Tuesday, November 27, 2007

ပညာတော်သင်အချို့ရဲ့အတွေ့အကြုံများ

ခင်မောင်ညို(ဘောဂဗေဒ)

အနောက်နိုင်ငံ တက္ကသိုလ်တစ်ခုက ပါရဂူဘွဲ့ရပြီး အခု အာရှဒေသ သုတေသန အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆရာကြီးတစ်ယောက်နဲ့တွေ့ကြပါတယ်။

သူက နိုင်ငံခြားတက္ကသိုလ်တွေက ဘွဲ့လိုချင်တဲ့ကိစ္စတွေကို သိပ်ပြီးဘဝင်ကျပုံ မရပါဘူး။ ဘာဖြစ်လို့ နိုင်ငံခြားတက္ကသိုလ် ကဘွဲ့ လိုချင်ရတာလဲ၊နိုင်ငံခြားတက္ကသိုလ် ကဘွဲ့ရလိုက်တာနဲ့ပဲ အလုပ်ရမယ်လို့အာ မမခံနိုင်ဘူး။ တချို့နိုင်ငံတွေဆို ကျောင်း တွေထောင်၊ ပညာတွေသင်ပြီး ဘွဲ့တွေပေး နေတာတွေဟာ စီးပွားဖြစ်လုပ်နေတဲ့ သဘော၊ စီးပွားရေးလုပ်ငန်းသဘောမျိုးကို လုပ်နေတာ၊ ဒီလိုပြောပြန်ရင်လည်း ကြိုက် ချင်မှ ကြိုက်ကြမယ်ဆိုတဲ့အကြောင်းပြော ပြပါတယ်။

တချို့ကျောင်းသားတွေက ကိုယ့်နိုင်ငံ ကကိုယ့်စာမေးပွဲ၊ ကိုယ့်စနစ်နဲ့မှာ အမှတ် ကောင်းတွေရခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံခြား မှာ သွားတက်တဲ့အခါကျတော့ အဲဒီဘာ သာရပ်နဲ့မဟုတ်ဘဲ တခြားဘာသာရပ်ဖြစ် နေတော့ အခြေခံကအစ ပြန်စရတယ်။ ပြီးတော့လည်း နိုင်ငံခြားမှာ ဘွဲ့လွန်ယူလာ တဲ့ဘာသာနဲ့အသက်မွေးဝမ်းကျောင်းလုပ် ချင်မှလုပ်ပြန်တာဆိုတော့ ယူထားတဲ့ပညာ တွေ အလဟဿဖြစ်ရပြန်ရော။ အဲဒီလို လုပ်မယ့်အစား မူလယူထားတဲ့ဘာသာရပ် နဲ့ပတ်သက်ပြီး ဆက်လက်လေ့လာဆည်း ပူးတာကမှ ကောင်းဦးမယ်။

မိဘနဲ့သိနေတဲ့ ဆရာတွေ၊ ဆရာမ တွေ၊ နိုင်ငံခြားမှာ အထင်ကရဖြစ်နေတဲ့ ဆရာ၊ ဆရာမတွေဆီကို သားသမီးတွေ အတွက် ထောက်ခံစာတွေတောင်းတတ် ကြတယ်။ တကယ်တော့ မိဘကိုသိရှိရင်းနှီး တာဟာ သားသမီးနဲ့ရင်းနှီးတာမဟုတ်ဘူး။ ဒါကို သားသမီးနဲ့ရင်းနှီးပါတယ်ဆိုပြီး ထောက်ခံပေးရင် လိမ်ညာရာရောက်လို့ သက်ဆိုင်ရာပညာရှင်နဲ့ကျင့်ဝတ်ကိုဖောက် ဖျက်ရာရောက်တယ်။ သားသမီးရဲ့ဆရာ၊ ဆရာမ မဟုတ်တဲ့အတွက် အဲဒီသားသမီး ဘာသာရပ်ကိုလိုက်နိုင်၊ မလိုက်နိုင်၊ ကြိုး စားအားထုတ်မှုရှိတယ်၊ မရှိဘူး၊ ထူးချွန် တယ်၊ မထူးချွန်ဘူးဆိုတာတွေကို မသိနိုင် ဘူး။ ယေဘုယျပဲသိနိုင်ပါတယ်။

ဒါကြောင့် မသက်ဆိုင်တဲ့ ဆရာ၊ ဆရာမတွေဆီက ထောက်ခံစာတောင်း တာတွေဟာ အဲဒီဆရာ၊ ဆရာမတွေ လည်း ဒုက္ခရောက်၊ မပေးဘဲနေဖို့ကလည်း ခက်၊ ပေးပြန်ရင်လည်း အခက်၊ ဘာတွေ ထောက်ခံရမလဲဆိုတာလည်း မသိလေ တော့ အကောင်းဆုံးက သက်ဆိုင်ရာ ဆရာ၊ ဆရာမဆီက မှန်ကန်တဲ့ထောက်ခံ စာ ရယူတာပဲဖြစ်ပါတယ်လို့ မကြာခဏ ထောက်ခံစာတောင်းခံရတဲ့ဆရာကြီးတစ် ယောက်ပြောပြတာကိုကြားနာခဲ့ရပါတယ်။

အကြောင်းအားလျော်စွာ ပညာ တော်သင်ဆု(Scholarship) ရတဲ့သူတွေ နဲ့လည်း တွေ့ခဲ့ရပါသေးတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေ၊ သုံးသပ်ချက်တွေကို လည်း မေးမြန်းကြည့်ပါတယ်။

ဘာသာရပ်ရွေးချယ်မှုနဲ့ ပတ်သက်လို့ ပါရဂူဆရာကြီးတစ်ယောက်က ဘာသာ ရပ်တိုင်း အလုပ်ရနိုင်တာတော့မဟုတ်ပါ ဘူး။ MBA လို ဘွဲ့မျိုးကတော့ အလုပ်ရ လွယ်တယ်လို့ဆိုပါတယ်။

ပညာတော်သင်ဆုရထားတဲ့ကျောင်း သားတစ်ယောက်ကတော့ ဘယ်ဘာသာ ရပ်မှာပညာသင်ဆုလျှောက်မှာလဲဆိုတာကို အရင်ဆုံး စဉ်းစားဖို့ပြောပါတယ်။ ဘယ် ဘာသာရပ်ဖြစ်ဖြစ် ပညာသင်ဆုရရင်ပြီး ရောဆိုတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ် ဘယ်ဘာသာရပ်မှာ ဝါသနာပါလဲဆိုတာ ကစပြီးစဉ်းစားသင့်ပါတယ်။ ပြီးတော့အဲဒီ ဘာသာရပ်နဲ့ပတ်သက်လို့နိုင်ငံခြားမသွား ခင်ကတည်းက တတ်နိုင်သလောက် လေ့ လာပြင်ဆင်စုဆောင်းသွားရင် နည်းနည်း ပိုပြီး အဆင်ပြေနိုင်ပါတယ်။

ပြောမယ့်သာပြောရတာပါ။ ကျွန် တော်တို့ဆီမှာတော့ ဝါသနာပါတယ်၊ မပါ ဘူးဆိုတာက တော်တော်လေးအပြောရ ခက်ပါတယ်။ ကိုယ့်ဘာသာကိုယ်တောင် ဝါသနာပါ၊ မပါ သေသေချာချာသိကြရဲ့ လားမသိဘူး။

ကိုယ်ဝါသနာပါတဲ့ဘာသာရပ်ကို စာ မေးပွဲအောင်ဖို့၊ အမှတ်ကောင်းဖို့၊ ဘွဲ့ရဖို့ ရယ်လောက်ပဲမရည်ရွယ်ဘဲ တကယ် သိချင်၊ တတ်ချင်တဲ့စိတ်နဲ့လေ့လာဆည်းပူး ရင် ပင်ပန်းတယ်မထင်ဘဲ ပျော်ပျော်ပါးပါး လေ့လာနိုင်တယ်။ ဝါသနာမပါတဲ့ဘာသာ ရပ်ကိုယူမယ်၊ သင်္ချာဝါသနာမပါတဲ့သူက သင်္ချာဘာသာရပ်ကိုရွေးမယ်၊ စာရင်းကိုင် ဝါသနာမပါတဲ့သူက စာရင်းကိုင်ဘာသာ ရပ်ကိုရွေးမယ်ဆိုရင်တော့ဒုက္ခရောက်ဖို့က ခပ်များများ။

ပြည်ပမှာ ပညာသင်ကြတဲ့အခါ ကိုယ့်အားကိုယ်ကိုး လုပ်ကြရတာ။ အဖေ အားကိုး၊ အမေအားကိုးလုပ်လို့ရတာ မျိုး မဟုတ်ဘူး။ ကျောင်းသားအချင်းချင်း လည်း ကူညီနိုင်ကြတာမဟုတ်ဘူး။ သူက လည်း သူ့အလုပ်သူပြီးအောင် မနည်းလုပ် နေရတာမျိုးလေ။ ဒါကြောင့် သူများကို အကူအညီတောင်းတဲ့အကျင့်မျိုးနဲ့ဆို မဖြစ် ပြန်ဘူး။

ပြီးတော့ လူမျိုးရဲ့အကျင့်စရိုက်က လည်းရှိသေးတယ်။ တရုတ်ကျောင်းသား တွေဆို သူတို့အချင်းချင်း အလွန်ပေါင်းကြ လွန်းလို့ သူများတောင် မျက်စိနောက် သတဲ့။ မြန်မာကျောင်းသားတွေကတော့ ကိုယ့်ဘာသာကိုယ်ပဲ နေတတ်ကြတယ်။ မနေရင်လည်း အပြိုင်အဆိုင်သဘောထား တတ်ကြတာတွေ့ရတယ်။

လေ့လာပုံ လေ့လာနည်း၊ ပညာသင် ပုံ သင်နည်းတွေကလည်းကွာသေးတယ်။ ကိုယ့်ဆီမှာက ဆရာပြောတာနားထောင်၊ မှတ်စုလေးတွေ အလွတ်ကျက် ဖြေတာမျိုး ကခပ်များများဖြစ်ပေမဲ့ သူတို့ဆီမှာက ဒီလို မဟုတ်ပြန်ဘူး။ ဆရာလုပ်တဲ့သူက သတ် မှတ်ထားတဲ့အချိန်အတွင်း သူသင်ရမယ့် တာဝန်ကို အပြီးသင်ပေးသွားတယ်။ သူ တစ်ချိန်လောက်သင်တာက ကိုယ့်ဆီမှာ တစ်ပတ်လောက်သင်တာ၊တစ်လလောက် သင်တာမျိုးတွေလည်း ဖြစ်နေတတ်တာ တွေ့ရတယ်။ အဲဒီအထဲမှာ ကိုယ်ကဝေဖန် ချက်၊ သုံးသပ်ချက်တွေပေးဖို့ကလည်းလို သေးတယ်။ အတန်းထဲမှာပါဝင်ဆွေးနွေး တာအတွက်သီးခြားအမှတ်ပေးတတ်တယ်။ ပါဝင်ဆွေးနွေးတယ်ဆိုတာမှာလည်းအရေ အတွက်ထက် အရည်အသွေးကိုပိုပြီးဦးစား ပေးတယ်။ တစ်ခုကောင်းထောက်လိုက်၊ မေးလိုက်၊ပြောလိုက်တာလေးတစ်ခုအတွက် လည်း အမှတ်အများကြီးရသွားနိုင်တယ်။

တချို့ကျောင်းသားတွေဆို ပြောကြ လွန်းလို့ မပြောနဲ့တော့လို့တောင် တားယူ ရတယ်။ တားတဲ့ကြားထဲက မေးစရာရှိလို့ ပါဆိုပြီး ထပ်ပြောတဲ့လူတောင်ရှိသေး သတဲ့။

နှုတ်နည်းတဲ့သူတွေ၊ ဘာသာစကား အခက်အခဲရှိတဲ့သူတွေအတွက် အင်တာ နက်မှာ ဆွေးနွေးစရာ(Forum)လေးတစ်ခု ဖွင့်ထားပြီး စာရေးပြောဆိုနိုင်တဲ့အခွင့် အလမ်းလည်းရှိသေးတယ်။ ဒီအတွက် လည်း အမှတ်ရတယ်။

မဟာဘွဲ့(ဘွဲ့လွန်)သင်တန်းတချို့က မေးခွန်းတွေယူကြည့်တော့ အလွတ်ကျက် ဖြေရတာမျိုးမဟုတ်၊ သဘောတရားကိုနား လည်သဘောပေါက်မှဖြေလို့ရတဲ့မေးခွန်း မျိုးတွေဖြစ်နေတာတွေ့ရတယ်။ ကိုယ့်ဆီ မှာဆိုရင်တော့ ဉာဏ်စမ်းမေးခွန်းလို့ပြော ရမလားမသိဘူး။ မသင်ဘဲနဲ့မေးတယ်လို့ ပြောကြမလားတောင်တွေးမိတယ်။ ဒီမှာ လည်း အဲဒီလိုမသင်ထားတာ မေးရ ကောင်းလားလို့ Complaint လုပ်ကြ တော့ နှစ်စကတည်းကပေးထားတဲ့စာကို ကြည့်၊ ပြဋ္ဌာန်းစာအုပ်ရယ်၊ Work Book တွေရယ် တွဲပြီးလုပ်ရမယ်ဆိုတာ အစက တည်းကပါပြီးသားလို့ပြောလိုက်တော့ကိစ္စ ကပြတ်သွားရော။

အရင်က အနောက်နိုင်ငံမှာ မဟာ ဘွဲ့ရထားတဲ့သူတွေကအာရှကိုဘာလာပြီး လုပ်ကြပါလိမ့်လို့တွေးမိတယ်။ အခု ဒီက ကျောင်းသားတွေကိုင်တဲ့စာအုပ်တွေကိုကြည့် တော့ပုံပြင်လိုသာဓကတွေ၊ အနောက်တိုင်း ကဥပမာတွေသာမကအရှေ့တိုင်းကတကယ့် ဖြစ်ရပ်တွေကိုပါ ဥပမာပေးထားတဲ့ပြဋ္ဌာန်း စာအုပ်တွေဖြစ်နေတာကိုတွေ့ရတယ်။

ကျွန်တော်တို့ဆီမှာ တက္ကသိုလ်ဇာတ် လမ်းဆို ချစ်သူနှစ်ယောက်တွေ့ကြ၊ ဆုံကြ၊ ကွဲကြတဲ့ဇာတ်လမ်းတွေပဲတွေ့ရတာများ တယ်။ အခု ဒီကျောင်းဝင်းထဲမှာတော့ Laptop Computer လေးတွေကိုင်ပြီး စားသောက်ဆိုင်မှာ၊ စာကြည့်ခန်းတွေမှာ တစ်ယောက်ချင်းဖြစ်ဖြစ်၊ အစုအဝေးလိုက် ဖြစ်ဖြစ် စာကြိုးစားနေကြတာတွေ့ရတယ်။ ဝတ်ထားတဲ့အဝတ်အစားတွေကပေါ့ပေါ့ ပါးပါးဖြစ်နေပေမဲ့ စာခြောက်နေတဲ့ပုံစံ တွေ၊ စာဂျပိုးပုံစံတွေကို တွေ့နေရတယ်။ စာမေးပွဲနီးချိန်မို့လားမပြောတတ်။ညဘက် ညဥ့်နက်သန်းခေါင်ကျော်တဲ့အထိ စာကြိုး စားနေကြတာတွေ့နေရတယ်။ တစ်ညလုံး လူသံသူသံ မပြတ်လှဘူး။

စာတွေဖိစီးလွန်းလို့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတာတောင်သတိ ထားပြောကြသတဲ့။ အားလုံးက ကိုယ့် သောကနဲ့ကိုယ် ဖြစ်နေကြတော့ ထစ်ခနဲ ဆို သည်းခံနိုင်ကြတဲ့အခြေအနေမျိုး မဟုတ်ဘူးလေ။ စာတွေ၊ ဘာသာရပ်တွေ တစ်ယောက်ချင်းရော အုပ်စုလိုက်ရော ကြိုးစားနေကြတာတွေ့ရတယ်။

ဒီမှာတော့ ယဉ်ကျေးမှုချင်းမတူလို့ ထင်တာပဲ။ နိုင်ငံအသီးသီးကကျောင်းသား တွေ လာရောက်စုဝေးပြီး နေထိုင်ကြတာ ဆိုတော့ ကောင်းတာက ယဉ်ကျေးမှုမျိုးစုံ နဲ့ထိတွေ့ဆက်ဆံရတာဖြစ်ပြီး မကောင်း တာကတော့ ယဉ်ကျေးမှုချင်း ဝိရောဓိဖြစ် တာ၊ ပဋိပက္ခဖြစ်တတ်တာတွေပါ။တကယ် တော့ကိုယ့်ယဉ်ကျေးမှုကိုအထင်သေးခြင်း၊ အထင်ကြီးခြင်းဖြစ်ဖို့မလိုသလို သူတစ်ပါး ရဲ့ယဉ်ကျေးမှုကိုလည်း အထင်ကြီးခြင်း၊ အထင်သေးခြင်းဖြစ်ဖို့မလိုပါဘူး။ မကောင်း တာပယ်၊ ကောင်းတာယူဖို့ပဲဖြစ်ပါတယ်။

No comments: