Saturday, December 8, 2007

ထိုင်းနိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှုများ

ဒေါက်တာဝါဝါမောင်(YECO)

၁၉၈၉ခုနှစ် နောက်ပိုင်းကာလများတွင် ကမ္ဘာတစ်ဝန်းတွင်သာမက အရှေ့တောင် အာရှဒေသတွင်ပါပြောင်းလဲမှုများပေါ်ပေါက် လာခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြို ကွဲသည်နှင့်အညီစစ်အေးတိုက်ပွဲကာလလည်း ပြီးဆုံးခဲ့ရာ အရှေ့တောင်အာရှ မဟာဗျူဟာ အသွင်သဏ္ဌာန်မှာလည်းသိသာစွာပြောင်းလဲ ခဲ့ပါသည်။ ကမ္ဘာ့ဒေသများအတွင်းတည်ငြိမ် မှုရရှိလာခဲ့ခြင်းကြောင့် နိုင်ငံရေး၊ စစ်ရေးတို့ အား အလေးထားဆောင်ရွက်ကြရာမှ စီးပွား ရေးဘက်သို့ အာရုံစိုက်လာခဲ့သည်။ နိုင်ငံများ အကြား စီးပွားရေးအင်အား(Economic Power)တောင့်တင်းရရှိရေးကို ဦးစားပေး လာခဲ့ကြသည်။ ၎င်းနိုင်ငံ၏အမျိုးသား အကျိုးစီးပွားအတွက် မဟာဗျူဟာနှင့် စီးပွား ရေးဆိုင်ရာ အမျိုးသားရေးရည်မှန်းချက်များ ပြောင်းလဲချမှတ်လာခဲ့ကြပါသည်။

၁၉၉ဝပြည့်နှစ် နောက်ပိုင်း၌ အိမ်နီး ချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် တည်ငြိမ် အေးချမ်းသည့်အနေအထားရှိလာပြီဖြစ်သဖြင့် ထိုင်းနိုင်ငံအနေဖြင့် ဆယ်စုနှစ် တစ်ခုစာခန့် စီးပွားရေးအဟုန်မြင့်မားတိုးတက်ခဲ့သော်လည်း ၁၉၉၇ခုနှစ် အာရှငွေကြေးအကျပ်အတည်း (Financial Crisis)တွင် ပြန်လည်ရှင်သန်မှု ရှိစေရန်အတော်ကြိုးစားခဲ့ရပေသည်။ ထိုင်း နိုင်ငံ၏စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် ထိုင်းနိုင်ငံတွင် သစ်၊ဝါး၊ကျောက်မျက်ရတနာ နှင့် သတ္တုများ စသည့်သဘာဝအရင်းအမြစ် များ ရှားပါးလာပြီဖြစ်ရာ နိုင်ငံအကျိုးစီးပွား အတွက် နည်းလမ်းသစ်များ ရှာကြံလာခဲ့ ပါသည်။

ဒေသတွင်းရှိ တိုင်းပြည်များတွင် ရင်းနှီး မြှုပ်နှံမှုနှင့် ဈေးကွက်အခွင့်အလမ်းများ များ စွာရှိနေရာ ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏စီးပွား ရေးလုပ်ကိုင်မှုအခွင့်အလမ်းများကို အဆိုပါ နိုင်ငံများသို့ ဖြန့်ကြက်သွားရန် ရည်ရွယ်ပေ သည်။ သို့အတွက် ထိုင်းနိုင်ငံအနေဖြင့် အင် ဒိုချိုင်းနားဒေသများတွင်စီးပွားရေးအရ ကုန် သွယ်မှုနှင့်ရင်းနှီးမြှုပ်မှုမှတစ်ဆင့် အရှေ့ တောင်အာရှဈေးကွက်တွင် ထိုးဖောက်နိုင်ရန် အတွက် ဒေသတွင်းနိုင်ငံများနှင့်ဆက်ဆံရေး များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင် ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သော အရှေ့တောင် အာရှဒေသကို ထိုင်းနိုင်ငံ၏ထုတ်ကုန် တင်ပို့ ရောင်းချရာဈေးကွက်အဖြစ်ပြောင်းလဲရန်နှင့် ပတ်ဝန်းကျင်နိုင်ငံများမှ သဘာဝသယံဇာတ ကုန်ကြမ်းများကို ဈေးပေါပေါဖြင့် ရယူ ဆောင်ရွက်သွားရန်ဖြစ်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏အမျိုးသားစီးပွားရေးမဟာဗျူ ဟာ ပြောင်းလဲမှုတစ်ရပ်အဖြစ် အိမ်နီးချင်း နိုင်ငံများမှ သယံဇာတကုန်ကြမ်းများကို ဈေး ပေါပေါရရှိရန်နှင့် ၎င်းတို့၏ထွက်ကုန်ပစ္စည်း များကို တင်ပို့ရာဈေးကွက်အဖြစ် ပြောင်းလဲ ရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီး စွာ ဆက်ဆံလာခဲ့သည်ကို လေ့လာတွေ့ရှိ နိုင်ပါသည်။

ထိုင်းနိုင်ငံသည် စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို အမှန်တကယ်တွင်၁၉၆ဝ ပြည့်နှစ် ပတ်ဝန်းကျင်ကတည်းက စတင်ခဲ့ ပါသည်။ ပထမနှင့် ဒုတိယစီးပွားရေး စီမံ ကိန်းများကို ၁၉၆၁-၇၁ ခုနှစ်တွင် ချမှတ်ခဲ့ ပြီး သွင်းကုန်အစားထိုးခြင်း မဟာဗျူဟာ (Import Substitution Strategy) ကို ကျင့်သုံးခဲ့သည်။ ထိုစီမံကိန်းအတွင်း ထိုင်း နိုင်ငံ ကုန်ထုတ်လုပ်မှုကဏ္ဍ (Manufactur-ing sector)တွင် ၁၁ရာခိုင်နှုန်းအထိ တိုး တက်မှုရှိလာခဲ့ပြီး မူလအဆင့်ထုတ်လုပ်မှု လုပ်ငန်းများမှာ ၆ဝရာခိုင်နှုန်း မှ ၄ဝရာခိုင် နှုန်းသို့ကျဆင်းကာ ဆင့်တိုးထုတ်လုပ်သည့် လုပ်ငန်း(Value Added Industries) များ ပိုမိုတိုးတက်လာခဲ့သည်။

တတိယစီမံကိန်းအဖြစ်(၁၉၇၂-၇၆) ခုနှစ်တွင် သွင်းကုန်အစားထိုးမဟာဗျူဟာမှ ပို့ကုန်တိုးမြှင့်ခြင်း(Export Promotion Strategy)သို့ တက်ကြွစွာဆောင်ရွက်ခဲ့ သည်။ ၁၉၇ဝ ပြည့်နှစ်များ၌ ထုတ်လုပ်မှု ကဏ္ဍတွင် နှစ်စဉ် ၁ဝရာခိုင်နှုန်းထိ တိုးတက် လာခဲ့ပါသည်။အဝတ်အစား၊ လျှပ်စစ်ပစ္စည်း တို့သည်လည်း စာရေးပစ္စည်း၊ ပို့ဆောင်ရေး နှင့် ချည်ထည်လုပ်ငန်းများကဲ့သို့ အရေးပါ သော ပို့ကုန်များဖြစ်လာသည်ကို တွေ့ရှိရ သည်။ ၁၉၈ဝပြည့်နှစ်များ၌တိုးတက်မှုအရှိန် မြင့်မားလာခဲ့ပြီး၁၉၈၅ခုနှစ်နှင့်၁၉၉၄ ခုနှစ် များအကြားတွင် တစ်ဦးကျအမှန်(GDP) တိုး နှုန်းမှာ ၈ရာခိုင်နှုန်း ရှိလာခဲ့သည်။ ထိုင်းနိုင်ငံ ၏ပို့ကုန်ပုံသဏ္ဌာန်(Export Structure)မှာ ၎င်း၏ထုတ်လုပ်မှုပုံသဏ္ဌာန်(Production Pattern) ပြောင်းလဲသကဲ့သို့ လိုက်ပါပြောင်း လဲခဲ့ပါသည်။ ထုတ်ကုန်များ ခွဲခြားလုပ်ကိုင် ခြင်း(Diversification of manufactures) ကိုလည်း ဆက်တိုက်လုပ်ကိုင်ခဲ့သည်။ ဤကဲ့ သို့သော ထိုင်းနိုင်ငံ၏အောင်မြင်မှုများမှာ ထိုင်းအစိုးရဌာနများနှင့်အဖွဲ့အစည်းများသည် စက်မှုနှင့်ကုန်သွယ်မှု မူဝါဒများ ချမှတ် အကောင်အထည်ဖော်ရာ၌တက်ကြွစွာပါဝင် နိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ဥပမာအား ဖြင့် ထိုင်းရင်းနှီးမြှုပ်နှံမှုအဖွဲ့(Board of Investment-BOI)၊ စက်မှုဝန်ကြီးဌာန (Ministry of Industry)၊ ဘဏ္ဍာရေးဝန်ကြီး ဌာန(Ministry of Finance)၊ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန(Ministry of Com-mence)နှင့်ဘဏ္ဍာရေး မူဝါဒရုံး(Fiscal Policy Office- FPO)၊ထိုင်းဗဟိုဘဏ်(Bank of Thailand-BOT)နှင့် အကောက်ခွန်ဌာန များ(Department of Custom) ပို့ကုန်မြှင့် တင်ရေးအဖွဲ့(Export Promoting Commit-tee)တို့ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ခဲ့ ခြင်းတို့ကြောင့်ဖြစ်သည်။

ထိုမူဝါဒများမှာ ပြည်တွင်းပါဝင်မှုစည်း မျဉ်း(Domestic content regulation)၊ ပို့ ကုန်တိုးမြှင့်မှု(Export Promotion)၊နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု(Foreign Investment)၊ ရွေး ချယ်ကာကွယ်မှု(Selective protection)၊ ငွေကြေးတန်ဖိုးပိုမိုနေခြင်း(Currency over valuation )၊သွင်းကုန်တားဆီးမှုနှင့်ကန့်သတ် ချက်များ(Import Bans and restriction) နှင့် ပို့ကုန်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းကာ ထိုင်း နိုင်ငံ(Export Culture)အထူးစူးစိုက်ဆောင် ရွက်ခြင်း စသည့်ကဏ္ဍများတို့ပါဝင်သည်။

၁၉၉ဝပြည့်နှစ်နောက်ပိုင်းနှစ်များတွင် ထိုင်း နိုင်ငံသည် ငါးနိုင်ငံမြောက်အာရှကျားစာရင်း (Fifth East Asian Tiger)ဝင်လာခဲ့ပြီး တောင်ကိုရီးယားမဟာဗျူဟာနှင့် တစ်ခုသော ကွာခြားချက်မှာ ထိုင်းနိုင်ငံသည် မိမိတို့နိုင်ငံ တွင်းမှလုပ်ငန်းငယ်များတိုးတက်မှု(Promoting indigenous firms)ကို အာရုံစိုက်မှုထက် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ အားဖိတ်ခေါ် မှု(Open to an active role for multinatio-nal corporations)ကိုအာရုံစိုက်ခဲ့သည်။

၂ဝဝ၁ခုနှစ်Thaksinအစိုးရ၏ ချမှတ် ခဲ့သောစီးပွားရေးမူဝါဒမှာ အောက်ပါအချက် ၇ချက်အပေါ်တွင် အခြေခံပါသည်။

· ဆင်းရဲသောလယ်သမားများအတွက် အကြွေးနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ရန်(farm debt restructuring)

· ကျေးရွာများရန်ပုံငွေအဖြစ် ဘတ်ငွေ တစ်သန်း မတည်ပေးရန် (village funds financed by grants of one million baht)

· တကယ်အလုပ်မလုပ်သော ချေးငွေ များကို အလုပ်လုပ်သော ကဏ္ဍသစ်များထံ သို့ ပြောင်းရွှေ့ရန်(the transfer of non-performing loans (NPLs) to the newly established)

· အစိုးရမှပိုင်ဆိုင်သော ငွေချေးလုပ်ငန်း များက အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းထံသို့ ဂရုတစိုက်ဆောင်ရွက်ပေးရန် (special attention to small-and medium-sized enterprises -SMEs by state-owned lending agencies)

· တစ်ရွာလျှင် ထုတ်ကုန်တစ်မျိုး( One village one product)စနစ်ဖြင့် ရွာများ အကြားထုတ်လုပ်မှုကိုဇောက်ချထုတ်လုပ်ရန် (promotion of product specialization by village groups, called the “one tambon -one product)

· ပြည်သူ့ဘဏ်များ တည်ထောင်ရန်(the establishment of the People’s Bank) အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ၌ သွင်း ကုန်ကို လွန်စွာမှီခိုအားထားရမှုမှ ပြည်တွင်း သယံဇာတအား ပိုမိုအားထားလာစေရန် (restructuring of the economy away from heavy dependence on imports and towards more reliance on local resources, especially agricultural) စသည်တို့အပ်ါတွင် အခြေခံခဲ့သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးအဆောက် အအုံသည် အလယ်အလတ် ဝင်ငွေနိမ့်သော စက်မှုနိုင်ငံဖြစ်ပြီး အလွန်အမင်း ပို့ကုန်မှီခိုရ သော(Heavily export dependent) နိုင်ငံ ဖြစ်သည်။ ပို့ကုန်မှာစုစုပေါင်းပြည်တွင်းထုတ် ကုန်(GDP)၏ ၆ဝရာခိုင်နှုန်းရှိသည်။ ငွေလဲ လှယ်နှုန်းမှာ ၂ဝဝ၆ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာကို ၃၇ဘတ်ရှိသည်။ အမည်ခံစုစုပေါင်းပြည် တွင်းထုတ်ကုန်(Nominal GDP)မှာဈေးကွက် ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၂ဝဝ ဘီလျံရှိသည်။ ဘတ်ငွေကြေးတန်ဖိုးတက် ခြင်း(Rapid Currency of Bath appre-ciation)ကြောင့်အမည်ခံစုစုပေါင်းပြည်တွင်း ထုတ်ကုန်မှာ ၂ဝဝ၇ခုနှစ်တွင် အမေရိကန် ဒေါ်လာ၂၃ဝဘီလျံရှိသည်။ ထို့ကြောင့် ထိုင်း နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် အရှေ့ တောင်အာရှတွင် ဒုတိယအကြီးဆုံး စီးပွား ရေးအဆောက်အအုံဖြစ်သည်။ ထို့ပြင် ထိုင်း နိုင်ငံသည်အရှေ့တောင်အာရှတွင် တစ်ဦးကျ ဝင်ငွေ(Per capita income) အရ စင်ကာပူ၊ ဘရူးနိုင်း၊ မလေးရှားပြီးလျှင် စတုတ္ထမြောက် တစ်ဦးကျဝင်ငွေအများဆုံးနိုင်ငံဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သောလာအို၊ မြန်မာ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ထိုင်းနိုင်ငံ မှာ(Anchor Economy) ဖြစ်နေပေသည်။ ထိုင်းနိုင်ငံသည် ၁၉၉၇-၉၈ခုနှစ်တွင် ငွေ ကြေးအကျပ်အတည်း(Financial Crisis) ကြုံတွေ့ပြီးနောက် ပြန်လည်ကောင်းမွန်လာ ပြီး ထိုင်းနိုင်ငံတွင်ခိုင်မာသော ကားပို့ကုန် စက်မှုလုပ်ငန်းနှင့်အတူ လျှပ်စစ်ပစ္စည်းထုတ် လုပ်မှုသည်လည်း ထိုင်းငွေကြေးကို ပိုမိုခိုင်မာ စေသည်။ စိုက်ပျိုးရေးသည် သမားရိုးကျ ဝင်ငွေရရှိစေသောလုပ်ငန်းဖြစ်ပြီး အခြား သော ပို့ကုန်များပိုမိုတိုးတက်လာခြင်းကြောင့် စိုက်ပျိုးရေးပို့ကုန်မှာ ကျဆင်းလာခဲ့သည်။ ယခင်နှစ်များက ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၅ သို့မဟုတ် ၆ရာခိုင်နှုန်း ရှိခဲ့သော်လည်း မကြာခင်ကနိုင်ငံရေး မတည် ငြိမ်မှုများကြောင့် ၄ရာခိုင်နှုန်းသို့ကျဆင်း ခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် သော ကုမ္ပဏီများလည်း နိုင်ငံရေးမတည်ငြိမ် မှုကြောင့် ပြန်လည်နောက်ဆုတ်ခဲ့သည်များ လည်းရှိသည်။

တစ်ဦးကျဝင်ငွေ(Per Capita)မှာ အမေရိကန်ဒေါ်လာ၉၁ဝဝရှိပြီး ၂ဝဝ၆ခုနှစ် အရ ငွေဖောင်းပွမှုနှုန်းမှာ ၅ဒသမ၁ ရာခိုင် နှုန်းရှိသည်။ ဆင်းရဲမွဲတေမှုပိုင်း(Under Poverty Line) အောက်တွင်နေထိုင်သော လူဦးရေမှာ ၁ဝရာခိုင်နှုန်းရှိသည်။ လုပ်သား ထုအရေအတွက်မှာ ၃၆ဒသမ၄၁သန်းရှိပြီး စိုက်ပျိုးရေးတွင် ၄၉ရာခိုင်နှုန်း၊ စက်မှုတွင် ၁၄ရာခိုင်နှုန်း၊ ဝန်ဆောင်မှုတွင် ၃၇ရာခိုင် နှုန်းပါဝင်လုပ်ကိုင်နေကြသည်။ ၂ဝဝ၆ခုနှစ်၊ နိုဝင်ဘာစာရင်းအရ အလုပ်လက်မဲ့နှုန်းမှာ ၁ဒသမ၈ရာခိုင်နှုန်းရှိသည်။ အဓိကစက်မှု လုပ်ငန်းများမှာ ကားနှင့်ကားအပိုပစ္စည်း ၁၁ ရာခိုင်နှုန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှု ၉ ရာခိုင် နှုန်း၊ လျှပ်စစ်ပစ္စည်းနှင့် အပိုပစ္စည်း ၈ရာခိုင် နှုန်း၊ခရီးသွားလုပ်ငန်း၆ရာခိုင်နှုန်းနှင့် အခြား ထင်ရှားသော စက်မှုလုပ်ငန်းများမှာ ဘိလပ် မြေ၊ အော်တိုပစ္စည်းထုတ်လုပ်ရေး၊ အကြီးစား နှင့်အပေါ့စားလုပ်ငန်းနှင့်ပစ္စည်းများ၊ ကွန်ပျူ တာနှင့်အပိုပစ္စည်း၊ ပရိဘောဂ၊ ပလတ်စတစ် လုပ်ငန်း၊ အဝတ်အစား၊ စိုက်ပျိုးရေးထွက် ကုန် ဆင့်တက်ပစ္စည်း၊ ဖျော်ရည်ယမကာနှင့် ဆေးရွက်ကြီးလုပ်ငန်းတို့ပင်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ၂ဝဝ၆ ခုနှစ် စာရင်းများအရ ၁၂၃ဒသမ၅ ဘီလျံရှိ သည်။ ပို့ကုန်တင်ပို့သော နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု ၁၅ဒသမ၄ရာခိုင် နှုန်း၊ ဂျပန် ၁၃ဒသမ၆ ရာခိုင်နှုန်း၊ တရုတ် ၈ဒသမ၃ရာခိုင်နှုန်း၊ စင်ကာပူ ၆ဒသမ၉ ရာခိုင်နှုန်း၊ ဟောင်ကောင် ၅ဒသမ၆ရာခိုင် နှုန်း၊ မလေးရှား ၅ဒသမ၂ ရာခိုင်နှုန်းတို့ဖြစ် သည်။ သွင်းကုန်တန်ဖိုးမှာ ၁၁၉ဒသမ၃ ဘီလျံဖြစ်သည်။သွင်းကုန်တင်သွင်းမှု အများ ဆုံးသော နိုင်ငံများမှာ ဂျပန် ၂၂ရာခိုင်နှုန်း၊ တရုတ် ၉ဒသမ၄ရာခိုင်နှုန်း၊ အမေရိကန် ပြည်ထောင်စု ၇ဒသမ၄ရာခိုင်နှုန်း၊ မလေး ရှား ၆ဒသမ၈ရာခိုင်နှုန်း၊ စင်ကာပူ ၄ဒသမ ၆ရာခိုင်နှုန်းတို့ဖြစ်သည်။

ပြည်သူ့ဘဏ္ဍာနှင့်ပတ်သက်၍ ပြည်သူ့ အကြွေး(Public debt) မှာ နိုဝင်ဘာ ၂ဝဝ၅ ခုနှစ် စာရင်းအရ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလျံရှိပြီး GDP၏ ၄၃ဒသမ၅ ရာခိုင်နှုန်းရှိသည်။ ပြင်ပကြွေးမြီ(External Debt)မှာ ၂ဝဝ၆ခုနှစ်စာရင်းအရ ၅၇ဒသမ ၈၃ဘီလျံရှိပါသည်။ ရငွေ(Revenue)မှာ ၂ဝဝ၄ခုနှစ်တွင် ၃ဝဒသမ၂ဘီလျံရှိသည်။ စီးပွားရေးအကူအညီ(Economic Aid) အနေဖြင့်ထိုင်းနိုင်ငံသည် ၂ဝဝ၂ခုနှစ် ကတည်းက စီးပွားရေးအကူအညီ မရရှိတော့ ပါ။ ထိုင်းနိုင်ငံသည် ၂ဝဝ၅ ခုနှစ်တွင် စီးပွား ရေးအကူအညီအဖြစ် အိမ်နီးချင်းနိုင်ငံများသို့ ဒေါ်လာသန်း ၆ဝ ပေးခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ဒေသတွင်းပူး ပေါင်းဆောင်ရွက်မှုများကို အာဆီယံ (ASEAN)အပြင် အခြားသောဒေသခွဲပူး ပေါင်းဆောင်ရွက်မှုများ(Sub-regional integration) အနေဖြင့်လည်း ဆောင်ရွက်ခဲ့ သည်။ ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းမှုများမှာ ကုန်သွယ်ရေး (Trade)နှင့်ရင်းနှီးမြှပ်နှံမှုများ(Investment) တင်သာမက ထိုင်းနိုင်ငံ၏ဒေသဆိုင်ရာဖွံ့ဖြိုး မှု(Regional Development)နှင့် ခွဲခြား၍ မရသော စီးပွားရေးအကူအညီ(Economic Assistance)တို့ပါ ပါဝင်ပေသည်။ စီးပွား ရေးဆက်နွှယ်မှုများကိုဖြစ်ပေါ်စေသည့်ဒေသ တွင်းSub regional cooperation program များဖြစ်သော Economic corridors များ ၏အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု(Infra-structure Development)သည်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဆက်စပ် ပတ်သက်လျက်ရှိသည်။ အခြေခံအဆောက် အအုံဖွံ့ဖြိုးမှုကို ပူးပေါင်းဆောင်ရွက်ရန် အတွက် လမ်း၊ တံတားနှင့် နယ်စပ်စီးပွားရေး ဇုန်များကို တောင်မြောက်စီးပွားရေးဆက် နွှယ်မှု(North South Economic Corridor -NSEC)၊ အရှေ့အနောက် စီးပွားရေးဆက် နွှယ်မှု(the East West Economic Corridor -EWEC)နှင့်တောင်ပိုင်းစီးပွား ရေးဆက်နွှယ်မှု(Southern Economic Corridor-SEC) စသဖြင့် အကောင်အထည် ဖော်လျက်ရှိပြီး အရှေ့အနောက် စီးပွားရေး ဆက်နွှယ်မှု(the East West Economic Corridor -EWEC)၏ အစီအစဉ်ခွဲမှာ Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy (ACMECS)ပင်ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာ၊ ကမ္ဘောဒီး ယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများနှင့်အတူ စီးပွားရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ရွှေကျွန်းဆွယ်စီမံကိန်း(Golden Penin-sula)အဖြစ် ကြိုးပမ်းခဲ့သည်။ ထို့အပြင် ဒေသတွင်း အဆိုပါနိုင်ငံများနှင့် ထိပ်တိုက် ရင်ဆိုင်မှုများကို ရှောင်ရှားကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေမည့် ရွှေကျွန်းဆွယ်စီမံကိန်းတစ်ရပ်ကိုချမှတ်ဆောင် ရွက်ခဲ့သည်။ ထို့အပြင် လေးပွင့်ဆိုင်စီးပွား ရေးစတုဂံ(The Golden Quadrants) စီမံကိန်းကိုလည်း ထိုင်းနိုင်ငံမှဦးစီးဦးဆောင် ပြု၍ လာအို၊ မြန်မာ၊ တရုတ်နိုင်ငံ ယူနန် ပြည်နယ်တို့နှင့်ပူးပေါင်းပြီးစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် ချမှတ်ထားပါသည်။ ထိုစီမံကိန်းကို လေးပွင့်ဆိုင် ရွှေစတုဂံနယ် မြေထူထောင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။ အခြားထင်ရှားသော စီမံကိန်းမှာ မဟာမဲခေါင်မြစ်ဝှမ်းစီမံကိန်း(Greater Mekong Subregion Project)ပင်ဖြစ် သည်။ ၎င်းစီမံကိန်းတွင် မဲခေါင်မြစ် ဖြတ် သန်းစီးဆင်းနေသည့် တရုတ်ပြည် ယူနန် ပြည်နယ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘော ဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်မည်ဖြစ် ပြီး အာရှဖွံ့ဖြိုးရေးဘဏ်(Asian Develop-ment Bank-ADB) အကူအညီဖြင့် ဆောင် ရွက်သည့်စီမံကိန်းဖြစ်သည်။ အဆိုပါနိုင်ငံ များတွင်လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်း မွန်အောင်ဆောင်ရွက်ပြီး စီးပွားရေးဖွံ့ဖြိုးမှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

No comments: