Saturday, March 8, 2008

အလှမကြိုက် လူမိုက်

လူထုစိန်ဝင်း

နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဖွင့်စာသင်နေစဉ်က နေ့စဉ် ဝတ္တရားမပျက်ဆောင်ရွက်ခဲ့တဲ့အလုပ် တစ်ခုရှိပါတယ်။ ကျောင်းသားထိုင် စားပွဲရှည်ကြီးသုံးလုံးနဲ့ ဆရာထိုင် ရုံး စားပွဲတစ်လုံးမှာ အလှစိုက်ပန်းအိုးတွေ ထိုးတဲ့အလုပ်ပါ။ ကိုယ်တိုင်အချိန်ယူ ပြီး စိတ်ရှည်လက်ရှည်လုပ်ပါတယ်။

မုန်ညင်းပွင့်လည်း ပန်းပဲ

ပန်းထိုးဖို့ ပန်းအိုးမျိုးစုံလည်းစု ဆောင်းထားပါတယ်။ အရွယ်စုံ ပန်း စိုက်ဆူးအမျိုးမျိုး၊ ရေမြှုပ်အမျိုးမျိုးနဲ့ အပု၊ အရှည်၊ အဝိုင်း၊ လေးထောင့်၊ သုံးမြှောင့်စသဖြင့် ပန်းအိုးတွေလည်း အလဲလဲအလှယ်လှယ်နဲ့သုံးပါတယ်။ တစ်ခါတလေ တောင်ကြီးအိမ်ကပို့ လိုက်တဲ့အထဲမှာ တစ်တောင်လောက် ရှည်တဲ့ မုန်လာဥကြီးနဲ့မုန်ညင်းတွေပါ လာရင် မုန်ညင်းပွင့်တွေနဲ့မုန်လာဥကို တခြားပန်းတွေနဲ့ရောပြီး ထိုးထား တတ်ပါတယ်။ မုန်ညင်းပွင့်ဝါဝါ ကလေးတွေကို ဘာပန်းလေးတွေ လည်း လှလိုက်တာလို့ အံ့ဩကြသလို မုန်လာဥကြီးကြည့်ပြီး အထူးအဆန်း လည်းဖြစ်နေတတ်ကြပါတယ်။

လူ့စရိုက်ကိုသိဖို့

စားပွဲတိုင်းမှာ ပန်းတွေဝေနေ အောင် ထိုးထားတာဟာ အလှကို ကြည့်ဖို့၊ စိတ်ကြည်နူးစေဖို့ သက်သက် မဟုတ်ပါဘူး။ ပညာသင်ကြားခြင်းရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ စားပွဲတွေမှာထိုင်နေတဲ့ကျောင်းသား၊ ကျောင်းသူပေါင်းစုံရဲ့စိတ်ဓာတ်တွေကို လေ့လာလို့ရပါတယ်။ တချို့ကျောင်း သား၊ ကျောင်းသူတွေက ပန်းကလေး တွေ နှစ်သက်စုံမက်စွာ နမ်းကြည့် တတ်ပါတယ်။ တချို့က နွမ်းရော်နေ တဲ့အရွက်ကလေးတွေကို ဂရုတစိုက် ခြွေပစ်တတ်ပါတယ်။ တချို့ကတော့ စကားပြောရင်း အမှတ်မထင် လက်က ပန်းပွင့်ကလေးတွေကို ကိုင်လိုက်၊ ဆွ လိုက်နဲ့ လုပ်တတ်ကြပါတယ်။

အရိုင်းအစိုင်းဘဝ ပြန်ရောက်မယ်

သူတို့တစ်တွေရဲ့သဘာဝကို သိရတဲ့အခါကျတော့ ဘာသင်ပေး သင့်တယ်ဆိုတာ ရွေးချယ်နိုင်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း ယေဘု ယျသဘောနဲ့အလှရဲ့တန်ဖိုးကိုပြောပြ ရပါတယ်။ အလှနဲ့ရသက လူ့လောက ကြီးကို သာယာလှပငြိမ်းချမ်းအောင် စောင့်ရှောက်ထားပုံနဲ့ အလှနဲ့ရသ ဆိတ်သုဉ်းရင် လောကကြီးလည်း အရိုင်းအစိုင်းဘဝကို ပြန်ရောက်သွား ပြီး ကြီးနိုင်ငယ်ညှဉ်း လုပ်ကြရင်းနဲ့ လုံးဝဆိတ်သုဉ်းသွားနိုင်ပုံတို့ကိုပြောပြ ရပါတယ်။

တစ်ထွာပြ တစ်လံမြင်

ဒီခေတ်က အလှပျောက်တဲ့ ခေတ်မဟုတ်လား။ တော်ကြာ အယ်လ်နီညိုနဲ့၊ တော်တော်ကြာ လာနီညာနဲ့ ပူချင်ရင် တအားပူလိုက်၊ အေးချင်ရင် တအား အေးလိုက်နဲ့ လူတိုင်းကိုယ်တွေ့ကြုံနေကြရတာ။ တစ်ကမ္ဘာလုံးမှာလည်း သစ်တော ကြီးတွေပြုန်းတီးလို့ ဖုန်းဆိုးတောတွေ ကျယ်ပြန့်လာလို့၊ မိုးခေါင်လို့၊ ရေကြီး လို့၊ စားနပ်ရိက္ခာတွေ ရှားပါးလို့ စတဲ့ စတဲ့အသံတွေ နေ့တိုင်းမကြားချင် အဆုံးဖြစ်နေတာမဟုတ်လား။ ဒီတော့ အလှရဲ့တန်ဖိုးကို တစ်ထွာပြလိုက် တာနဲ့ တစ်လံလောက် မြင်နေကြပြီ လေ။ သိပ်ပြောလို့ကောင်းတာ။

ဆည်းလည်းသံ တလွင်လွင်

ဒါကို သဘောပေါက်နားလည် တဲ့နိုင်ငံတွေမှာတော့ အလှနဲ့ရသ ပညာအကြောင်းကို မူလတန်းပညာ သင်ရိုးညွှန်းတမ်းမှာကတည်းကထည့် သွင်းရေးဆွဲထားတာ။ ကျောင်းနေစ ကလေးငယ်တွေကို ပန်းပွင့်လေးတွေ ကို စုံမက်တတ်အောင်၊ လိပ်ပြာလေး တွေ၊ ငှက်ကလေးတွေကို ချစ်တတ် အောင် သင်ပေးကြတယ်။ ဂီတရသ ကိုခံစားတတ်အောင်လည်း ညွှန်ကြား ပြသတယ်။ ဒါမျိုးကို လူငယ်တွေသိ အောင်ပြောပြရတယ်။ ဒေါသအမျက် တချောင်းချောင်းထွက်နေတဲ့သူတောင် သာယာညင်းပြောင်းတဲ့တေးသံ၊ ဂီတ သံကို ကြားလိုက်ရတဲ့အခါ အခိုက် အတန့်လေးပဲဖြစ်ဖြစ် စိတ်ဟာ ရုတ်တရက် ငြိမ်သက်သွားတတ်တဲ့ သဘော၊ စိတ်ဆင်းရဲဒုက္ခကြီးစွာခံစား ရပြီး သောကမီးတွေနဲ့ဘယ်လောက်ပဲ လောင်မြိုက်နေပါစေ လေတိုးလို့ တချွင်ချွင်နဲ့ဘုရားဆည်းလည်းသံလေး တွေ ကြားလိုက်ရတဲ့ တဒင်္ဂမှာ ရင်ထဲ အေးခနဲဖြစ်ပြီး အပူမီးလျော့ပါးသွား ရတဲ့ သဘောတွေ ပြောပြရတယ်။

ရမ်ဘိုယဉ်ကျေးမှုလွှမ်းမိုး

လူငယ်တွေ အလှကိုချစ်စေချင် တယ်။ ရသကို ခံစားစေချင်တယ်။ ဒါကြောင့် ဒါတွေကို မကြာမကြာ ပြောပြရပါတယ်။ တစ်နေ့ကပဲ သတင်းစာထဲဖတ်လိုက်ရတယ်။ အမေ ရိကန်လူငယ်လေးတစ်ယောက်က သေနတ်ကိုင်ပြီး မူလတန်းကျောင်း စာသင်ခန်းထဲကို တရစပ်ပစ်သွင်းလို့ ကလေးတွေ သေကြရတဲ့အကြောင်း၊ ဂျပန်မှာလည်း မော်တော်ဆိုင်ကယ် စီး ဘေ့စ်ဘောတုတ်ကိုင်လူငယ်တွေ က လမ်းမှာတွေ့သမျှ မော်တော်ကား မှန်တွေ ရိုက်ခွဲသွားကြတဲ့အကြောင်း သတင်းစာဖတ်ဖတ်၊ ရုပ်မြင်သံကြား ကြည့်ကြည့် နေရာတကာမှာ ရမ်ဘို ယဉ်ကျေးမှု လွှမ်းမိုးနေတာချည်းတွေ့ နေရတယ်။ လူတွေဟာ ကျောက် ခေတ်အရိုင်းအစိုင်းဘဝကို ပြန်သွား နေကြပြီလားလို့တောင် တွေးစရာ ဖြစ်တယ်။

အလှကို ချစ်တတ်မှ လူယဉ်ကျေး

ဒါကြောင့် အလှအကြောင်း၊ ရသအကြောင်း လူငယ်တွေကို များ များပြောပေးဖို့လိုပါတယ်။ အလှကို ချစ်တတ်မှ၊ ရသကို ခံစားတတ်မှ လူယဉ်ကျေး ဖြစ်နိုင်တယ်။ အလှကို မချစ်တတ်သူ၊ ရသကို မခံစားတတ်သူ ဟာ လူ့လောကအတွက် အန္တရာယ် ကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပန်းကလေးတွေကို နင်းခြေပစ်ဖို့ ဝန် မလေးသူတွေ ဖြစ်နေကြလို့ပဲ။

No comments: