ထက်သာအောင် ကြိုးပမ်းကြ” ဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း၊ အဓိပ္ပာယ်က သည်ကာလတစ်လျှောက်လုံးပင် တိန့်ရှောင်ဖိန်သည် မိမိပြောသောစကားကို မမေ့ခဲ့သည့်သဘောဖြစ်ကြောင်း လီကွမ်ယူးကမှတ်ချက်ချသည်။
ထို့ပြင် တိန့်ရှောင်ဖိန်သည် ၁၉၇၈ခုနှစ်ခရီးစဉ်အတွင်း စင်ကာပူအပြင်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့များသို့လည်း ရောက်ခဲ့ကြောင်း၊ သည်မြို့သုံးမြို့ကို ခပ်စုတ်စုတ်တောမြို့များအဖြစ် မြင်ရလိမ့်မည်ဟု သူမျှော်မှန်းထားခဲ့ကြောင်း၊ တကယ်ရောက်ရှိသည့်အခါ သူတို့တရုတ်ပြည်ရှိပီကင်းမြို့၊ ရှန်ဟဲမြို့များထက် ပို၍ကြီးကျယ်စည်ကားသော မြို့များဖြစ်နေတာကို အလန့်တကြားမြင်သွားခဲ့ရကြောင်း၊ သည်ခရီးစဉ်က ပြန်လည်ရောက်ရှိပြီး မကြာမီမှာပင် တရုတ်တွေလမ်းကြောင်းပြောင်းကာ တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးလာခဲ့ကြောင်း၊ တစ်သက်လုံး ကွန်မြူနစ်ဖြစ်လာခဲ့သည့် တိန့်ရှောင်ဖိန်သည် အသက်၇၄နှစ်ကျကာမှ အတွေးအမြင်တွေပြောင်းလဲကာ သူနှင့် တော်လှန်ရေးခရီးရှည်ချီတက်ဖက် ရဲဘော်ကွန်မြူနစ်ကြီးများကို ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးဖို့ ဆွဲဆောင်စည်းရုံးနိုင်ခဲ့ကြောင်း သူက ချီးကျူးပြောဆိုသည်။
သို့သော် သည်ကနေ့ ပြောဆိုနေကြသည့် တရုတ်ပြည် “တက်” လာနေပြီ၊ တရုတ် “နိုးထ” လာနေပြီ၊ the rise of China ဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍မူ လီကွမ်ယူးက များစွာဘဝင်မကျချင်။ rise ဟူ၍ သုံးနှုန်းတာကို သူမကြိုက်။ တရုတ်ခေါင်းဆောင်များက peaceful rise ဟုပြောနေကြသော်လည်း peaceful နှင့် rise သည် ဝိရောဓိဖြစ်နေသည်ဟု သူမြင်သည်။ rise အစား renaissance သို့မဟုတ် evolution သို့မဟုတ် development ဟု သုံးနှုန်းတာ ပိုသင့်လျော်မည်ဟု သူသဘောရသည်။ သူက နိုင်ငံရေးလောကဓံကို ဖြတ်သန်းကျင်လည်ခဲ့ပြီးသည့် တရုတ်လူကြီးပိုင်းကို မစိုးရိမ်၊ စီးပွားဖြစ်ထွန်းသည့် သည်ဘက်ခေတ်မှာ ကြီးပြင်းလာသည့် ဇာတိသွေးနိုးကြွလာနေသော မျိုးဆက်သစ်များကို စိတ်မချနိုင်ဖြစ်နေသည်။ များမကြာမီက တရုတ်ပြည်ထဲမှာ ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့တာ၊ ပြီးခဲ့သည့်နှစ်အတွင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း(လီကွမ်ယူး၏သား) တရုတ်တိုင်ပေသို့ သွားရောက်ပြီး နောက်တွင် တရုတ်ပြည်က အင်တာနက်စကားဝိုင်း(chat room)များမှာ စင်ကာပူအား သစ္စာဖောက်၊ ကျေးဇူးကန်းသူစသဖြင့် စွပ်စွဲဝေဖန်တိုက်ခိုက်လာတာတွေ သူထောက်ပြသည်။
“မနေ့တစ်နေ့ကအထိ ကျွန်တော်က တရုတ်ရဲ့မိတ်ဆွေဟောင်းကြီးဗျာ၊ ဒီကနေ့ ကျွန်တော်က ရန်သူအသစ်စက်စက်ဖြစ်လာတယ်၊ အပြောင်းအလဲက မြန်လွန်းတယ်ဗျ” သူကဆိုသည်။ ပြီး...အဲသည် တရုတ်တိုင်ပေ အလည်သွားသည့်ကိစ္စနှင့်ဆက်စပ်ပြီး ကျေနပ်အောင်မဖြေရှင်းနိုင်သဖြင့် တရုတ်တို့ဘက်က စင်ကာပူနှင့် စီးပွားရေးအဆက်အသွယ်များ ရုတ်တရက်ရပ်ဆိုင်းပစ်ခဲ့ကြောင်း၊ တရုတ်အဖို့ စင်ကာပူနှင့်ဆက်ဆံရသော စီးပွားရေးပမာဏသည် မပြောပလောက်သောလည်း စင်ကာပူအဖို့မူ သိသာကြောင်းပြောဆိုကာ တရုတ်သည် သိသိသာသာ အင်အားကြီးထွားလာနေသကဲ့သို့ မိမိအင်အားကြီးမားမှုကို ပြသရန်လည်း နှောင့်နှေးခြင်းမရှိသော နိုင်ငံဖြစ်သည်ဟု သူကကောက်ချက်ချသည်။
အမေရိကန်နှင့်ပတ်သက်၍ မေးမြန်းရာ၌ လီကွမ်ယူးက “အမေရိကန် လူ့အဖွဲ့အစည်းကို ကျွန်တော် သဘောကျပါတယ်၊ ဒါပေမယ့် အဲဒီမှာ အမြဲတမ်းနေပါဆိုရင်တော့ မနေချင်ဘူးဗျ။ အကယ်၍ ကျွန်တော်သာ အရင်ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ကောင်ကီးတို့လို ဒုက္ခသည်အဖြစ်သွားရမယ်ဆိုရင် သူ့လို ကယ်လီဖိုးနီးယား (အမေရိကား) မသွားဘူး၊ အဲဒီထက်ဖိစီးမှု(stress) နည်းတဲ့ ဗြိတိန်ကိုရွေးမယ်ဗျ။ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ အမေရိကန်တွေမှာ ထူးခြားတာက ‘ဖြစ်ရမယ်’ ၊ ‘လုပ်နိုင်ရမယ်’ ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ ဘဝကိုရင်ဆိုင်တာဗျ၊ ဘယ်ပြဿနာမဆို ဖျင်ချလိုက်လို့ရရမယ်၊ ခွဲခြမ်းစိတ်ဖြာနိုင်ရမယ်၊ ပြန်ပြီး အဓိပ္ပာယ်ဖွင့်ဆိုလို့ ရရမယ်လို့ ခံယူကြတယ်၊ တကယ်လက်တွေ့မှာ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အမေရိကန်များကတော့ ကိစ္စတစ်ခုဟာလုံလောက်တဲ့ ငွေကြေးပမာဏရယ်၊ သုတေသနရယ်၊ အားထုတ်မှုရယ်ရှိမယ်ဆိုရင် ဖြေရှင်းလို့ရရမယ်လို့ ယုံကြည်ကြတယ်။ ၁၉၈ဝပြည့်နှစ်ကျော်ကာလ သူတို့စီးပွားရေး တောက်လျှောက်ကျပြီး ထုတ်ကုန်ပစ္စည်း လုပ်ငန်းတွေအားလုံး ဂျပန်နဲ့ဂျာမနီက သိမ်းယူနေလို့ သူတို့တွေ မှိန်ပျောက်မလိုဖြစ်နေတဲ့အချိန် အမေရိကန်တွေ သူတို့စီးပွားရေးအဆောက်အအုံကို ပြင်ကြဆင်ကြ ပြန်လည်တည်ဆောက်ကြတာ ကျွန်တော် နှစ်ပေါင်းအတော်ကြာအောင် စောင့်ကြည့်နေခဲ့တယ်။ ဒီလူတွေ တစ်ဟုန်ထိုး ပြန်တက်လာခဲ့တယ်ဗျ။ သူတို့စနစ်က ပိုကောင်းတယ်၊ ပိုမြင့်တယ်၊ ပိုလည်းပြိုင်ဆိုင်နိုင်စွမ်း ရှိတယ်”
သတင်းထောက်များက စင်ကာပူမှာလည်း အမေရိကလို စီးပွားရေးပြိုင်ဆိုင်မှုတွေ၊ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ၊ မတူသောသဘောထားအမြင်များ လွတ်လပ်စွာယှဉ်ပြိုင်မှုတွေ မရှိသင့်ဘူးလား မေးသည့်အခါမှာတော့ လီကွမ်ယူးက...“မှန်တယ်၊ ရှိသင့်တာပေါ့ဗျာ၊ ကျွန်တော်တို့မှာလည်း (A)အသင်းနဲ့ (B) အသင်းဆိုပြီး နှစ်သင်းအင်အားချင်း မျှပြီးရှိနေမယ်၊ တစ်သင်းနဲ့တစ်သင်း လက်ပြောင်းလက်လွှဲ အလဲအလှယ်လုပ်မယ်ဆိုရင်လည်း ယန္တရားက ပုံမှန်အတိုင်း ဆက်ပြီးလည်ပတ်နေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့်...” ဟုဆိုကာ ယခုအချိန်ထိ စင်ကာပူမှာ ယင်းသို့မဖြစ်နိုင်ရသေးခြင်း အတွက် အကြောင်းပြချက်နှစ်ခုပေးသည်။ တစ်ခုက စင်ကာပူသည် လူဦးရေ ၄သန်းသာ ရှိသည့် တိုင်းပြည်ကလေးဖြစ်၍ နိုင်ငံရေးဘက်တွင် တကယ်တမ်း ဦးစီးဦးဆောင်ပြုနိုင်မည့် အရည်အချင်းရှိသူ ဦးရေမှာလည်း ၂ဝဝဝလောက်သာရှိသည် ဆိုသောအချက်ဖြစ်သည်။
နောက်တစ်ချက်က ယဉ်ကျေးမှုချင်း မတူညီမှုဖြစ်သည်ဟုဆိုသည်။ သူက စင်ကာပူလူ့အဖွဲ့အစည်းသည် လူတစ်ဦးချင်းတို့အပေါ် အခြေခံတည်ဆောက်ထားခြင်းမဟုတ်။ မိသားစု၊ ဆွေမျိုးစု၊ ထို့နောက် နိုင်ငံတော်စသည့် အစုအဖွဲ့ သို့မဟုတ် စုဖွဲ့ဆက်ဆံမှုပေါ်တွင်သာ အခြေခံထားသည်။ သူတို့ လူ့အဖွဲ့အစည်းတွင် လူတိုင်းလူတိုင်းအတွက် အထူးအရေးကြီးသော ဆက်ဆံရေး၅ရပ်ရှိသည်။ ယင်းတို့မှာ မိမိနှင့်အုပ်စိုးသူ (ရှင်ဘုရင်၊ အကြီးအကဲ)တို့ဆက်ဆံရေး၊ မိမိနှင့် အိမ်ထောင်ဘက်တို့ဆက်ဆံရေး၊ မိမိနှင့် သားသမီးဆက်ဆံရေး၊ မိမိနှင့် မိဘများဆက်ဆံရေး၊ မိမိနှင့် မိတ်ဆွေများဆက်ဆံရေးတို့ ဖြစ်သည်။ အဲသည်ဆက်ဆံရေး၅ရပ် အဆင်ပြေလျှင် လူ့အဖွဲ့အစည်းအတွင်း အရာအားလုံး အဆင်ပြေချောမွေ့မည် စသဖြင့်ခံယူထားသည်။ (လူပုဂ္ဂိုလ်တစ်ဦးချင်းတို့၏ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှုပေါ်တွင် အခြေခံထားသည့် အမေရိကန်လူ့အဖွဲ့အစည်းမျိုးနှင့် မိမိတို့အကြား စဉ်းစားပုံ၊ လုပ်ကိုင်ပုံများကွာခြားသည်) ဟူ၍ သူကဆိုသည်။ ထို့နောက် သူ့ကိုယ်ရေးကိုယ်တာတစ်ခုဖြစ်သည့် သားဖြစ်သူ လီရှန်လွန်း ဝန်ကြီးချုပ် ဖြစ်လာသည့် ကိစ္စနှင့်ပတ်သက်၍ သည်လိုဖြစ်အောင် သူစီစဉ်လုပ်ကိုင်ထားတာမဟုတ်ကြောင်း၊ သို့သော် အဲသည်အနေအထားမျိုး ရှိလာသည့်အခါ၌မူ မိမိနောက်တွင် သားဖြစ်သူက ရာထူးဆက်ခံသည်ဆိုတာမျိုး မဖြစ်ရအောင် မိမိတို့နှစ်ဦးကြားတွင် အဆက်ပြတ်နေသည့် ကြားကာလတစ်ခု ပြတ်ပြတ်သားသား ရှိစေရမည်ဟု မိမိဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းကိစ္စကို ပါတီညီလာခံ၌ မိမိပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြောင်း၊ အကြောင်းက သားအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ မိမိအတွက်ပါ မကောင်းသောကြောင့်ဖြစ်ကြောင်း၊ ဖခင်အရှိန်အဝါကြောင့် လီရှန်လွန်း ဝန်ကြီးချုပ်ရာထူးရသည်ဟု မြင်သွားကြလျှင် ၎င်းအား လူအများ အထင်အမြင်သေးကာ တိုင်းပြည်တာဝန်ထမ်းဆောင်ရာ၌ စွမ်းအားလျော့ပါးသွားစေနိုင်ကြောင်း သူက ရှင်းပြခဲ့သည်။
ရည်ညွှန်း-(1)Simon Elegant နှင့် Michael Elliott တို့၏ The Man Who SawIt All (Time, Dec 12, 2005), (2)Encyclopedia Britannica
No comments:
Post a Comment