Saturday, August 2, 2008

ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းပြဿနာ ဘာကြောင့်ဖြစ်လာရပါသလဲ

ဦးလှမြင့်(မားကက်တင်း)
ယခုတစ်လော ကမ္ဘာတစ်ဝန်း စား နပ်ရိက္ခာရှားပါးလာမှုပြဿနာမှာ ကျယ် ကျယ်လောင်လောင်ကြားနေရသည်။ ဆင်းရဲနိုင်ငံများနည်းတူ ချမ်းသာသည့် နိုင်ငံများကလည်း အနည်းနှင့်အများ ခံစားရသည်။ စားနပ်ရိက္ခာပြဿနာ ကြောင့် နိုင်ငံတချို့တွင် အဓိကရုဏ်းများ နှင့် မငြိမ်သက်မှုများ ဖြစ်ပွားလျက်ရှိ သည်။ ယင်းသို့ အစာရေစာ ရှားပါးမှု၊ တစ်နည်း စားနပ်ရိက္ခာအကျပ်အတည်း ဘာကြောင့်ဖြစ်လာရသည်ကို ကျွမ်းကျင် သူများက ဆင်ခြင်ကြည့်သည်။ ဒီအခါ အဓိကအကြောင်းရင်း၅ချက်ကို တွေ့ ရှိသည်။
၁။ လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ် မှုတွင် ပုံပျက်ပန်းပျက်ဖြစ်ခြင်း
အစိုးရများ၏ ညံ့ဖျင်းသည့်လယ်ယာ စိုက်ပျိုးရေးပေါ်လစီကြောင့် အထက်ပါ ပြဿနာပေါ်ပေါက်လာရသည်ဟုဆိုသည်။ ယင်းပြဿနာပေါ်ပေါက်စေသည့် အကြောင်းအချက်နှစ်ရပ်ရှိသည်။ ၎င်းတို့ မှာ(၁)လယ်ယာမြေ အမတော်ကြေးများ သို့မဟုတ် ထောက်ပံ့ငွေများ(sub-sidies)ထုတ်ပေးခြင်းနှင့်(၂)တံခါးပိတ် ဈေးကွက်(close market)ဝါဒ ကျင့်သုံး ခြင်းတို့ပဲဖြစ်သည်။
(၁)လယ်ယာမြေ အမတော်ကြေး များ ထုတ်ပေးခြင်း-ချမ်းသာသည့် နိုင်ငံ များ(အဓိကအားဖြင့် အမေရိကန်ပြည် ထောင်စုနှင့် ဥရောပနိုင်ငံတချို့က လယ် ယာမြေများကို အမတော်ကြေးအမြောက် အမြားပေးကြသည်။ ယင်းနောက် ပိုလျှံ သည့် လယ်ယာထွက်ကုန်ကို ထွက်ပြူစ ဈေးကွက်များ(emerging markets)ထဲ သို့ ပုံအောရောင်းချကြသည် (dumping)။ သည်သို့ဖြင့် ကမ္ဘာ့လယ်ယာထွက် ကုန် ကုန်သွယ်မှုတွင် ပုံပျက်ပန်းပျက် ဖြစ် လာခဲ့ရသည်။ ကုန်သွယ်ရေး ကန့်သတ် တားမြစ်ချက် တသီကြီးကလည်း လယ် ယာထွက်ကုန်များ ကူးသန်းရောင်းဝယ် မှုကို ပုံပျက်စေသည်။ အတားအဆီးများ မှာ အာရှ၊ ဥရောပ၊ အမေရိကန်နှင့် လက် တင်အမေရိကတို့တွင် အသွင်သဏ္ဌာန် အနေနှင့် ကွဲလွဲမှုရှိသော်လည်း ရည်ရွယ် ချက်မှာ တူသည်။ ဒါက ဒေသခံ လယ် သမားများနှင့် ကွယ်ပျောက်လုနီးပါးရှိလာ နေသည့် ကျေးလက်နေ လူ့အဖွဲ့အစည်းကို ကာကွယ်ရန်ဆိုသည့်အချက်ပဲဖြစ်သည်။ ဈေးကွက် ကသောင်းကနင်းဖြစ်မှုပမာဏ မှာ ကြီးမားလှသည်။ ကမ္ဘာ့ဘဏ် လေ့လာ မှုတစ်ရပ်က ချမ်းသာသည့်ကမ္ဘာမှ ထောက်ပံ့ကြေးအကူအညီရ ‘ပို့ကုန်များ’ နှင့် သွင်းကုန်ခွန်များ(tariffs)ကြောင့် ဆင်းရဲသည့်နိုင်ငံများမှ လယ်သမားများ အား နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁ဝဝဘီလျံ ဆုံးရှုံးနစ်နာစေကြောင်း ခန့်မှန်းထားသည်။
မက္ကဆီကို(Mixico)မှာ ဥပမာ ကောင်းတစ်ခုဖြစ်သည်။ ၁၉၉၃ခုနှစ်တွင် NAFTA အသက်ဝင် လှုပ်ရှားလာသည့် အခါ အမတော်ကြေးဖြင့် စိုက်ပျိုးသည့် US ပြောင်းက မက္ကဆီကိုဈေးကွက်ထဲ လှိမ့်ဝင်သည်။ နှစ်အတန်ကြာအတွင်း ဒေသပြောင်းဈေးနှုန်းကို ၇ဝရာခိုင်နှုန်း အထိ ကျဆင်းစေသည်။ ထိုပုံစံအတိုင်း ဥရောပမှ ဈေးချိုသည့်သကြားကို အာဖရိ ကသို့ လည်းကောင်း၊ USမှ ဈေးချိုသည့် ဆန်ကို ကာရီဘီယံဒေသသို့လည်းကောင်း၊ ကြက်သားကို ဂါနာနှင့်ကင်မရွန်းနိုင်ငံများ သို့လည်းကောင်း ပို့ပေးခဲ့သည်။ ယင်း အချိန်ကာလအတွင်း EU(ဥရောပသမဂ္ဂ) နှင့် US က ဖွံ့ဖြိုးဆဲကမ္ဘာမှ ပြိုင်ဆိုင်မှုကို တားဆီးရန် သွင်းကုန်ခွန် အရံအတား နံရံ ကို မြင့်မြင့်မားမား တည်ဆောက်ထားရှိခဲ့ သည်။ တချို့ကိစ္စရပ်များတွင် ပုံတိုက် ရောင်းချခြင်း(dumping)ခေါ် ကုန်စည် ၏ တန်ဖိုးရင်းထက် လျော့နည်းသောဈေး နှုန်းဖြင့် ရောင်းချခြင်းကို အစားအစာ အကူအညီ(food aid)အဖြစ် မသိမသာ ဟန်ဆောင်မှုမျိုးလည်းရှိသည်။
ဆယ်စုနှစ်များစွာ အမေရိကန်နှင့် ဥရောပသမဂ္ဂသည် လယ်ယာလုပ်ငန်း အတွက် အားတက်သရော ငွေအကုန် အကျခံ လုပ်ဆောင်လာခဲ့သည်။ OECD နိုင်ငံများအတွင်း အမတော်ကြေး(ထောက် ပံ့ငွေ)မှာ လွန်ခဲ့သည့် တစ်နှစ်တည်းတွင် စုစုပေါင်း ဒေါ်လာ ၂၈၃ဘီလျံအထိ ရှိခဲ့ သည်။ ပြည်တွင်း လယ်ယာထွက်ကုန်ဈေး နှုန်းကိုမူ တမင်မြှင့်တင်ထားသည်။ ယင်း အချက်ကြောင့် လိုအပ်သည်ထက် ပိုထုတ် လုပ်မှု(over production)ပြဿနာ ဖြစ် လာရသည်။ ယင်းပြဿနာ ဖြေရှင်းခြင်း အနေနှင့် ပိုလျှံထွက်ကုန်ကို ကမ္ဘာ့ဈေး ကွက်ထဲသို့ ‘ပုံတိုက်ရောင်းချခြင်း’ (dump-ing)ပြုလုပ်သည်။ မကြာသေးမီအချိန်ထိ တော့ ယင်းသို့လုပ်ရပ်ကြောင့် စားသောက် ကုန်ဈေးနှုန်းများ ကျဆင်းမှုကို ဖြစ်စေ သည်။ သို့သော် ဆင်းရဲသောနိုင်ငံများမှ လယ်သမားများမှာ ဈေးနှုန်းယှဉ်ပြိုင်နိုင် သည့် လယ်ယာထွက်ကုန်များ ထုတ်လုပ် နိုင်ခြင်းမရှိ၍ ဈေးကွက်ထဲဝင်ပြီး မယှဉ် နိုင်ကြချေ။
ဒါကြောင့် ကောက်ပဲသီးနှံဈေးနှုန်း များ ယခုနှစ် ဆောင်းရာသီတွင် ပေါက် ကွဲမြင့်တက်လာသည့်အခါ ဆင်းရဲသည့် နိုင်ငံများက ယင်းတို့၏ထုတ်လုပ်မှုကို အဆောတလျင် တိုးအောင်မလုပ်နိုင်သည် မှာ အံ့ဩစရာတော့မဟုတ်။ ထိုင်းဆန် ဈေးနှုန်းသည် ဒီဇင်ဘာလမှ ဧပြီလ အတွင်း ၂၈ဝရာခိုင်နှုန်းအထိ တက်ခဲ့ သည်။ ကောက်ပဲသီးနှံဈေးနှုန်းပေါက်ကွဲ မြင့်တက်လာရခြင်းမှာ တိုးတက်လာနေ သည့် ဝယ်လိုအားနှင့် supply shocks ခေါ် ထွက်နှုန်းကျဆင်းခြင်း၊ ဆိုးရွားသည့် ရာသီဥတုနှင့် ပြောင်းမှဘိုင်အိုလောင်စာ များဆီသို့ ရွှေ့ပြောင်းမှု စသည့်အချက်များ ကြောင့်ဖြစ်သည်။
(၂)တံခါးပိတ်ဈေးကွက်ဝါဒ ကျင့် သုံးခြင်း-ဆန်ပိုလျှံသည့်နိုင်ငံများထဲတွင် ပါဝင်သည့် အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားက ယင်းတို့၏ပြည်တွင်းငွေ ဖောင်းပွမှုမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပို့ကုန်ကန့်သတ်ချက်သစ်များကို ပြဋ္ဌာန်း ကြသည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့်အဓိက ဆန်တင်သွင်းနိုင်ငံများမှာ ကူပါကယ်ပါ တစာစာဖြစ်လာနေရသည်။ ဒါက မိမိအိမ် နီးနားချင်းတွေ ငတ်ပြီး သေပါစေဆိုသည့် ပေါ်လစီမျိုးဖြစ်နေကြောင်း ပြောဆိုကြ သည်။ ကမ္ဘာ့ဆန်ဈေးနှုန်းကို တက်စေပြီး အကျပ်အတည်းကို ပို၍ဆိုးဝါးစေ နိုင်သည်။
၂။ လယ်ယာစိုက်ပျိုးရေးတွင် ရင်းနှီး မြှုပ်နှံမှုနည်းပါးခြင်း
ဖွံ့ဖြိုးစကမ္ဘာ၏ လယ်ယာစိုက်ပျိုးရေး တွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းကလည်း အကြောင်းတစ်ခုဟုမြင်သည်။ ဒါက နိုင်ငံ ရပ်ခြားမှတင်သွင်းလာသည့် စားနပ်ရိက္ခာ က အမြဲပိုပြီး ဈေးသက်သာသည်ဟူ၍ နိုင်ငံခေါင်းဆောင်များက မှားယွင်းစွာ ယူဆမိကြပြီး လယ်ယာစိုက်ပျိုးရေးကို ဦးစားပေးအဖြစ် သဘောမထားဘဲ ရင်းနှီး မြှုပ်နှံမှုမပြုလုပ်ခဲ့၍ဖြစ်သည်။ လက်ရှိ အခြေအနေနှင့်မိမိဘာသာ အားရကျေနပ် နေ၍ပဲဖြစ်သည်။
ယခုအခါ ယင်းနိုင်ငံတို့က ကြမ်း တမ်းသည့် ‘လှုပ်နှိုးမှု’ ကို ခံနေရသည်။ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ကျွန်ုပ်တို့က ‘ဈေးသက်သာသည့် စားနပ်ရိက္ခာခေတ်’ (၁၉၈ဝပြည့်နှစ်မှ ၂ဝဝ၃ခုနှစ်အတွင်း)ဆို သည်မှာ ပြီးဆုံးပြီ။ အပြီးအပိုင် ပြီးဆုံးခြင်း လည်းဖြစ်နိုင်သည်။ အသစ်အသစ်ဖြစ်လာ မည့် အကြောင်းခြင်းရာများကတော့ စား နပ်ရိက္ခာရှားပါးမှု၊ ကောက်ပဲသီးနှံဈေးနှုန်း များ ခေါင်းစိုက်အောင် မြင့်တက်မှု၊ ဈေး ကွက်ချောက်ချားမှုနှင့်အာဖရိကနှင့်တောင် အာရှတွင် ငတ်မွတ်ခေါင်းပါးမှုများပဲဖြစ် သည်ဟုကျွမ်းကျင်သူတစ်ဦးကပြောသည်။
စပါးအကြီးအကျယ် စိုက်ပျိုးထုတ် လုပ်မှုနှင့် သင့်တော်ခြင်းမရှိသည့် အာရှ နိုင်ငံများက စပါးတင်ပို့မှုအပေါ် အကြီး အကျယ် မှီခိုအားထားလာခဲ့ကြသည်။ ယခုတော့ ယင်းတို့ နောင်တရနေပြီ။ မလေးရှားတွင် အစိုးရက ဆန်ထက် ဒေသ ရာသီဥတုနှင့် ပထဝီအနေအထားအရ ပိုမိုသင့်လျော်သည့် ပို့ကုန်အဖြစ် ဆီစား အုန်းစိုက်ပျိုးခြင်းကို သွင်သွင်မောင်းခဲ့ကြ သည်။ ယခုအခါ နှစ်စဉ်အစားအစာ စရိတ်များ အလွန်ကြီးမြင့်လာသည့် အတွက် ဝန်ကြီးချုပ်အဗ္ဗဒူလာဘာဝါဒီက ဆာရာဝက်ခ်ဒေသတွင် စပါးစိုက်ခင်းကြီး များကို ဖန်တီးရန် ဒေါ်လာ ၁ဒသမ၃ ဘီလျံ အကုန်အကျခံမည့် စီမံချက်ကို မကြာမီက ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဆန်တင်သွင်းသည့် နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်ကပင် ယင်း၏ ကမ္ဘာ့ဈေးကွက်များအပေါ် မှီခိုရမှုကို ပြန် လည်သုံးသပ်လာနေရသည်။ စိုက်ပျိုးရေး အတွင်းဝန်က ၂ဝ၁၁ခုနှစ်အရောက်တွင် နိုင်ငံက ဆန်ဖူလုံမှုရအောင် မိမိကိုယ်တိုင် စိုက်ပျိုးနိုင်ရေးမှာ မဖြစ်မနေလုပ်ရမည့် အလုပ်ဟုဆိုသည်။ သို့သော် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုတော့ လုပ်ရပေလိမ့်မည်။
စီးပွားရေးအင်အား မြန်မြန်ဆန်ဆန် ကြီးထွားလာနေသည့် တရုတ်နှင့်အိန္ဒိယက ကောက်ပဲသီးနှံ စားမာန်ခုပ်သူများဖြစ်လာ နေသည်။ တစ်ချိန်တည်းတွင် ပြည်တွင်း ထွက်နှုန်းများက ကျဆင်းလာနေသည်။ တရုတ်လယ်သမားများမှာ မိမိတို့လယ်မြေ ကို ဖွံ့ဖြိုးရေး ပရော့ဂျက်များအတွက် ဒေသခံကေဒါများ၏သိမ်းယူမှုကို စိုးရိမ် နေရသဖြင့် လယ်သမားအများစုက လယ် ယာမြေတိုးတက်မှု ကြီးကြီးမားမား ဘာမှ မလုပ်နိုင်ခဲ့ကြဟူ၍ ဆီတယ်လ်ရှိ ကျေး လက်ဒေသဖွံ့ဖြိုးရေးဌာန၏ဂုဏ်ထူး ဆောင်ဥက္ကဋ္ဌ ပရော့စတာမင်န်က ဆိုသည်။
အိန္ဒိယ၏ အမွဲတေဆုံးမိသားစု ၁၈ သန်း(လူဦးရေအားဖြင့် သန်း၁ဝဝကျော်) မှာလည်း သူတို့မှာ လယ်ယာမြေမဲ့များ ဖြစ်ကြ၍ အလားတူအဖြစ်ဆိုးနှင့်ကြုံနေရ သည်။ သူတို့က အဓိကအားဖြင့် လယ် ယာမြေလုပ်သားများ ဖြစ်ကြသည်။ ရာသီ ပေါ် လုပ်ငန်းလုပ်ပြီး နေ့စားလုပ်ခနှင့် အသက်မွေးဝမ်းကျောင်းပြုနေရသည်။ အစားအစာ ဈေးနှုန်းများ ခုန်ပျံတက်လာ သည့်အခါ သူတို့၏နေ့စားလုပ်ခက ကျ ဆင်းသွားသလိုဖြစ်လာရသည်။ ဒါက ငတ် မွတ်ဘေးအတွက် လမ်းခင်းပေးသလို ရှိနေ သည်။ ဗီယက်နမ်က အထင်ကရ ဆန် တင်ပို့ရောင်းချသည့် နိုင်ငံတစ်ခုဖြစ်လာ သည်။ ယင်း၏ လယ်သမားများကို လယ် ယာမြေ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေးထားသည့် အကျိုးဆက်ကြောင့်ဟု မြင်နေကြသည်။
၃။ လူလတ်တန်းစားသစ်များ ထွက်ပေါ် လာခြင်း
ထွက်ပြူစဈေးကွက်များတွင် လူ လတ်တန်းစားသစ် ထွက်ပေါ်လာခြင်း ကြောင့် ပိုမိုကောင်းမွန်သည့် အစားအစာ နှင့် ပိုများများစားသုံးခြင်းဖြစ်လာသည်။ ဒါကလည်း စားနပ်ရိက္ခာရှားပါးမှုကို မီးထိုး ပေးသည်။
၎။ မြို့ပြနှင့်စက်မှုလုပ်ငန်း မြေနေရာ ချဲ့ထွင်လာမှု
မြို့ပြစီမံသူတို့က အစားထိုး ပြန်မရ နိုင်သည့် စိုက်ပျိုးမြေများကို ဖဲ့ယူပြီး မြို့ပြ နှင့် စက်မှုလုပ်ငန်းမြေအဖြစ် တည် ဆောက်ကြသည်။ မြို့များတည်ဆောက် ရာမှာလည်း ဟောင်ကောင်ပုံစံ အထက် သို့တက်ခြင်းထက် လော့စ်အိန်ဂျလိစ်ပုံစံ ဘေးသို့ချဲ့ကားသည့်နည်းကို အတုယူ တည်ဆောက်နေကြသည်။ နိုင်ငံတကာ စပါးသုတေသနဌာန၏အဆိုအရ ဗီယက် နမ်၊ ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မြို့ပြချဲ့ထွင်မှုနှင့်စက်မှုလုပ်ငန်းနေရာ တည်ဆောက်မှုအတွက် စိုက်ပျိုးမြေ ကောင်း ဟက်တာ ထောင်သောင်းချီပြီး နှစ်စဉ်ဆုံးရှုံးလျက်ရှိကြောင်းဆိုသည်။
၅။ ဘိုင်အိုလောင်စာဆီ စန်းပွင့်လာခြင်း
အနောက်နိုင်ငံတွင် လယ်သမားကိစ္စ စည်းရုံးဆော်ဩသူများက ပြောင်းမှရ သည့် အီသနော(Corn ethanol)နှင့် စပျစ်သီးစေ့(gapeseed)မှရသည့် ဘိုင် အိုဒီဇယ်စသည့် ‘ဘိုင်အိုလောင်စာများ’ (biofuels)ကို ထွေးပိုက်လာနေကြသည်။ အကျိုးဆက်မှာ စားသီးနှံများ စိုက်ပျိုးမြေ မှာ စွမ်းအင်ထုတ် သီးနှံစိုက်မြေများအဖြစ် အကြီးအကျယ် ပြောင်းလဲလာခြင်းပင်ဖြစ် သည်။ ဂျာမနီနှင့်ပြင်သစ်တွင် စိုက်ပျိုးမြေ ၁၅ရာခိုင်နှုန်းနှင့် အမေရိကန်တွင် ၂ဝရာ ခိုင်နှုန်း အသီးသီးပြောင်းလဲသွားသည်။

No comments: