Tuesday, January 1, 2008

ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အရှင်းလင်းဆုံးအဓိပ်ပါယ် ဖွင့်ဆိုချက်

လူထုစိန်ဝင်း

အမေရိကန်ရောက် တပည့်ကျောင်းသူလေး တယောက်ဆီက "အီးမေးလ်" တစောင်ရပါတယ်။ သူ့စာလေးကို ဖတ်ပြီး ပြုံးရပါတယ်။ ဒီစာကို သူဘယ်ကရပြီး ပို့လိုက်တယ်ဆိုတာ မပါပါဘူး။ သူလည်း အီးမေးလ်ကဆင့် ရတာပဲဖြစ်မယ်။

သူ့စာက ဒီနေ့ မြို့ပြလူတန်းစားသူတွေအကြားမှာ ကျယ်ကျယ်လောင်လောင်ပြောနေကြတဲ့ "ကမ္ဘာပြုမှု" (ဂလိုဘယ်လိုက်ဇေးရှင်း) ကိစ္စဖြစ်ပါတယ်။ စာနယ်ဇင်းတွေမှာ လှန်လှောကြည့်လိုက်ရင် ဒီကမ္ဘာပြုမှုအကြောင်း၊ WTO နဲ့ ကမ္ဘာ့ဘဏ်အကြောင်း၊ IMF အကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုအကြောင်း စတာတွေချည်းပဲတွေ့နေရပါတယ်။ တချို့က အကောင်းမြင်ဘက်ကရေးကြပြီး တချို့က အဆိုးမြင်ဘက်က ရေးကြပါတယ်။ ကျောင်းဆရာတစ်ယောက် ဖြစ်လေတော့ ဆယ်ကျော်သက်အရွယ် လူငယ်တွေနဲ့ အမြဲထိတွေ့နေရပါတယ်။ သူတို့က လူငယ်ပီပီ ဟိုစပ်စပ် ဒီစပ်စပ်မေးတတ်ကြပါတယ်။ "ကမ္ဘာပြုမှု" အကြောင်းလည်း သူတို့စိတ်ဝင်တစား ရှိကြပါတယ်။ စာနယ်ဇင်းတွေ ရှာဖတ်ကြပါတယ်။ ဒါပေမယ့် စာတွေ ဘယ်လောက်ဖတ်ဖတ် ရှင်းရှင်းလင်းလင်း ရေရေရာရာ နားမလည်နိုင်တာကြောင့် ရှင်းပြပေးဖို့ပြောလာကြပါတယ်။ သူတို့လေးတွေအတွက် အမေရိကန်ရောက် ကျောင်းသူလေးပို့လိုက်တဲ့ အီးမေးလ်စာကိုပဲ ထုတ်ပြလိုက်ရပါတယ်။။ စာလေးက ဒီလိုပါ။

INTERNATION THINKING AT ITS BEST!

Question: What is the truest definition of Globalization?

Answer: Princess Diana's death.

Question: How come?

Answer: An English princess with an Egyptian boyfriend crashed in a French runnel, driving a German car with a Dutch engine, driven by a Belgian who drunk on Scottish whisky, ( check the bottle before you change the spelling) followed closely by Italian Paparazzi, on Japanese motorcycles; treated by an American doctor, using Brazillian medicines.

This is sent to you by an American, using Bill Gate's technology, and you're probably reading this on your computer, that use Taiwanese chips, and a Korean monitor, assembled by Bangladeshi workers in a Singapore plant, transported by Indian lorry-drivers, hijacked by Indonesians, unloaded by Sicilian longshoremen, and trucked to you by Mexican illegals……

That, my friends, is Globalization!!

မေးခွန်း--- ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အမှန်ဆုံး အဓိပ်ပါယ်ဖွင်းဆိုချက်က ဘာလဲ။

အဖြေ--- ဒိုင်ယာနာမင်းသမီး သေဆုံးမှု။

မေးခွန်း--- ဘာကြောင့်လဲ။

အဖြေ ---- အီဂျစ်လူမျိုးချစ်သူ တစ်ယောက်ရှိတဲ့ မင်းသမီးတစ်ပါးဟာ ဒပ်ခ်ျအင်ဂျင်တပ် ဂျာမန်ကားကို စကော့ဝီစကီသောက်ပြီး မူးနေတဲ့ ဘယ်လ်ဂျီယံ ဒရိုင်ဘာက မောင်းနှင်ကာ ဂျပန်လုပ် မော်တော်ဆိုင်ကယ်တွေ စီးလာတဲ့ အီတာလျံ( အီတလီလူမျိုး) ပါပရာဇီတွေက နောက်ကတကောက်ကောက် လိုက်ပါရင်းနဲ့ ပြင်သစ်ဥမင်လိုဏ်ခေါင်းအတွင်း ကားတိုက်မှုဖြစ်ခဲ့တယ်။ သူ့ကို အမေရိကန်ဆရာဝန်က ဘရာဇီးနိုင်ငံထုတ်ဆေးဝါးတွေနဲ့ ကုသပေးခဲ့တယ်။ ဒီစာကို အမေရိကန်တစ်ယောက်က ဘီလ်ဂိတ်ရဲ့ နည်းပညာတွေသုံးပြီး ပို့လိုက်တယ်။ သင်လည်း ထိုင်ဝမ်ချစ်ပ်ကိုသုံးပြီး စင်္ကာပူစက်ရုံတခုမှာ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေ ထပ်တင်လိုက်တဲ့ မောနီတာတွေနဲ့ ကွန်ပြူတာကိုသုံးပြီး ဒီစာကို ဖတ်နေတာဖြစ်ဖွယ်ရှိတယ်။ အဲဒီကွန်ပြုတာကို အိန္ဒိယလူမျိုး လောရီကား ဒရိုင်ဘာတွေက သယ်ယူလာတာကို အင်ဒိုနီးရှားလူမျိုးတွေက ကြားဖြတ်အပိုင်စီးပြီး စစ္စလီဆိပ်ကမ်းကုန်တင် ကုန်ချအလုပ်သမားတွေက သင်္ဘောပေါ်ကနေ မက္ကစီကန် ခိုးဝင်သူတွေက ထရပ်ကားနဲ့ မောင်းပြီး သင့်ဆီ အရောက်ပို့ပေးတာ ဖြစ်တယ်။

ကဲမိတ်ဆွေတို့ အဲဒါ ဂလိုဘယ်လိုက်ဇေးရှင်းပါပဲ။

အီးမေးလ်ဖတ်လိုက်မှ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ ဒီလိုပါလားလို့ စိတ်ထဲမှာဖြစ်မသွားဘူးလား။ အရင်ကတော့ သိချင်လို့ စာတွေဖတ် စာတွေဖတ်မှ မသိတာတွေ ပိုပိုပြီးတိုးလာနဲ့ လုံးချာလည်နေရတယ် မဟုတ်လား။

"ကမ္ဘာပြုမှု" မှာကောင်းတာတွေ ရှိသလို၊ မကောင်းတာတွေလည်း ရှိပါတယ်။ ဒီနေ့ ငြင်းခုန်ဆွေးနွေးနေကြတာတွေ ပြောကြတဲ့ အကြောင်းချက်တွေ အားလုံးဟာလည်း သူ့ဟာနဲ့ သူတော့ မှန်တာတွေချည်းပါပဲ၊။ စက်မှုနည်းပညာ တိုးတက်မှုကြောင့် ဖန်လုံအိမ်အကျိုးသက်ရောက်မှုတို့ အိုဇုန်းလွှာပါးလွှာမှုတို့ ဝင်ရိုးစွန်းရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှုတို့ စတာတွေ ပေါ်ပေါက်လာရတာမှန်ပါတယ်။ ဒါပေမယ့် ကာဗွန်ဓာတ်တွေ ထုတ်လုပ်တဲ့ မော်တော်ကားကြီးတွေကို လမ်းပေါ်မှာ ဖယ်ရှားပြီး သဘာဝပတ်ဝန်းကျင်နဲ့ မိတ်ဖက်ဖြစ်တဲ့ လန်ချား၊ ဆိုက္ကား၊ မြင်းလှည်းတွေကို ပြန်ပြီး သုံးကြပါလားလို့ ဆိုပြန်ရင်လည်း မဖြစ်နိုင်ဘူးလို့ လူတိုင်းက လက်ခံထားကြတယ်။ မကြာမီက အပျော်တမ်း ဓာတ်ပုံဆရာတစ်ယောက်ပြောတဲ့ စကားလေးတစ်ခွန်း အမှတ်ရမိပါတယ်။ ဓာတ်ပုံဆရာနဲ့ အဖော်တစ်စု ဓာတ်ပုံရိုက်ဖို့ ပဲခူးရိုးမဘက် ခရီးထွက်ကြပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ၄၀ နီးပါးက တောအင်မတန်နက်လို့ သူပုန်တွေ ဌာနချုပ်လုပ်ထားနိုင်ခဲ့တဲ့ နေရာအရောက် ကားနဲ့ သုံးနာရီသွားရုံနဲ့ ရောက်ပါတယ်။ အနှစ် ၂၀ လောက်သူပုန်တွေ ခိုအောင်းနေတာကို ရှာဖွေလို့ ရှင်းလင်းလို့မရနိုင်လောက်အောင် တောကြီး ထူထပ်တယ်ဆိုတာ မယုံနိုင်စရာပါပဲတဲ့။ လမ်းကလည်းဖြူးနေတာပဲတဲ့။ အဲဒီထဲက တစ်တနေရာမှာ အစိုးရဆင်စခန်းတစ်ခု တွေ့ရပါတယ်။ ဆင်စခန်းက ဆင်ဆရာဝန်နဲ့ စကားစမြည်ပြောကြဆဲ အနီးအပါးရွာက လူတွေရောက်လာကြပြီး ဆင်ရိုင်းတွေ ကျူးကျော်ရောက်ရှိလာပြီး ကြံခင်းတွေပျက်ကြောင်းတိုင်တာလည်းတွေ့ရပါတယ်တဲ့။

" အင်း အမှန်တော့ ဆင်တွေက ကျူးကျော်တာ မဟုတ်ဘူးဗျ။ လူတွေက ဆင်တွေနေတဲ့ နေရာလာပြီး အခင်းတွေ လုပ်ကြတာ"လို့ ဆင်ဆရာဝန်လေးက ဆင်ဆရာဝန်ပီပီ သူ့ဆင်တွေဖက်က ကာကွယ်ပြောကြားသွားတယ်တဲ့လေ။

ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အမှန်ဆုံး အဓိပ်ပါယ်ဖွင့်ဆိုချက်က ဘာလဲဆိုတဲ့အမေးကို " တောဆင်ရိုင်းတွေ ကြံခင်းဖျက်တဲ့သတင်း" လို့ဖြေရင်လည်း မှန်ကန်တဲ့ အဖြေလို့ဆိုနိုင်တာပဲ မဟုတ်လား။

ဝန်ခံချက်၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ ဤဆောင်းပါးကို စတိုင်သစ် မဂ္ဂဇင်း၊ အမှတ် (၁၃၀)၊ မေလ၊ ၂၀၀၄ ထုတ်မှ လူထုစိန်ဝင်းရဲ့ "ဂလိုလယ်လိုက်ဇေးရှင်းရဲ့ အရှင်းလင်းဆုံး အဓိပ်ပါယ်ဖွင့်ဆိုချက်" ကိုပြန်လည်ကူးယူဖော်တာ ဖြစ်ပါတယ်။

No comments: