Saturday, August 2, 2008

လုပ်နိုင်မှ အဓိဋ္ဌာန်ပြုပါ

လူထုစိန်ဝင်း
မကြာသေးမီတစ်ညက ကျောင်း သား၊ ကျောင်းသူဟောင်း ဇနီးမောင်နှံ လာရောက်နှုတ်ဆက်ပါတယ်။ ဗိုလ်တ ထောင်ဘုရားကအပြန် ဝင်လာကြ တာလို့ ပြောပါတယ်။ ထူးထူးဆန်း ဆန်း ဘုရားတွေ၊ ဘာတွေ သွားလို့ပါ လားလို့ပြောလိုက်တော့ တပည့် ကျောင်းသားဟောင်းက ဘုရားသွား ပြီးသစ္စာဓိဋ္ဌာန်ပြုတာပါလို့ဖြေပါတယ်။ ပြီးတော့ တစ်ဆက်တည်း ဘီယာ မသောက်တော့ပါဘူးလို့ အဓိဋ္ဌာန်ပြု တာပါလို့ မလုံမလဲမျက်နှာလေးနဲ့ ပြောလိုက်ပါတယ်။
‘ဘုရားကိုလိမ်တာ ဒါနဲ့ပါဆို အကြိမ်၂ဝလောက်ရှိပြီဆရာ၊ အလ ကားပါ၊ သူ့အဓိဋ္ဌာန်က ဘယ်တော့မှ တစ်ပတ်ပြည့်အောင် မခံပါဘူး’
တပည့်မ ကျောင်းသူဟောင်းက တပည့်ရဲ့ ‘အိုးစရည်း’ လောက် ရှိနေ ပြီဖြစ်တဲ့ ဝမ်းဗိုက်ကြီးကို လက်ညိုးထိုး ရင်း ဝင်ပြောလိုက်ပါတယ်။
‘အမယ်၊ ဒီတစ်ခါ တကယ်ပါ၊ စောင့်ကြည့်နေ’
‘စောင့်ကြည့်ရင် မျက်စိညောင်းရုံ ရှိတော့မှာပေါ့။ မကြည့်ပါဘူး’
တပည့်နှစ်ယောက် အချီအချ ပြောနေကြတာကိုကြည့်ပြီး ပြုံးနေမိ တယ်။ ဘာမှတော့ ဝင်မပြောဖြစ်ပါ ဘူး။ သူတို့အလုပ်အကိုင်အကြောင်း ကိုသာ မေးလိုက်ဖြစ်တယ်။ နှစ် ယောက်လုံးက ဆရာဝန်တွေပါ။ အသက်တွေလည်း ငယ်ကြတော့တာ မဟုတ်လေတော့ ဆုံးမစကားတွေ ဘာတွေပြောနေဖို့ မလိုတော့ပါဘူး လေ။ ပညာတတ်တွေပဲ ဟော့ဟော့ ရမ်းရမ်းတော့ဖြစ်မှာမဟုတ်ပါဘူးလို့ စိတ်ချယုံကြည်ထားပါတယ်။
သူတို့မောင်နှံပြန်သွားကြတော့ စောစောကပြောခဲ့တဲ့ ‘သစ္စာအဓိဋ္ဌာန်’ ဆိုတဲ့အကြောင်းကို ဆက်ပြီးတွေးနေ မိတယ်။ လူတော်တော်များများမှာ ဒီ အလေ့အထရှိတတ်ကြပါတယ်။ နှစ် တစ်နှစ် ကုန်ဆုံးလို့ နှစ်သစ်တစ်ခု ရောက်တဲ့အခါမျိုးဖြစ်စေ၊ ကိုယ့်မွေး နေ့အချိန်အခါ ရောက်တဲ့အခါမျိုးမှာ ဖြစ်စေ သစ္စာဓိဋ္ဌာန်တစ်မျိုးမျိုးလုပ် လေ့ရှိကြတယ်။ အထူးသဖြင့် မြို့သား ပညာတတ်အလွှာတွေမှာ ခေတ်စား တယ်။ နှစ်သစ်ကူးပွဲတို့၊ မွေးနေ့ပွဲတို့ ဆိုတာမျိုးကို အစဉ်အလာအားဖြင့် မြန်မာလူမျိုးများကလုပ်လေ့လုပ်ထ မရှိကြပါဘူး။
အဲဒီလိုမြို့သားတွေ လုပ်တတ် ကြတဲ့ သစ္စာအဓိဋ္ဌာန်ဆိုတာမျိုးဟာ ဘယ်လောက်ကြာကြာခံတတ်ကြ သလဲ။ တစ်ပတ်လား၊ ဆယ်ရက်လား၊ တစ်လလား။ သေချာတာကတော့ အဓိဋ္ဌာန်ပြုခဲ့တဲ့အတိုင်း တစ်နှစ်ပတ် လုံး မပျက်မကွက်လိုက်နာလုပ်ဆောင် နိုင်သူတစ်ယောက်တလေရှိဖို့တောင် မလွယ်ဘူးဆိုတာဖြစ်တယ်။ ဘာ့ ကြောင့် တစ်ယောက်တလေတောင်ရှိ ဖို့ ခက်တာလဲ။ ရှည်ရှည်ဝေးဝေးစဉ်း စားနေဖို့မလိုပါဘူး။ ကိုယ့်ဘာသာ ကိုယ် ပြန်ဆန်းစစ်ကြည့်ရုံနဲ့သိနိုင်ပါ တယ်။ လူတိုင်းဟာ ဘယ်အခါမဆို အကောင်းဆုံးကိုသာ စဉ်းစားလေ့ရှိ တယ်။ ဖြစ်နိုင်တာနဲ့လုပ်နိုင်တာကို စဉ်းစားလေ့မရှိပါဘူး။ ကျောင်းသား က တစ်နေ့ကို ၅နာရီမပျက်မကွက် နေ့တိုင်းစာကျက်မယ်လို့ အဓိဋ္ဌာန်ပြု တယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ကျောင်းချိန်၊ ကျူရှင်ချိန်နဲ့အချိန် အများကြီး ကုန်နေရတာကြောင့် ၂နာရီ၊ ၃နာရီတောင် အနိုင်နိုင် ကျက်ရပါတယ်။
လခစားဝန်ထမ်းကလည်း ရရ စားစား မဖြစ်ရလေအောင် တစ်လကို ဘယ်လောက်သုံးပြီး ဘယ်လောက် စု မယ်လို့ အဓိဋ္ဌာန်ပြုခဲ့တယ်။လက်တွေ့ ကျတော့ မစုနိုင်ခဲ့ဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ စကတည်းက လုပ်နိုင်တာ၊ ဖြစ်နိုင်တာကို မစဉ်းစားဘဲ ကိုယ့်စိတ် ထဲ လုပ်ချင်တာ၊ ဖြစ်ချင်တာကိုသာ စဉ်းစားခဲ့တာကိုး။ ဘယ်အရာမဆို ကာလ၊ ဒေသ၊ ပယောဂအပေါ်မှီပြီး ဖြစ်ကြ၊ ပျက်ကြရပါတယ်။ ဘာလုပ် လုပ် ဒီအချက်သုံးချက်ကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။
အဓိဋ္ဌာန် ခဏခဏ ကျိုးပေါက် တာဟာ ပတ်ဝန်းကျင်ရဲ့ အထင်သေး ပြက်ရယ်ပြုမှုကို ခံရစေရုံမက ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှုလျော့ရဲ စေပါတယ်။ နောက်ပြီးတော့ ဘာမဆို ပြီးပြီးရော ပြောတတ်၊ လုပ်တတ်တဲ့ အကျင့်ဆိုးကို ရစေတယ်။ ကိုယ့်ကိုယ် ကိုယ်တောင် ယုံကြည်စိတ်ချမှုမခိုင်မာ တဲ့လူမျိုးကို တခြားဘယ်သူက လာပြီး ယုံကြည်စိတ်ချတော့မှာလဲ။ ယုံကြည် စိတ်ချမှုဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးဖြစ်တယ်။ အောင်မြင်မှုရဲ့ သော့ချက်လည်ြး ဖစ်တယ်။
တစ်ခုခုလုပ်တော့မယ်ကြံရင်၊ တစ်ခုခုဆုံးဖြတ်တော့မယ်စိတ်ကူးရင် ကိုယ့်လုပ်နိုင်စွမ်းရှိတာရဲ့အနိမ့်ဆုံးက စတင်ပါ။ ဒါမှ မပျက်မကွက် သေချာ ပေါက်လုပ်နိုင်မှာဖြစ်တယ်။ ဥပမာ- ည၁၂နာရီထက်ကျော်ပြီး နေနိုင်စွမ်း မရှိသူဟာ ညစဉ် ၁၂နာရီထိ စာကျက် မယ်လို့အဓိဋ္ဌာန်ပြုမယ့်အစား ည ၁၁ နာရီထိ စာကျက်မယ်လို့ပဲ အဓိဋ္ဌာန်ပြု သင့်တယ်။ ဒါဆိုရင် အဓိဋ္ဌာန်ပြုတဲ့ အတိုင်း လုပ်ဖြစ်မှာသေချာတယ်။ ဒီ နည်းနဲ့ကိုယ့်ကိုယ်ကိုယ်စိတ်ချယုံကြည် မှု အားကောင်းစေလိမ့်မယ်။ ဘေးပတ် ဝန်းကျင်ရှိ လူများကလည်း ကိုယ့်ကို စိတ်ချယုံကြည်မှုတိုးလာစေနိုင်ပါတယ်။
မလုပ်နိုင်တဲ့အဓိဋ္ဌာန်မျိုး ဘယ် တော့မှ မချပါနဲ့။ လုပ်ရဲတဲ့သတ္တိ မရှိ ဘဲ ဘယ်တော့မှမခြိမ်းခြောက်ပါနဲ့။ အပြောသာရှိပြီး အလုပ်မဖြစ်တဲ့ လူမျိုးကို ဘယ်သူကမှ အလေးမထား ပါဘူး၊ အထင်မကြီးပါဘူး။ ‘ဆိုခဲစေ မြဲစေ’ ဆိုတဲ့စကားကို သတိချပ်သင့် တယ်။ ပြောရင် ပြောတဲ့အတိုင်းလုပ် တဲ့လူမျိုးကိုမှ လူလေးစားပါတယ်။ မလုပ်နိုင်ဘူးထင်ရင် အစကတည်းက ဘာအဓိဋ္ဌာန်မှမချပါနဲ့။ နှစ်သစ်တစ်ခါ ကူးတိုင်း၊ မွေးနေ့တစ်ကြိမ်ရောက်တိုင်း အဓိဋ္ဌာန်တွေချရမယ်လို့ ဥပဒေသတ် မှတ်ထားတာမရှိပါဘူး။ အဓိဋ္ဌာန်ပြုတဲ့ အတိုင်း မလုပ်နိုင်လို့ လူအထင်သေး ခံ၊ ပြက်ရယ်ပြုခံရတာထက်တော့ စ ကတည်းကိုက ဘာအဓိဋ္ဌာန်မှမချဘဲ ပေါ့ပေါ့ပါးပါးနေလိုက်တာကပိုကောင်း ပါတယ်။ လူတိုင်းလုပ်လို့၊ ထုံးစံရှိလို့ဆို တိုင်း လိုက်လုပ်စရာမလိုပါဘူး။ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှ၊ ကိုယ်တိုင်ဆန္ဒ ရှိမှ၊ အမှန်တကယ်လည်း စွမ်းဆောင် နိုင်မှလုပ်တာ အကောင်းဆုံးပါပဲ။ ခက် တာက လူတွေဟာ သူများလုပ်သလို လိုက်လုပ်မှ ခေတ်မီတယ်လို့ ထင်နေ ကြတာဖြစ်တယ်။

No comments: