Saturday, April 19, 2008

တို့ကုလားကဓားပါတယ်

ထက်ကျော်

ယှဉ်ပြိုင်မှုတွေနဲ့ လောင်မြိုက်နေတဲ့ ကမ္ဘာ၊ တစ်ယောက်နဲ့တစ်ယောက် အလဲထိုးဖို့ ကျိတ်ပုန်းခုတ်နေတဲ့ စီးပွားရေးလောက၊ (Knoledge Age) ပညာခေတ်လို့ အမည်သညာပေးထားတဲ့ ဒီနေ့အချိန်အခါရဲ့ တောင်းဆိုမှုများအရ လူတိုင်းဟာ မိမိတို့ရဲ့စွမ်းရည်ကို အမြင့်ဆုံး တွန်းတင်ပြီး လှုပ်ရှား နေကြရပါတယ်။ ပညာရှင်များကတော့ Globalization က နယ်နိမိတ် မျဉ်းကြောင်းတွေကို မလွဲမသွေ ဖျက်ပစ်ကြလိမ့်မယ်၊ နိုင်ငံတွေဟာ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ ဖြစ်သွားကြလိမ့်မယ်လို့လည်း ဟောကိန်းထုတ်ထားကြရဲ့။

လူဆိုတာကလည်း ကမ္ဘာမြေဆိုတဲ့ နေရာ ကျဉ်းကျဉ်း ကလေးတစ်ခုကလွဲလို့ သူအသက်ရှင်နေထိုင်နိုင်တဲ့ နေရာ ရှိတာမှ မဟုတ်တာ၊ ဒီတော့ ကမ္ဘာမြေရဲ့ အခွံမာကလေးပေါ်မှာပဲ မိမိတို့အသက်ရှင် နေထိုင်မှုအတွက် ရုန်းကန်ယှဉ်ပြိုင် နေကြရတာကလား၊ နိစ္စဓူဝပဲ လောင်မြိုက်မှုတွေကို မလွှဲမရှောင်သာ ကြုံနေရရုံမက ရှောင်လွဲလို့လည်းမရနိုင်ပါဘူး။ ဒီအထဲ နည်းပညာအရ၊ ဥစ္စာဓနအရ အင်အားကြီးမားပြီး ရှေ့ကို တမျှော်တခေါ်ရောက်နေတဲ့ သူများနဲ့ အတူပြိုင်ပွဲဝင်နေရလေတော့ ပိုမိုခက်ခဲ၊ ပိုမိုပင်ပန်းတော့တာပေါ့။ ဒါကြောင့် ဒီနေ့ကာလဟာ မိုးထဲလေထဲမှာ ခြေကုပ်မြဲမြဲနဲ့ မိုးကြိုးမုန်တိုင်းတွေကို ကြံ့ကြံ့ခံနေရတဲ့ အသွင်အပြင်မျိုး ဖြစ်နေပါတယ်။

ဒီလိုအခြေအနေတွေ အောက်မှာ အရေးကြီးတဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုနေရတဲ့ ပုဂ္ဂိုလ်များအဖို့ ကိုယ့်ရဲ့လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့အတွက် ညာလက်ရုံးလို အားကိုး အားထားပြုရမယ့်သူတွေ အမှန်ပဲ လိုအပ်ပါတယ်။ လက်ထောက်စီမံခန့်ခွဲသူ၊ အဲဒီလိုလူကို ဘယ်မှာရှာ ဖွေကြမလဲ၊ ပြင်ပက လူသစ်တွေကိုပဲ ရှာဖွေမလား၊ ဒါမှမဟုတ် လူဟောင်းတွေထဲကပဲ သင့်လျော်ရာရာကို တာဝန်ပေးရမလား တစ်ခုခုကိုတော့ ဆုံးဖြတ်ဖို့ လိုပါလိမ့်မယ်။

လူသစ်ပဲဖြစ်ဖြစ်၊ လူဟောင်းပဲဖြစ်ဖြစ် အားသာချက်နဲ့ အားနည်းချက်ဆိုတာကတော့ ဒွန်တွဲတည်ရှိနေကြမှာပါ။ တက်ကြွပေမယ့် အတွေ့အကြုံနည်းတဲ့ လူသစ်နဲ့လုပ်ငန်းခွင်မှာ အီလည်လည် ဖြစ်နေပေမယ့် ယုံကြည်စိတ်ချရတဲ့ လူဟောင်းများကို ရွေးချယ်ရတာဟာ တစ်ခါတစ်ခါ ခက်ခဲတတ်ပါတယ်။ အရေးကြီးတာက အားကောင်းမောင်းသန် "ပင်ပျို" တွေ ကြံ့ခိုင်နိုင်အောင် ဆောင်ရွက်ပေးပြီး အဲဒီ "ပင်အို" ကြီး များကို ရွက်နုထွက်စေရေးဆောင်ရွက် ပေးနိုင်တာနဲ့အမျှ အဲဒီကုမ္ပဏီရဲ့ "ဟာမိုနီ" ဖြစ်မှုကို ရရှိစေနိုင်ပါလိမ့်မယ်။ ဒီကတစ်ဆင့် သင့်တင့်လျောက်ပတ်တဲ့ ကိုယ့်ရဲ့ညာလက်ရုံးကို ရွေးချယ်ခွင့် ရရှိကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

"ဆွန်ဇူး" ရဲ့ သေနင်္ဂဗျူဟာ ကျမ်းထဲမှာကတော့ ဒီလို တွေ့ရဖူးပါတယ်။ "ဉာဏ်ပညာကြွယ်ဝတဲ့ စစ်သူကြီးဟာ သူ့လူတွေကို အရည်အသွေးများအလိုက် လူမှန်နေရာမှန် နေရာချထားပြီး စွမ်းရည်ထက်မြက်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်လာအောင် ဖန်တီးနိုင်စွမ်း ရှိကြပါတယ်"တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ရေးသားခဲ့တဲ့ စစ်သေနင်္ဂဗျူဟာကျမ်းဟာ ဒီနေ့အထိ မှန်ကန်ပြည့်စုံနေဆဲပဲ ဖြစ်ပါတယ်။ စစ်ရေးသာမက စီးပွားရေးမှာလည်း ဒီဗျူဟာတွေကို အခြေခံပြီး မိမိတို့ရဲ့ထိုးထွင်းတီထွင်ဖန်တီးနိုင်မှု အတိမ်အနက်များအလျောက် အသုံးပြုနေကြပါတယ်။

တစ်ခါတစ်ခါမှာတော့ မိမိအလိုရှိတဲ့ မိမိရဲ့ကိုယ်ပွားညာလက်ရုံးကို ရွေးချယ်ရာမှာ မထင်မှတ်ဘဲ ရွေးချယ်ရခက်လောက်အောင် အရည်အချင်းတူတွေကိုပဲ တွေ့ရတတ်ကြပါတယ်။ အသက်အရွယ်နဲ့လုပ်သက်အရ၊ ပညာအရည်အချင်းအရ၊ လုပ်ငန်းကျွမ်းကျင်မှုအရ မတိမ်းမယိမ်းတွေချည်းပဲ ဆိုပါတော့။ နှစ်ယောက်ခန့်ထားဖို့လည်း မလိုအပ်၊ လိုချင်တာက တစ်ယောက်တည်းဆိုရင် အဲဒီလို ကျဉ်းထဲကျပ်ထဲ ရောက်နေရတဲ့ အခြေအနေမျိုးမှာ ခင်ဗျား ဘယ်လို ဆုံးဖြတ်မလဲ။ ခေါင်းရှုပ်မခံပါနဲ့၊ သင့်လျော်တဲ့ အကြံတစ်ခု ပေးပါရစေ "ဓားပါတဲ့ကုလား" ကိုသာ ခင်ဗျားရွေးလိုက်ပါ။ ထပ်ပြောပါရစေ၊ "ဓားပါတဲ့ကုလား" ကိုသာ ရွေးလိုက်ပါ။

တစ်ခါက နှစ်ဆယ့်တစ်ပေါက် ကစားနေကြတဲ့ ဖဲဝိုင်းတစ်ခုမှာ ဒိုင်က "ကုလားနှစ်ကောင်ကို ကိုင်ပြီး ထိုးသားတွေကို ဖမ်းပါတယ်၊ သေတဲ့သူ၊ နှစ်ဆယ် မပြည့်တဲ့သူတွေဆီက ထိုးကြေးတွေကို စားပစ်လိုက်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ဦးကို ဖဲလှန်ခိုင်းလိုက်တဲ့အခါ ကုလားနှစ်ကောင်ပဲ ဖြစ်နေလေတော့ ဒိုင်က စားလည်းမစား၊ လျော်လည်းမလျော်ဘဲ သရေ(ပြန်) ခိုင်းပါတယ်။ ဒီတော့ ထိုးသားက မကျေနပ်ဘဲသူ့ကို လျော်ကိုလျော်ရမယ် လို့ပြောပါတယ်။ ဘာကြောင့်လဲလို့ မေးတဲ့အခါ "ကုလားချင်းတူပေမယ့် သူ့ကုလားမှာ ဓားပါသတဲ့" လေ။ ဟုတ်တော့လည်း ဟုတ်တယ်။ ဒိုင်ရဲ့ကုလားက ဓားမပါတဲ့ ကွင်းကုလားဖြစ်ပြီး သူ့ကုလားကတော့ လက်ထဲမှာ ဓားပါတဲ့ဂျက်ကုလား ဖြစ်နေတာကိုး။

ဒီတော့ အရည်အချင်းတူနေတဲ့ လူနှစ်ယောက်ကိုများ တိုက်တိုက်ဆိုင်ဆိုင် ရွေးချယ်ရတော့မယ်ဆိုရင် "ဓားပါတဲ့ ကုလား" ကို ရွေးချယ်ကြတာဟာ အကောင်းဆုံးပါပဲ။ ဒီတော့ ဓားပါ မပါ ဘယ်လို သိနိုင်မလဲလို့ ဆင်ခြေ တက်နိုင်ပါသေးတယ်။ ဒီတော့ "Leader are Actor" ဆိုတဲ့ စကားအရ A C T O R စကားလုံးငါးလုံးထဲက နောက်ဆုံး စကားလုံးဖြစ်တဲ့ Rကို ကိုယ်စားပြုထားတဲ့ "Resourceful" ကို ရွေးကြည့်ပါ။ ကြံရည်ဖန်ရည်ရှိတဲ့ သူ၊အရေးအကြောင်းတဲ့ဆိုရင် ထိုးထွင်းကြံဆပြီး ထိထိရောက်ရောက် ထက်ထက်မြက်မြက် လုပ်နိုင်တဲ့သူကို တွေ့ရပါလိမ့်မယ်။ ကျေနပ်ရဲ့လား၊ မကျေနပ်သေးရင် အခြားစကားလုံးလေးမျိုးထဲက သင့်လျော်ရာ ထပ်မံရွေးချယ်နိုင်သေးရဲ့။ ကျန်တဲ့ A.C.T.O စကားလုံး များနဲ့ အဲဒီစကားလုံးများ ကိုယ်စားပြုတဲ့ အချက်တွေနဲ့လည်း စဉ်းစားရွေးချယ် ကြည့်နိုင်ပါသေးတယ်။ ကျေနပ်မှုရတဲ့အထိ ဆိုပါတော့။

ဥပမာ တစ်ခုပြောပါရစေ။ တစ်ခါက ဗိုလ်ချုပ်ကြီးတစ်ယောက်ဟာ သူ့ရဲ့လက်ထောက်စစ်အရာရှိ တစ်ဦးခန့်ထားဖို့အတွက် အခြေအနေ ဖြစ်လာသတဲ့။စာရွက်တစ်ရွက်ပေါ်မှာ အလားအလာ ရှိမယ်လို့ထင်တဲ့ သူတွေရဲ့စာရင်းကို အရင်ရေးကြည့်သတဲ့။ ဗိုလ်ကြီး၊ ဗိုလ်လေးတွေ အစုံပဲဆိုပါတော့။ ကျေနပ်အားရမှုရှိတော့မှ လက်ရွေးစင်အဖြစ် ရွေးချယ်ထားတဲ့သူတွေကို တန်းစီစေပြီး "ရဲဘော်တို့ ဟောဟိုနားမှာ အရှည်၈ပေ၊ အကျယ် ၄ပေ၊ အနက် ၆လက်မရှိတဲ့ ကတုတ်ကျင်း တစ်ခုတူးကြပါ" လို့ အမိန့်ပေးသတဲ့။ ချက်ချင်းပဲ အားလုံးဟာ ပစ္စည်းကိရိယာတွေ ထုတ်ယူပြီး အမိန့်အတိုင်း ဆောင်ရွက်ဖို့ ပြင်ဆင်ကြတာပေါ့။

ဒါပေမယ့် အရှည်ရော၊ အကျယ်ရော ပြဿနာ မရှိပေမယ့် အနက်က ၆လက်မဆိုတော့ "ဘာလို့ ဒီလောက် တိမ်တဲ့ ကတုတ်ကျင်းကို တူးခိုင်းရတာလဲ၊ လူမပြောနဲ့ သေနတ်တစ်လက် ချထားရင်တောင် လုံခြုံမှာမဟုတ်ဘူး" လို့ တီးတိုးပြောဆိုဝေဖန်နေတဲ့ သူတွေရှိကြသလို..."ရည်ရွယ်ချက် တစ်ခုတော့ရှိရမယ်၊ ဘာလဲတော့ မသိဘူး" ဆိုပြီး ပဟေဠိကို အဖြေညှိနေတဲ့ သူတွေလည်း ရှိနေကြပြန်တယ်။ တချို့ကတော့ နေပူလွန်းလို့ ခဏနေမှ တူးမယ်ကွာ၊ စစ်မြေပြင်မှ မဟုတ်ဘဲဆိုပြီး ထိုင်ဆေးလိပ်သောက်နေကြသူတွေ ရှိသလို၊ အေးအေးဆေးဆေး လုပ်ကြတာပေါ့ဆိုပြီး အလုပ် မလုပ်ခင်နားနေတဲ့ သူတွေလည်း ရှိသတဲ့။ အရာရှိငယ် တစ်ယောက်ကတော့ "ဗိုလ်ချုပ်ကြီး ဘယ်ရည်ရွယ်ချက်နဲ့ ခိုင်းခိုင်း အမိန့်ပေးတဲ့ အတိုင်းလုပ်ရမှာက ငါ့တာဝန်ပဲ" ဆိုတဲ့ စိတ်နဲ့သတ်မှတ်ထားတဲ့နေရာမှာ၊ သတ်မှတ်တဲ့အတိုင်းအထွာများ အတိုင်းက တုတ်ကျင်းတစ်ခုကို အပြီး တူးလိုက်သတဲ့။ ခပ်လှမ်းလှမ်းက အကဲခတ်နေတဲ့ ဗိုလ်ချုပ်ကြီးဟာ သူ့ရဲ့လက်ထောက်အဖြစ် အမိန့်နာခံတဲ့၊ တာဝန်ကျေတဲ့ အဲဒီအရာရှိငယ်ကို ချက်ချင်းပဲ ခန့်ထားလိုက်သတဲ့။ ဒါဟာ ဘာကို ဖော်ပြသလဲဆိုရင် လူချင်းတူပေမယ့် အသက်ရှူချင်း ကွဲတဲ့အကြောင်း ... "ကုလားချင်းတူပေမယ့် ဓားပါတဲ့ ကုလား" များလည်း ရှိနေကြောင်း သိနိုင်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

လုပ်ငန်းတွေကို ခေါင်းဆောင်ကြမယ့်၊ တာဝန်ယူကြမယ့် သူတွေဟာ ဘယ်လို အကျိုးအကြောင်းကြောင့်ပဲ ဖြစ်စေ မိမိအလုပ်ကို ကောင်းကောင်းမွန်မွန် ပိုင်းဖြတ်ချက်ရှိရှိ လုပ်ကိုင်ရဲတဲ့ သူတွေပဲ ဖြစ်ရပါမယ်။ ဘယ်လို အခက်အခဲပဲ ဖြစ်ဖြစ် အမှီခိုကင်းစွာနဲ့ ထိုးထွင်းကြံဆ ဖြေရှင်းနိုင်သူတွေလည်း ဖြစ်ရပါမယ်။ မိမိကိုယ်ကို တာဝန်ယူနိုင်သလို မိမိနဲ့ပူးပေါင်းဆောင်ရွက်နေသူ ဝန်ထမ်းများကိုလည်း တာဝန်ခံနိုင်သူ ဖြစ်နေရမှာကတော့ အသေအချာပါပဲ။ အဲဒီလိုလူမျိုးဟာ လူထဲက လူတွေဖြစ်ပေမယ့် ထူးချွန်ပြောင်မြောက်သူတွေ ဖြစ်နေတာကတော့ ငြင်းမရပါဘူး။ သူတို့ဟာ ဂဏန်းအရေအတွက် နည်းနည်းသာ ရှိတတ်ပေမယ့် တစ်နည်းအားဖြင့် "ဓားပါတဲ့ကုလား" တွေလို့ ဆိုနိုင်ပါတယ်။

No comments: