Tuesday, November 27, 2007

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နိုင်ငံစုံကော်ပိုရေးရှင်းများ(၂)

ကျော်ဝင်း

ကုမ္ပဏီများနှင့်ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင်ပြစ်တင် ပြောဆိုနေကြသည့်တိုင် မျှတမှုမရှိလှ သော စွပ်စွဲချက်တစ်ခုအကြောင်း ပြောလိုပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် တွေ့ရလေ့ရှိသောရုပ်ဝတ္ထုပစ္စည်း အစွဲအလမ်းများနှင့်ပတ်သက်လျှင် ကော်ပိုရေးရှင်းများကိုသာ မကြာခဏ ဆိုသလို အပြစ်ဖို့လေ့ရှိသည်ကိုတွေ့ရ သည်။ အမှန်စင်စစ် ကော်ပိုရေးရှင်း များ၏တာဝန်မှာ စားသုံးသူများ၏ လိုအင်ဆန္ဒကိုတုံ့ပြန်ပေးဖို့ဖြစ်ရာ ဤ သို့ တစ်ဖက်သတ်အပြစ်မတင်သင့်ဟု ဆိုချင်ပါသည်။ ဥပမာအားဖြင့် တစ် နေရာမှတစ်နေရာသို့သွားရန်ရှိသည် ဆိုပါစို့။ မည်သည့်ကား၊ မည်သည့် ဆိုင်ကယ်ကိုအသုံးပြုလျှင် ပိုမိုလွယ် ကူအဆင်ပြေနိုင်သည်ကို စားသုံးသူက ဆုံးဖြတ်ပါလိမ့်မည်။ ဤဆုံးဖြတ်ချက် ကိုမူတည်၍ ကားကုမ္ပဏီတွေကထုတ် လုပ်ပေးကြရခြင်းဖြစ်သည်။ အကယ် ၍ ကားတွေ၊ ဆိုင်ကယ်တွေမှာလိုအပ် သည်ထက် ပိုကြီးပြီး ပိုသားနားနေ သည်ဆိုလျှင်လည်း စားသုံးသူများ ကိုယ်တိုင်က ပိုကြီးပြီး ပိုသားနားသော ကားတွေ၊ ဆိုင်ကယ်တွေကိုနှစ်သက် သဘောကျသောကြောင့်သာဖြစ်ပါ လိမ့်မည်။

တစ်ခုတော့ရှိသည်။ ကုမ္ပဏီများ အနေနှင့် မိမိတို့အမြတ်အစွန်းရစေရန် ဆိုခဲ့ပါစားသုံးသူတွေ၏စိတ်ကူးဆန္ဒကို ရည်ရွယ်ချက်ရှိရှိ ပုံဖော်ပေးကြသည် များကားရှိနိုင်ပါသည်။ ဝန်ခံရလျှင်ရုပ် ဝတ္ထုပစ္စည်းများအပေါ် အလွန်အကျွံ စွဲလမ်းမှုအချို့မှာ ကုမ္ပဏီများ၏ ပယောဂနှင့်မကင်းဟုဆိုရပါလိမ့်မည်။ အကယ်၍ ကြော်ငြာလုပ်ငန်းအနေ နှင့်စားသုံးသူ၏လိုအင်ဆန္ဒကိုနှိုးဆွနိုင် စွမ်းမရှိလျှင် မည်သည့်ကုမ္ပဏီကမှ နှစ်စဉ်ကြော်ငြာလုပ်ငန်းအတွက် ဒေါ် လာဘီလျံနှင့်ချီပြီး သုံးစွဲကြမည်မဟုတ် ပါ။ စားသောက်ကုန်လုပ်ငန်းကုမ္ပဏီ များအနေနှင့် သူတို့ဖောက်သည် ကလေးတွေကို သကြားဓာတ်ကဲသော စားစရာများ ပိုစားချင်လာအောင် ကြော်ငြာနှင့်ဆွဲဆောင်ကြပါလိမ့်မည်။ လွန်ကဲသောအချိုဓာတ်က ကလေး များ၏သွားများကိုပျက်စီးစေသည်ကို သူတို့ဂရုစိုက်ကြမည်မဟုတ်။ အလား တူ မော်တော်ကားကုမ္ပဏီများအနေ နှင့်လည်း အစိုးရသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဖယ်ရှားနိုင်စေရန် နည်းမျိုးစုံသုံး၍ကြိုးစားလေ့ရှိပါသည်။ ကိုယ်ပိုင်ကားတွေ များလာသည့် အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက် နိုင်သည်ကို သူတို့စဉ်းစားကြလိမ့်မည် မဟုတ်။ တစ်ခါက လော့စ်အိန်ဂျလိစ် တွင် ကမ္ဘာ့အကြီးဆုံးမြို့ပြရထားပို့ ဆောင်ရေးစနစ်ရှိခဲ့ဖူးသည်။ (ရထား လမ်းအရှည်သည်ပင် မိုင် ၁၁ဝဝရှိ သည်။) ဂျင်နရယ်မော်တာဦးဆောင် သော ကုမ္ပဏီအုပ်စုတစ်ခုကသပိတ် မှောက်အရေးဆိုပြီး ဤစနစ်ကိုဖယ် ရှားကာ ဂျီအမ်ဘတ်စ်ကားတွေနှင့် အစားထိုးခဲ့ခြင်းဖြစ်ပါသည်။

ဤသို့သော မလိုလားအပ်သည့် ကော်ပိုရိတ်အပြုအမူများ၏နောက်ခံ အကြောင်းရင်းများကိုစိစစ်ကြည့်လိုက် လျှင် အခြေခံအကျဆုံးအကြောင်းရင်း မှာ ၎င်းတို့၏ရည်ရွယ်ချက်ကိုယ်တိုင် ပင်ဖြစ်နေသည်ကိုတွေ့ရသည်။ ကော် ပိုရေးရှင်းများမှာ အများအကျိုးဆောင် ရန် ဖွဲ့စည်းထားသော ပရဟိတအဖွဲ့ များမဟုတ်။ အမြတ်နှင့်ငွေကြေးကို ရှာဖွေရန်ရည်ရွယ်သောဘိဇနက်အဖွဲ့ အစည်းများသာဖြစ်ပါသည်။ ဤရည် ရွယ်ချက်အတွင်းမှာပင် ၎င်းတို့၏အား ကောင်းချက်ရော၊ အားနည်းချက်ပါရှိ နေသည်ဟုဆိုရပါလိမ့်မည်။ ပြောရ လျှင် ငွေကြေးမှာအလွန်ကြီးမားသော မက်လုံးဖြစ်ပါသည်။ ငွေကြေးရရှိလို သည့်ဆန္ဒ၏တွန်းအားကြောင့်ပင် လူ အများအတွက်အကျိုးများစွာဖြစ်ထွန်း လာနိုင်သလို အဆိုးတွေလည်းဖြစ် ကောင်းဖြစ်လာနိုင်ပါသည်။

အစစအရာရာ အခြေအနေသာ ကောင်းလျှင် နိုင်ငံတကာကော်ပိုရေး ရှင်းများအနေနှင့်အလွန်များပြားသော အရင်းအမြစ်များကို အထိရောက်ဆုံး အသုံးပြုနိုင်ပါလိမ့်မည်။ ရှေ့တန်း အရောက်ဆုံး တက္ကနိုလိုဂျီတွေကို လည်း ဖြန့်ဝေပေးနိုင်ပါလိမ့်မည်။ အသင့်ရှိပြီးဈေးကွက်များကိုလည်း အဆတိုးကြီးထွားလာစေနိုင်ပါသည်။ ဤသည်မှာ အမြတ်မက်လုံး၏တွန်း အားကဆောင်ကြဉ်းပေးနိုင်သော ကောင်းကျိုးများဖြစ်ပါသည်။ တစ်ပြိုင် နက်တည်းမှာပင် ဤမက်လုံးကပင် ဆိုးကျိုးများစွာကိုလည်းဆောင်ကြဉ်း ပေးနိုင်သည်။ သို့အတွက် ကောင်း ကျိုးကိုများစေ၍ ဆိုးကျိုးကိုနည်းစေ ရန် ကော်ပိုရိတ်မက်လုံးကိုပြန်လည် ပုံသွင်းဖို့လိုပါလိမ့်မည်။ ကျွန်တော်တို့ အနေနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို အလုပ်ဖြစ်စေလိုလျှင် ဤကိစ္စကိုမလွဲ မသွေဆောင်ရွက်ကြရပါလိမ့်မည်။

ဤနေရာတွင် စကားအလျဉ်း သင့်လာ၍ ထင်ရှားသော ၁၈ရာစု ဘောဂဗေဒပညာရှင် အဒမ်စမစ်နှင့် ပတ်သက်သော လူတော်တော်များ များ၏မှားမှားယွင်းယွင်းနားလည်ချက် ကိုဖော်ပြလိုပါသည်။ စမစ်က ‘လူ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ မိမိကိုယ်ကျိုး စီးပွားအတွက်လုပ်ဆောင်မှုများက ပိုမိုကျယ်ပြန့်သောလူ့အဖွဲ့အစည်း တစ်ခုလုံး၏အကျိုးစီးပွားကိုပါ တိုးပွား စေရာရောက်သည်’ ဟုဆိုခဲ့သည်။ ဥပမာအားဖြင့် မိမိကိုယ်ကျိုးစီးပွား အတွက် ပြိုင်ဘက်များကိုကျော်တက် နိုင်ရန် ထုတ်လုပ်ရေးစရိတ်များကို လျှော့ချသည်။ (ဤအတွက် စားသုံး သူတွေအတွက် အကျိုးရှိသည်။) စား သုံးသူများ လိုအပ်ချက်ကို အတတ် နိုင်ဆုံးဖြည့်စွမ်းထုတ်လုပ်ပေးသည်။ (ဤအတွက် လူ့အဖွဲ့အစည်းတစ်ရပ် လုံး အကျိုးများစေသည်။) ဤနည်း ဖြင့် ကိုယ်ကျိုးစီးပွားကို လူအများ အကျိုးစီးပွားသို့ ဦးတည်ပွားများစေ သည်စသဖြင့် ရှင်းပြခဲ့သည်။ ဤဖွင့် ဆိုရှင်းပြချက်ကို မှားယွင်းစွာနားလည် ကြသော စမစ်၏နောက်လိုက်များက ‘စီးပွားရေးတွင် ကျင့်ဝတ်မလို’ ဟု ကောက်ချက်ဆွဲလာကြတော့သည်။ အမှန်စင်စစ် စမစ်ကိုယ်တိုင်မှာ ကျင့် ဝတ်ကဏ္ဍကို အထူးအလေးထားခဲ့ သည်သာဖြစ်ပါသည်။ ဤအချက်ကို သူ၏နာမည်ကျော် ‘နိုင်ငံများ၏၏ဓန’ (Wealth of Nations) မတိုင်မီ ရေး သားပြုစုခဲ့သော ကျမ်းတစ်စောင်က ထင်ထင်ရှားရှားဖော်ပြလျက်ရှိသည်။ ကျမ်းအမည်မှာ ‘ကျင့်ဝတ်ခံစားမှုဆိုင် ရာ သီအိုရီ’ (The Theory Moral Sentiments)ဖြစ်ပါသည်။

ပြောရလျှင် လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနှင့် ဘယ်ဟာအမှန်၊ ဘယ်ဟာ အမှားဆိုသည်ကို အလေးထားစဉ်းစား မနေကြသည်ကများပါသည်။ သူတို့ အတွက် အရေးကြီးသည်မှာ သူတို့၏ ကိုယ်ကျိုးစီးပွားသာဖြစ်သည်။ ဤ ကိုယ်ကျိုးစီးပွားအတွက် လုပ်ကြကိုင် ကြရာမှ ယေဘုယျအများအကျိုးစီး ပွားကို မြှင့်တင်ပေးရာရောက်သွားခြင်း ပင်ဖြစ်သည်။ ဤသို့ကိုယ်ကျိုးစီးပွားမှ အများအကျိုးသို့ဦးတည်လှည့်ပြောင်း နိုင်ခြင်းသည်ပင် ဈေးကွက်၏ပဉ္စလက် ဟုဆိုရပါလိမ့်မည်။ ဤသည်ပင် စမစ် ၏ဈေးကွက်စီးပွားရေးယုတ္တိဖြစ်ပါ သည်။ ဤယုတ္တိကို စမစ်နောက်လိုက် ဘောဂဗေဒသမားများကဘာသာပြန် လိုက်ရာ’ကော်ပိုရေးရှင်းများ၏အဓိက တာဝန်မှာ ၎င်း၏အစုရှင်များအကျိုး စီးပွားကို ဖြည့်ဆည်းပေးရန်သာဖြစ် သည်’ ဟူ၍ဖြစ်လာသည်။ သို့နှင့်အမျှ စတော့ဈေးကွက်တွင် ရှယ်ယာတန်ဖိုး မြောက်နေစေရန်၊ အမြတ်များများရ စေရန်သာ နည်းမျိုးစုံသုံး၍ ကြိုးစား လာကြတော့သည်။ ဤသို့အစုရှင်များ ၏အကျိုးစီးပွားကိုအတတ်နိုင်ဆုံးဖြည့် ဆည်းပေးရေးသည်သာ စမစ်ဝါဒီ ဘောဂဗေဒသမားအများစု၏ကျင့်ဝတ် ဗေဒဖြစ်လာရတော့သည်။

တကယ့်လက်တွေ့တွင် စမစ် မှန်းဆခဲ့သည်တို့မှာမှန်သင့်သလောက် သာမှန်ခဲ့သည်ဟုဆိုရပါလိမ့်မည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာအတွင်း လူနေမှုအဆင့်အတန်းများတစ်ဟုန်ထိုး တိုးတက်လာခဲ့သည်မှာ စမစ်၏အမြင် များမှန်ကန်ကြောင်းပြသခဲ့သည့်သာဓက များပင်ဖြစ်ပါသည်။ သို့နှင့်တိုင် လွတ် လပ်သောဈေးကွက်စနစ်တွင် ပုဂ္ဂလိက အကျိုးစီးပွားနှင့်လူ့အဖွဲ့အစည်းအကျိုး စီးပွားတို့ အခါခပ်သိမ်း တစ်ထပ်တည်း မကျနိုင်သည်ကို စမစ်ကိုယ်တိုင်ကနား လည်သဘောပေါက်ခဲ့ပြီးဖြစ်ပါသည်။ (ဤအချက်ကို နားမလည်ကြသည်မှာ စမစ်၏နောက်လိုက်အချို့သာဖြစ်ပါ သည်။) ဤသို့ ကိုယ်ကျိုးနှင့်အများ အကျိုးအဟပ်မညီဖြစ်လာသည်နှင့် ကိုယ်ကျိုးစီးပွားနောက်လိုက်သောစီး ပွားရေးလုပ်ဆောင်မှုများမှာ လူ့အဖွဲ့ အစည်းတစ်ရပ်လုံး အကျိုးစီးပွားသို့ ဦးတည်သွားနိုင်တော့မည်မဟုတ်ပါ။ ဤသို့သောအဖြစ်မျိုးကိုနှောင်းခေတ် ဘောဂဗေဒပညာရှင်များက ‘ဈေး ကွက်ပျက်ကွက်မှု’ (market failure) ဟု အမည်ပေးထားပါသည်။ ဤသို့ သောဈေးကွက်ပျက်ကွက်မှုမျိုးနှင့်ရင် ဆိုင်လာရလျှင် ဈေးကွက်တစ်ခုတည်း ဖြင့် အစစအရာရာဖြေရှင်းပေးနိုင်လိမ့် မည်ဟုမမျှော်မှန်းနိုင်တော့ပါချေ။

ဆက်လက်ဖော်ပြပါမည်

No comments: