Tuesday, November 13, 2007

နိုင်းနိုင်းကို ချစ်တဲ့ပရိသတ်များအတွက်

ပေးဆပ်သူပဲ ဖြစ်ချင်ပါတယ်ဆိုတဲ့ နိုင်းနိုင်း




Posted on Nov 13 07 - 12:35 PM | Hits : 606 | Save as PDF


နိုင်းနိုင်း ဆိုတဲ့ နာမည်ကျော်မင်းသားနဲ့ မေးမြန်းဖြစ်ခဲ့တာလေးတွေကို ဒီတစ်ပတ် တင်ဆက်ပေးချင်ပါတယ်။ အနုပညာသက်တမ်း ကြာရှည်လာခဲ့တာနဲ့အမျှ ရင့်ကျက်တည်ငြိမ်စွာ အနုပညာခရီးလမ်းကို လျှောက်လှမ်းနေတဲ့ နိုင်းနိုင်းရဲ့ သူ့ဘ၀၊ သူ့အနုပညာတွေကို တစေ့တစောင်း ထင်ဟပ်ဖော်ပြပေးချင်တာကြောင့် အလုပ်များနေတဲ့ မင်းသားဆီကို မေးခွန်းတွေ ပို့ပြီး အင်တာဗျူးဖြစ်ခဲ့တယ်လေ..။


နိုင်းနိုင်းရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေကို သိပါရစေ

“ပြောမပြဘူး” .. အဲဒါက ဇာတ်ကားနာမည်ပါ။ မင်းသမီးက အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) ရိုက်ကူးမှာပါ။


ဇာတ်ကားအရေအတွက် ဘယ်လောက် ရိုက်ကူးပြီးစီးခဲ့ပါပြီလဲ

ရုပ်ရှင်ကားကြီးက ၇-ကား၊ ဗီဒီယိုကားတွေကတော့ များပါတယ်။


ဘယ်လိုဇာတ်လမ်း ဇာတ်ရုပ်မျိုးတွေ အရိုက်များပါသလဲ

စုံပါတယ်။ စရိုက်စုံ ဘ၀စုံ တော်တော်လေး စုံအောင် လုပ်ခဲ့ပါတယ်။ မလုပ်ဖူးသေးတဲ့ ဘ၀တွေ စရိုက်တွေလဲ ရှိနေဦးမှာပါပဲ


ရိုက်တာများလာတော့ ဇာတ်လမ်းတွေအပေါ်မှာ ငြီးငွေ့မှုဖြစ်လား

ငြီးငွေ့တယ်ဆိုတာ စိတ်မ၀င်စားလို့ ဖြစ်တာပါ၊ ကျွန်တော်က အလုပ်လုပ်ရင် စိတ်ဝင်စားမှလုပ်သလို လုပ်တိုင်းလည်း စိတ်ဝင်စားပါတယ်။


တစ်ကားနဲ့တစ်ကား character ချင်း ဆင်နေခဲ့ရင် ဘယ်လိုလုပ်သလဲ

စရိုက်တူရင် အသွင်ကွဲအောင် လုပ်ရမှာပါပဲ။ တစ်ထပ်တဲ့ကျနေသူတွေ လောကမှာ ရှားပါလိမ့်မယ်။


ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်တွေလို အပြင်မှာရော တကယ်ကြုံဖူးလား

အပြင်မှာ တကယ်ဖြစ်နေတာတွေကိုပဲ ရိုက်တာများပါတယ်။ ရံဖန်ရံခါ ဖျော်ဖြေရေးသက်သက် စိတ်ကူးယဉ် ဇာတ်လမ်းမျိုးတွေ ရိုက်ဖြစ်တဲ့ အခါမျိုးကလွဲရင်ပေါ့။


တစ္ဆေဇာတ်ကားလည်း ရိုက်ကူးခဲ့တာတွေ့ပါတယ်။ ကိုယ်တိုင်ရော ပရလောကကို ယုံပါသလား

ယုံကြည်ပါတယ်။ ဘုရားဟော အဆုံးအမတွေထဲမှာ ပါတာပဲ


မင်းသားဖြစ်ဖို့ လျှောက်လှမ်းခဲ့တဲ့ အနုပညာခရီးမှာ ဆူးငြှောင့်ခလုတ်တွေ ရှိခဲ့ပါသလား

ဘယ်လိုကိစ္စပဲဖြစ်ဖြစ် အခက်အခဲ အနည်းနဲ့အများတော့ ရှိစမြဲပါပဲ။


ဒီလမ်းမလျှောက်ခင်က တွေဝေခဲ့ဖူးလား၊ အနုပညာနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် ပါရမီရှိတယ်လို့ ခံစားမိခဲ့လား

မတွေဝေဖူးဘူးဗျ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့အတွက် ဆရာတွေကလည်း အမြဲအားပေးတယ်။ ပါရမီဆိုတာက ကောင်းမွန်တဲ့အလုပ်မို့ ကောင်းအောင်လုပ်ဖို့တော့ ကြိုးစားပါတယ်။


ငယ်ငယ်ကတည်းက စတည်ခဲ့တဲ့ အနုပညာပိုးက ဘာများလဲ

ရေချိုးခန်းထဲမှာ သီချင်းအော်ဆိုတာများလား၊ ဒါမှမဟုတ် ကျောင်းစာအုပ်ထဲ ပုံတွေဆွဲမိလို့ ကျောင်းမှာအဆူခံရတာများလား၊ ပြန်စဉ်းစားကြည့်ရဦးမယ်


ဒီနေ့ နိုင်းနိုင်းရပ်တည်နေတဲ့ နေရာတစ်ခုအတွက် ကျေနပ်ရောင့်ရဲမှု ရှိပြီလား

ကျေနပ်တဲ့စိတ်ကိုမွေးပြီး တိုးတက်ဖို့အတွက် အားမွေးရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခုမှ ခရီးစတယ်လို့ ယူဆထားပါတယ်။


အနုပညာနဲ့ပတ်သက်ပြီး အခြားတစ်ခုခုလုပ်ဖို့ စိတ်ကူးရှိသေးလား

တစ်နိုင်ဝန်ပဲ ထမ်းပါတယ်


ဘယ်လိုအနုပညာတွေကို ပရိသတ်အတွက် ထပ်ပေးချင်ပါသေးလဲ

ပေးချင်တာတွေတော့ အများကြီးပဲ၊ အခုတော့ ပေးခွင့်ရပါစေလို့ ဆုတောင်းနေရဆဲပါပဲ


ကိုယ်နဲ့ ပရိသတ်အကြားက ဆက်ဆံမှုကို လက်တွေ့ဘယ်လိုကြုံခဲ့ရလဲ

တခါတလေ ကျေနပ်စရာ၊ ပျော်စရာ၊ တခါတရံ တော်တော်လေး အဆင်းရဲခံရပါတယ်


စနိုးဝှိုက်နဲ့ ရေရှည်လက်တွဲဖြစ်တာ ဘာကြောင့်များပါလဲ

မိသားစုစိတ်ဓာတ် ကြောင့်ပါ။


၂၀၀၇ မှာ “ပြဒါးမဲ့မှန်” ကို ကျေနပ်လား၊ အမှတ်တရ ဖြစ်ရပ်တွေရှိလား

သိပ်ကြိုက်လို့ ရိုက်ခဲ့တဲ့ ဇာတ်တစ်ပုဒ်ပါ။ အမှတ်တရတွေကို စာဖွဲ့ရင် လုံးချင်းတစ်အုပ်စာလောက် ဖြစ်သွားမလားပဲ


အဲဒီဇာတ်ကားမှာ အမေ့သား၊ အမေ့အား ဖြစ်ခဲ့တဲ့ နိုင်းနိုင်းက အပြင်မှာရော ဘယ်လိုသားမျိုးလဲ

အမေ့သား၊ အမေ့အား သိပ်လှတဲ့စကားလေး။ သိပ်ကျက်သရေရှိတယ်။ အမြဲဖြစ်နေချင်ပါတယ်။


မိသားစုဆိုတာ ဘယ်လိုနားလည်ယုံကြည်ထားသလဲ

မိသားစုဆိုတာ အကျဉ်းဆုံး လူ့အဖွဲ့အစည်းတစ်ခု၊ ညီညွတ်မှု၊ နွေးထွေးမှု၊ ကြင်နာမှု၊ သံယောဇဉ်၊ မေတ္တာတရား၊ စေတနာတရား၊ အကောင်းစားတွေ အများကြီးနဲ့ အမိရင်မှ သားများ ပေါင်းစုနေခြင်း


ကိုယ်ပိုင်မိသားစုလေးရော ဘယ်တော့ ထူထောင်မှာလဲ

စိတ်တူကိုယ်တူ ရှိမယ့်သူကို တွေ့ချင်နေတုန်းပါပဲ


နိုင်းနိုင်းချစ်ရလောက်တဲ့ မိန်းကလေးက ဘယ်လိုစိတ်ထားမျိုးရှိမှာပါလိမ့်

တွေ့တော့မှပဲ ပြောလို့ရမှာပါ


ရုပ်ရှင်မင်းသားတစ်ယောက်အနေနဲ့ အပြင်မှာ တကယ်ကြုံတွေ့ရတဲ့ အချစ်ဆိုတာ..

ကိုယ်က ချစ်နေရုံပဲ တတ်နိုင်မှာပါ


Drama အရိုက်များတဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အချစ်နဲ့ အိမ်ထောင်ရေးကို ဘယ်လောက် နားလည်လက်ခံပါသလဲ

စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ရတဲ့အချစ်နဲ့ တည်ငြိမ်ရင့်ကျက်စွာ ဖြတ်သန်းရမယ့် အိမ်ထောင်ရေး အသွင်ကွဲပါလိမ့်မယ်။


ဒီနေ့မှာ အတွေ့အကြုံ အရင်းတည်ပြီး ရင့်ကျက်သွားတဲံ နိုင်းနိုင်းက ပရိသတ်ကြီးကို ပြောချင်တဲ့စကားက..

ကျွန်တော်မရင့်ကျက်သေးပါဘူး၊ အားနည်းချက်တွေ အများကြီး ရှိနေမှာပါ။ အဲဒါကို ခွင့်လွှတ်ပြီး မေတ္တာထား အားပေးကြတဲ့ ပရိသတ်အားလုံးကို ကျွန်တော် အမြဲ မေတ္တာပို့ပေးပါတယ်။ လေးလေးနက်နက် မေတ္တာပို့ပေးပါတယ်။ အားလုံး ချမ်းသာစေချင်ပါတယ်။


နိုင်းနိုင်းရဲ့ အနုပညာယုံကြည်ချက်ကို ပြောပြပါဦး

ပေးဆပ်သူပဲ ဖြစ်ချင်ပါတယ်။ ပရိသတ်အတွက် ကျေနပ်အောင် တစ်ခုခုလုပ်ပေးနေဖို့က ကျွန်တော့်တာဝန်ပါ။ ကျွန်တော့်ကြောင့် ပရိသတ်ကျေနပ်မှု တစ်ခုခုရတယ်ဆိုရင်ကို အတိုင်းမသိ ၀မ်းသာနေမိပါပြီ။


- ကဲ- ဒီလောက်ဆိုရင် နိုင်းနိုင်းနဲ့ အမေးအဖြေတွေကို ပရိသတ်တွေ ကျေနပ်မယ်လို့ မျှော်လင့်မိပါတယ်။ ဖြေပေးခဲ့တဲ့ နိုင်းနိုင်းကိုလည်း ကျေးဇူးတင်ရပါအကြောင်းနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးပေးဆပ်မှုများနဲ့အတူ အောင်မြင်မှုများ ဆတပိုးတိုးပါစေကြောင်း ဆုတောင်းပေးမိရင်း..။

No comments: