Tuesday, November 27, 2007

အထင်သေးလို့မရသည့် အလေအလွင့်အမှိုက်သရိုက်ပို့ကုန်လုပ်ငန်း

ဦးလှမြင့်(မားကက်တင်း)

ဆန်၊ ရေနံ၊ ကျွန်းသစ်၊ ကျောက်မျက် စသည့်ပို့ကုန်များသည် နိုင်ငံအများအပြား အတွက် နိုင်ငံ၏အဓိကဝင်ငွေရှာပေးနေ သည့်ပစ္စည်းအမယ်များပဲဖြစ်သည်။ ထို့ အတူ နိုင်ငံအတွင်း အသုံးမလိုတော့သည့် ကားဘော်ဒီဟောင်းအပိုင်းအစများ၊ သံတို သံစများ၊ မဂ္ဂဇင်း၊ သတင်းစာဟောင်းများ၊ စက္ကူအပိုင်းအစများစသည့်အလေအလွင့် အမှိုက်သရိုက်များသည်လည်းအထက်က ပို့ကုန်များနီးပါး နိုင်ငံဝင်ငွေကိုရှာပေးနေ သည်ဆိုလျှင် သင်အံ့ဩမည်လား။

သင်အံ့ဩမည်ဆိုလျှင် အမေရိကန် ပြည်ထောင်စုနှင့်တရုတ်နိုင်ငံအကြားအလေ အလွင့်အမှိုက်သရိုက်ကုန်သွယ်မှုပမာဏကို ငဲ့စောင်းကြည့်လျှင်အခြေအနေကိုသဘော ပေါက်နိုင်ပါလိမ့်မည်။ အမေရိကန်ပြည် ထောင်စုမှကားဘော်ဒီဟောင်းအစိတ်အပိုင်း များ၊ ဝက်အူဟောင်းများ၊ အိမ်ရိုက်သံများ၊ မဂ္ဂဇင်းဟောင်းများပါဝင်သည့်အလေအလွင့် အမှိုက်သရိုက်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းသည်လေကြောင်းနှင့်အာကာသ ဆိုင်ရာ ပစ္စည်းများတင်ပို့မှုနောက် ဒုတိယ အကြီးမားဆုံးပို့ကုန်လုပ်ငန်းပဲဖြစ်သည်။ ၂ဝဝ၆ခုနှစ်တွင် ဒေါ်လာ၆ဒသမ၇ဘီလျံ ရှိခဲ့သည်။ တရုတ်နိုင်ငံမှအမေရိကန်ပြည် ထောင်စုသို့ပြန်လည်တင်ပို့သည့်ဈေးပေါ သည့်အိမ်မွေးတိရစ္ဆာန်အစားအစာများ၊ အရုပ်များနှင့်ဈေးပေါသည့် ပလတ်စတစ် အရုပ်များ၏တန်ဖိုးပမာဏမှာ ၂ဝဝ၆ခုနှစ် တစ်နှစ်တည်းတွင် ဒေါ်လာ ၂၈၈ဘီလျံရှိခဲ့ သည်။ ပလတ်စတစ်အရုပ်များ၏ ထုထည် ပမာဏမှာအမေရိကန်ပြည်ထောင်စု မွန် တားနားပြည် အရွယ်အစားရှိအမှိုက်စွန့် မြေတွင်းထဲအပြည့်နေရာယူလောက်သည် ဟုဆိုသည်။ ထို့အတူ အမေရိကန်စက်မှု လုပ်ငန်းများမှာ တရုတ်သွင်းကုန်ပစ္စည်း များ ဒီလှိုင်းလုံးအောက် နစ်မြုပ်နေရပြီဟု ဆိုသူများလည်းရှိသည်။ တရုတ်မှအမေရိ ကန်သို့ ပို့ကုန်ထုထည်ပမာဏမြင့်တက် လာသည့်နည်းတူ အမေရိကန်မှတရုတ်နှင့် အခြားအာရှဒေသများသို့ ပို့ကုန်ထုထည် ပမာဏမှာလည်း လူသိသူသိမရှိဘဲပို၍ပင် လျင်မြန်သည့်နှုန်းနှင့်တိုးတက်လာနေသည် ဟုဆိုသည်။

အမေရိကန်မှအလေအလွင့်အမှိုက် သရိုက်များသည် အာရှနိုင်ငံအများအပြား အပြင် ဥရောပနှင့်လက်တင်အမေရိကသို့ လည်းရောက်ရှိနေသည်။ အကျိုးဆက်မှာ လုပ်သားဦးရေ ၅ဝဝဝဝ သုံးစွဲထားသည့် ဒေါ်လာ၆၅ဘီလျံတန်ကြေးရှိအလေအလွင့် အမှိုက်သရိုက်ဆယ်တင်ရေးလုပ်ငန်း အမေရိကန်တွင်ပေါ်ထွန်းခြင်းပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိစက်ရုံများမှအလေအလွင့် အမှိုက်သရိုက်ဝယ်လိုအားကအလုပ်အကိုင် များဖန်တီးပေးသည်၊ ကုန်သွယ်ရေးလိုငွေ ပြမှုကိုသက်သာလျော့ပါးစေသည်။ ကမ္ဘာ မြေကိုပင်ကယ်တင်ရာရောက်နိုင်ပေသည်။

စက်မှုထုတ်လုပ်ရေးနည်းစဉ်တွင်မပါ

မပြီးသည့်အဟောင်းအစုတ်ပစ္စည်းများ

အလေအလွင့် အမှိုက်သရိုက်များ သို့မဟုတ် အဟောင်းအစုတ်ပစ္စည်းများ သည် စက်မှုလုပ်ငန်းနည်းစဉ်တွင် အစမှ အဆုံးထိပါဝင်ပတ်သက်နေသည်။ စားသုံး သူများက ကုန်စည်များကိုသုံးစွဲခြင်းဖြင့် အမှိုက်သရိုက်များကိုဖန်တီးထုတ်လုပ်ပေး သည်။ စက်ရုံများက ၎င်းအမှိုက်သရိုက် များကိုအသုံးပြုပြီး ကုန်စည်သစ်များကိုဖန် တီးထုတ်လုပ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ကစက်မှုနိုင်ငံများဖြစ်လာသည်နှင့်အမျှ အလေအလွင့်အမှိုက်သရိုက်များလိုအပ်မှု မှာမြင့်တက်လာသည်။ USမှ ပြန်လည် မွမ်းမံပြုပြင်ထားသည့်စက္ကူကို တရုတ်ပြည် သို့တင်ပို့ခြင်းမှာ၁၉၉၄ခုနှစ်တွင် ၃၄၈ဝဝဝ မက်ထရစ်တန်ရှိရာမှ ၂ဝဝ၆ခုနှစ်တွင် မက် ထရစ်တန် ၉ဒသမ၁သန်းအထိတိုးတက် သွားသည်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၁ ဒသမဝ၇ဘီလျံရှိသည်။ ယခုနှစ်တွင် တရုတ်ပြည်သည် US မှ စက္ကူစ၊ စက္ကူ စုတ်တင်ပို့မှု၏ ၅၈ရာခိုင်နှုန်းနေရာယူထား သည်။ တရုတ်ပြည်၏အချမ်းသာဆုံးအမျိုး သမီးကြီးကျန်းရင်(Zhang Yin)မှာ Nine Dragons Paper ကုမ္ပဏီမှတစ်ဆင့်ချမ်း သာကြွယ်ဝလာခြင်းဖြစ်သည်။ ၎င်းကုမ္ပဏီ သည် US မှ စက္ကူစ၊ စက္ကူစုတ်များကိုဝယ် ယူပြီး တရုတ်နိုင်ငံအတွင်းရှိ စက်ရုံများသို့ ပို့ဆောင်ပေးသည်။

သံနှင့်သံမဏိ အလေအလွင့်အတို အစများ တရုတ်နိုင်ငံသို့တင်ပို့မှုမှာ ၁၉၉၈ ခုနှစ်တွင် ၁၆၆ဝဝဝ မက်ထရစ်တန်ရှိရာ မှ ပြီးခဲ့သည့်နှစ်တွင် မက်ထရစ်တန် ၂သန်း အထိ တက်လာခဲ့သည်။ ၂ဝဝ၆ခုနှစ်တွင် တရုတ်သို့ ကြေးနီအလေအလွင့်အစများ ရောင်းချခြင်းဖြင့်ကုန်သည်များကဒေါ်လာ ၁ဒသမ၅ဘီလျံရရှိခဲ့သည်။ အားလုံးကိုခြုံ လိုက်လျှင် တရုတ်နိုင်ငံရှိကုန်ကြမ်းအငမ်း မရဖြစ်နေသည့်စက်ရုံများ၏ ၂ဝဝ၆ခုနှစ် အတွင်းဝယ်ယူမှုမှာ US အလေအလွင့်ပို့ ကုန်၏ ၄၂ရာခိုင်နှုန်းခန့်ရှိနေသည်။

တရုတ်နိုင်ငံ၏စီးပွားဖွံ့ဖြိုးမှုမှာ အလေအလွင့်အတိုအစရောင်းဝယ်သူများ အတွက် သတင်းကောင်းပင်။ ‘ယခုအခါ မှာတော့ ရောင်းသူရဲ့ဈေးကွက် (seller's market)ဖြစ်နေပါတယ်’ ဟု ကယ်လီဖိုးနီး ယားရှိP&T Metals, Inc ၏အမှုဆောင် အရာရှိချုပ်(CEO)ကပြောပါသည်။ ချီ ကာဂိုအခြေစိုက် Metal Management ၏ တရုတ်နိုင်ငံသို့ အရောင်းမှာ ၂ဝဝ၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာသန်း ၁၇ဝရှိရာမှ ၂ဝဝ၇ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၃၇၉သန်းအထိတက်လာသည်။

အလေအလွင့် အတိုအစ

ဝယ်ယူလိုသည့်နိုင်ငံများပြား

တရုတ်နိုင်ငံသည် အလေအလွင့် အတိုအစ ဝယ်ယူသည့်နိုင်ငံအများအပြား ထဲမှ တစ်နိုင်ငံဖြစ်သည်။ ၂ဝဝ၆ခုနှစ် အတွင်း US မှ ပစ္စည်းအလေအလွင့်အစ အနများကို ပြန်လည်မွမ်းမံထုတ်လုပ်သူ များ၏ပို့ကုန်မျိုးစုံမှာ မက်ထရစ်တန် ၃၄ သန်း၊ တန်ကြေးအားဖြင့် ဒေါ်လာ ၁၅ ဒသမ၇ ဘီလျံရှိသည်။ နိုင်ငံပေါင်း ၁၄၃ နိုင်ငံသို့တင်ပို့ခြင်းဖြစ်သည်။ အမေရိကန် ၏စွန့်ပစ်သတ္တုအစအနများ တင်ပို့မှုမှာ ၁၉၉၉ခုနှစ်မှ ၂ဝဝ၆ခုနှစ်အတွင်းနှစ်ဆ ကျော်တိုးတက်လာခဲ့သည်။ ၂ဝဝဝပြည့်နှစ် ကဝယ်ယူခြင်း မရှိခဲ့ဖူးသည့် တူရကီနိုင်ငံက မနှစ်ကမှစ၍ US မှ သံတိုသံစအများဆုံး ဝယ်ယူတင်သွင်းသည့်နိုင်ငံဖြစ်လာသည်။ မက်ထရစ်တန်၂ဒသမ၄၇သန်းရှိသည်။ ပြီးခဲ့သည့်နှစ်ကUS ကုမ္ပဏီများမှ အိန္ဒိယ နိုင်ငံသို့ စက္ကူအပိုင်းအစ ၆၂ဝဝဝဝ မက် ထရစ်တန်နှင့်ကြေးနီအပိုင်းအစမက်ထရစ် ၃၃ဒသမ ၇သန်းကို တောင်ကိုရီးယားနိုင်ငံ သို့တင်ပို့ခဲ့သည်။

အမှိုက်ပုံများလျော့နည်းလာ

ကမ္ဘာ့အတိုင်းအတာဖြင့် အလေ အလွင့် အမှိုက်သရိုက်များ ရောင်းဝယ်မှု စည်ပင်ကြီးပွားလာခြင်းသည် ယင်းပစ္စည်း မျိုးလုပ်ကိုင်သည့်ကုမ္ပဏီများအတွက် သတင်းကောင်းဖြစ်ရုံမကပတ်ဝန်းကျင်စိမ်း လန်းစိုပြေရေးကို အလေးထားပိုက်ထွေးသူ များအတွက်လည်း သတင်းကောင်းပဲဖြစ် သည်။ Metal Management တွင် ကုမ္ပဏီ၏စတော့မှာ မနှစ်က ၆၇ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အာရှ၏ပစ္စည်းအလေ အလွင့်အစအနများ၏အငမ်းမရဝယ်လို အားမှာဈေးနှုန်းကိုတိုးတက်စေသည့်အတွက် ကုမ္ပဏီအနေနှင့်အမှိုက်ပုံများထဲသို့ရောက် ရှိမည့်ပစ္စည်းများထဲမှပြန်လည်အသုံးချနိုင် မည့်အပိုင်းအစများကို ရယူနိုင်သမျှရယူ ရေးအတွက် အားပေးရာရောက်သည်။ ပတ်ဝန်းကျင်ကိုအမြင်ဆိုးစေသည့်အမှိုက် ပုံများလျော့နည်းပပျောက်ရေးအတွက်များ စွာမှအထောက်အကူပြုသည်။

အလေအလွင့်အစအနများ၏ဈေး နှုန်းတိုးမြှင့်လာမှုကြောင့် ကုမ္ပဏီများက ပိုမိုအဆင့်မြင့်ရှုပ်ထွေးသည့်ပစ္စည်းရွေးချယ် ခွဲခြားစက်များအသုံးပြုလာကြသည်။ Firstar Fiber ဆိုလျှင် ရုံးခန်းထွက်အမှိုက် သရိုက်သောင်းပြောင်းထွေလာကိုပင်စု ဆောင်းဝယ်ယူနေသည်။ စက္ကူ၊ ဒန်သတ္တု၊ ပလတ်စတစ်ရေသန့်ဘူး၊ သကြားလုံးထုပ် စက္ကူအပါအဝင် သောကောရောကော ပစ္စည်းများကို ယင်း၏စက်ရုံများကခွဲခြား သန့်စင်ပေးမှာဖြစ်သည်။ US တစ်ခွင်တွင် အမှိုက်သရိုက်မှစက္ကူပြန်လည်ရရှိထုတ်ယူ မှုမှာ ၁၉၉ဝပြည့်နှစ်က ၃၂ရာခိုင်နှုန်းရှိရာ မှ ၂ဝဝ၆ခုနှစ်တွင် စံချိန်တင် ၅၃ဒသမ၄ ရာခိုင်နှုန်းအထိ ရှိလာကြောင်းသိရသည်။

ပတ်ဝန်းကျင်အတွက် အကျိုးရှိသည့်

ဆယ်တင်ခြင်းလုပ်ငန်း

ဆယ်တင်ခြင်း(recycling)ပြုလုပ် နိုင်သည့် ဝတ္ထုပစ္စည်းအပိုင်းအစမှန်သမျှ မီးရှို့ပစ်ရခြင်း သို့မဟုတ် မြေတွင်းထဲထည့် မြှုပ်ပစ်ရခြင်းသည် စီးပွားရေးအရဆုံးရှုံးမှု ဖြစ်ရသကဲ့သို့ ပတ်ဝန်းကျင်ဆုံးရှုံးမှုလည်း ဖြစ်ရသည်။ ဒန်သတ္တုကိုဆယ်တင်အသုံး ချနိုင်ခြင်းသည် သတ္တုရိုင်းသိုက်မှသတ္တု သန့်စင်ထုတ်ယူရခြင်းထက် စွမ်းအင်အသုံး ပြုရမှု ၉၅ရာခိုင်နှုန်းလျော့နည်းကြောင်း အလေအလွင့်ဆယ်တင်ရေးလုပ်ငန်းများ အဖွဲ့(ISRI)ကပြောသည်။ ထို့အတူ စွမ်း အင်ချွေတာမှုမှာ ကြေးနီအတွက် ၈၅ရာ ခိုင်နှုန်း၊ ပလတ်စတစ်အတွက် ၈ဝရာခိုင် နှုန်းနှင့်သံအတွက် ၇၄ရာခိုင်နှုန်းအသီးသီး ရှိသည်။ စက္ကူတစ်မက်ထရစ်တန်ကို ‘ဆယ် တင်’ အသုံးပြုနိုင်ခြင်းသည် သစ်ပင် ၁၇ ပင်နှင့် လောင်စာဆီ ၃ဝဝလီတာ ချွေတာ ရာရောက်သည်။

အလေအလွင့် အစအနကုန်သွယ်မှု တိုးတက်ဖြစ်ထွန်းလာခြင်းသည် နောက် ထပ် ပိုမိုမြင့်မားသည့်တန်ဖိုးတိုးပို့ကုန်လုပ် ငန်းအတွက် တာစူပေးသည်။ အနောက် နိုင်ငံကုမ္ပဏီများက ‘ဆယ်တင်’ ရေးနည်း စဉ်အတွက်နှင့်ပစ္စည်းခွဲခြားရေးအတွက် ပိုမိုထက်မြက်သည့်စက်ပစ္စည်းများကိုတီထွင် ထုတ်လုပ်ရန် စိတ်ဓာတ်တက်ကြွလျက်ရှိ သည်။ တရုတ်၊ အိန္ဒိယစသည့်နိုင်ငံများမှ လူလတ်တန်းစားများ စီးပွားရေးဖွံ့ဖြိုးတိုး တက်လာသည်နှင့်အမျှ အဆိုပါစားသုံးသူ များက ဝယ်လိုအားပိုကောင်းလာပြီးစွန့် ပစ်ပစ္စည်းများဖြစ်သည့်သတင်းစာများ၊ မော်တော်ကားများနှင့်အီလက်ထရွန်းနစ် ပစ္စည်းများမှာထုထည်ပမာဏတိုးလာဖွယ် ရာသာရှိသည်။ ထိုအခါ ယင်းနိုင်ငံများတွင် ‘ဆယ်တင်ရေးစက်မှုလုပ်ငန်းများ’ (recy-cling industries) ကို တည်ဆောက်ရ မည်ဖြစ်ရာ ယင်းအတတ်ပညာအတွက် ဥရောပနှင့်အမေရိကန်ပြည်ထောင်စုကဲ့သို့ ဦးလှည့်လာရမှာဖြစ်သည်။ သည့်အတွက် အနောက်တိုင်းကုမ္ပဏီများကစွန့်ပစ်အလေ အလွင့်ပစ္စည်းများစီမံခန့်ခွဲမှုပညာကိုပို့ကုန် အဖြစ် တင်ပို့ခွင့်ရဖွယ်ရာရှိနေကြောင်းပါ။

No comments: