Thursday, March 13, 2008

ချာချာလည်စရာ

(သင်းမြတ်ကို)
မနက်စောစောပိုင်း တစ်ရက်မှာ လူတစ်ယောက်က သတင်းစာကောက်ကြည့်လိုက်တော့ ‘ပြဿနာ ဖြေရှင်း ပေးနိုင်သူ အလိုရှိသည်’ ဆိုတဲ့ အလုပ် ကြော်ငြာ တစ်ခု တွေ့တယ်။ လစာက တစ်လ ဒေါ်လာတစ်သိန်းလို့ ဆိုတော့ အတော်ကို မက်လောက်စရာ ဖြစ်တာပေါ့။
အမြန်ပြေးပြီး အလုပ် လျှောက်လိုက်တာနဲ့ အလုပ်ရှင်က တစ်ခါတည်း အလုပ် ခန့်လိုက်တယ်။ ဒါပေမယ့် သူ့စိတ်ထဲ မှာတော့ မရှင်းမလင်းနဲ့ပါ။ အလုပ်ရှင်ကလည်း အလုပ်ခန့်တဲ့ ကိစ္စပြီးတာနဲ့ သူနဲ့ စကား ပြောပါတယ်။
“ကဲ...ခင်ဗျား ဘာများ မေးစရာရှိသေးလဲ”
“တစ်ခုပဲ မေးချင်တာပါ ခင်ဗျာ။ ကျွန်တော့် လစာငွေ ဒီလောက်များတာ လူကြီး မင်းအနေနဲ့ ဘယ်လို လုပ်ပေးနိုင် ပါ့မလဲ ဆိုတာပါပဲ ”
“ခင်ဗျား ပထမဦးဆုံး ဖြေရှင်းရမယ့် ပြဿနာက အဲဒါပါပဲ”

ရှင်းရောမို့လား

သန်းကြွယ်သူဌေးကြီး ။ ။ ဒီမှာငါ့သား၊ လုပ်ငန်းကြီး တစ်ခု လုပ်တော့မယ်ဆိုရင် ကိုင်စွဲထားရမယ့် အခြေခံ သဘောတရားကြီး နှစ်ခု ရှိတယ်ကွ။ အဲဒါကတော့ ရိုးသားခြင်းနဲ့ အမြော်အမြင်ကြီးခြင်း ဆိုတာပဲ။
သား ။ ။ ဘယ်လို အဓိပ္ပာယ်လဲ ဒက်ဒီ။
သန်းကြွယ်သူဌေးကြီး ။ ။ လုပ်ငန်းအပေါ်မှာ ရိုးသားခြင်းဆိုတာက မင်းအနေနဲ့တစ်ယောက်ယောက်ကို လုပ်ပေးပါမယ်လို့ ကတိ ပေးထားရင် အဲဒီ ကတိ တည်ရမယ်။ အိုကွာ... မင်းမှာ ဒေ၀ါလီ ခံရပါတော့မယ် ဆိုရင်တောင်မှ ဖြစ်အောင်ကို လုပ်ပေး ရမယ်။
သား ။ ။ အမြော်အမြင်ကြီးခြင်း ဆိုတာကရော။
သန်းကြွယ်သူဌေးကြီး ။ ။ မှတ်ထား... အဲဒီ ကတိမျိုး ဘယ်တော့မှ မပေးနဲ့။

တူတယ် မှတ်လို့လား

နွားနို့ အများဆုံး ညှစ်နိုင်တဲ့ နွားညှစ်သမား ပြိုင်ပွဲကြီး တစ်ခုပါ။
စည်းကမ်းအရ ပြိုင်ပွဲဝင်သူတွေဟာ နို့ညှစ်မယ့် နွားမကြီး တစ်ကောင်နဲ့အတူ အခန်း တစ်ခန်းထဲ အလှည့်ကျ ကြိုက်သလောက် အချိန် ယူနိုင်ပါတယ်။ အခန်းကို တံခါးပိတ် သော့ခတ်ထားပါမယ်။
ပထမဆုံး ပြိုင်ပွဲဝင်သူက အမေရိကန် လူမျိုးပါ။ နှစ်နာရီကြာ နို့ညှစ်ပြီး ပြန်ထွက်လာတော့ နွားနို့ လီတာ သုံးဆယ် ရခဲ့ပါတယ်။
ဒုတိယလူက ရုရှားလူမျိုး၊ လေးနာရီ အကြာမှာ နွားနို့လီတာ လေးဆယ်နဲ့အတူ ပြန်ထွက် လာပါတယ်။ နောက် ဂျပန်နဲ့ သြစတြေးလျ လူမျိုးတွေက အရင်လူ နှစ်ယောက်ထက် ပိုအစွမ်း ပြနိုင်ခဲ့တယ်။
နောက်ဆုံးအလှည့်ကျသူက ဟိန္ဒိုလူမျိုး ဘန်တာဆင်း၊ အခန်းထဲ ဝင်သွားပြီး တစ်နေကုန်တဲ့ အထိ ပြန်ထွက် မလာဘဲ၊ ဟိန္ဒူ ဘာသာစကားနဲ့ ငေါက်ငမ်း ကြိမ်းမောင်းနေတဲ့ အသံသာ အပြင်က လူတွေ ကြားနေရပါတယ်။ တစ်နေ့နဲ့ တစ်ဝက်အကြာမှာ နွားနို့ ဖန်ခွက် သေးသေးလေး ကိုင်ပြီး ထွက်လာတဲ့ ဘန်တာဆင်းကို တွေ့လိုက်ရတော့၊ လူအားလုံးက ဟားတိုက် ရယ်ကြတော့တာပေါ့။
ဒီတော့ ဘန်တာဆင်းက ဒီလို ပြန်ပြောလိုက်လေရဲ့။
“မင်းတို့ အားလုံး နွားနို့ ညှစ်ခဲ့တာက နွားမတွေကိုးကွ။ ငါ နို့ညှစ်ရတာက နွားသိုးကြီး၊ ဒါလောက်ပဲ ရမှာပေါ့။”

လေချွန်တောင် မပျက်ဘူး

ကုမ္ပဏီ ဥက္ကဌကြီး တစ်ယောက်က အဆောက်အအုံ အသစ် တစ်ခုအတွက် ဈေးပြိုင် တင်ဒါတင်သွင်းဖို့ ခေါ်လိုက်ပါတယ်။
ပထမဆုံး ကန်ထရိုက်တာက ပိုလန်လူမျိုးပါ။
“ဒါ ဆောက်လုပ်ဖို့ ငွေဘယ်လောက် ကုန်ကျမလဲ ပြော”
“ဒေါ်လာ နှစ်သန်း ကုန်ပါမယ်။ တစ်သန်းက ကုန်ကြမ်းပစ္စည်း စရိတ်၊ နောက်တစ်သန်းက အလုပ်သမားခ”
ဒုတိယက အီတာလျံ ကန်ထရိုက်တာပါ။
“ကုန်ကြမ်း ပစ္စည်းက ဒေါ်လာ နှစ်သန်းနဲ့ အလုပ်သမားခက ဒေါ်လာ နှစ်သန်းပါ”
တတိယက ဂျူးလူမျိုး ကန်ထရိုက်တာ -
“ကဲ၊ ခင်ဗျားကရော …”
“ဒေါ်လာ ခြောက်သန်း”
“ဗျာ ဒေါ်လာ ခြောက်သန်း၊ ဟုတ်လား”
“ဒေါ်လာ နှစ်သန်းက ကျွန်တော့် အတွက်၊ နောက် ဒေါ်လာ နှစ်သန်းကို ဆရာသမား ယူလိုက်။ ကျန်တဲ့ ဒေါ်လာ နှစ်သန်းကိုတော့ ပိုလန် ကန်ထရိုက်တာကို အလုပ်အပ်လိုက်ပေါ့”



No comments: