မောင်စူးစမ်း
အပြန်အလှန်ထိုးဖောက်ချင်ကြ
အမေရိကန် ရင်းနှီးမြုပ်နှံသူတို့ကလည်း တရုတ်ပြည် စီးပွားရေးထဲ ထိုးဖောက်ချင်သည်။ တရုတ်ပြည် စီးပွားရေးလုပ်ငန်းရှင်တို့ကလည်း အမေရိကန် စီးပွားရေးထဲ ထိုးဖောက်ချင်သည်။ အထူးအဖြင့် နယူးယောက် ဝေါစထရိစတော့အိပ်စ်ချိန်းထဲ ထိုးဖောက်ချင်သည်. ဤသို့ အပြန်အလှန်ထိုးဖောက်ချင်ကြသောအခါ နည်းလမ်းသစ်တွေရှာကြသည်။ မတွေ့လျှင် နည်းလမ်းသစ်တို့ကို ဖန်တီးသည်။ ဤတွင် မွေကြော်ဘဏ္ဍာရေးစနစ် Stir-fry finance ဆိုသော ပုံစံပေါ်လာသည်။ ဤပုံစံက တခြားမဟုတ်။ တရုတ်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်းနှင့် အမေရိကန် ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်းတို့ အချင်းချင်းဖက်စပ် ထူထောင်ကြခြင်းဖြစ်သည်။ သူတို့၏ဖက်စပ်ပုံသဏ္ဍာန်ကတစ်မျိုး၊ နားလည်နေကြ ဖက်စပ်ပုံစံမျိုးနှင့်တော့မတူ။ တရုတ်ပြည်၌ ရှယ်ယာဝယ်ရောင်းလုပ်သော Citic Securities အမည်ရှိ ကုမ်ပဏီကြီးရှိသည်။ တရုတ်ပြည်တွင် စီးပွားရေးဖွံ့ဖြိုးပြီး လူတွေချမ်းသာလာကြသဖြင့် ရင်းနှီးမြုပ်နှံသူ သုံးမျိုးပေါ်လာသည်။ ပထမ ရင်းနှီးမြုပ်နှံသူက အစိုးရကိုယ်တိုင်ဖြစ်သည်။ တရုတ်အစိုးရပိုင် ရင်းနှီးမြုပ်နှံမှု ကုမ်ပဏီတွေထောင်ထားသည်။ ၄င်းကို Sovereign Funds များဟုခေါ်သည်။ ဒုတိယရင်းနှီးမြုပ်နှံသူက အဖွဲ့အစည်းနှင့် ကုမ်ပဏီတို့က ထူထောင်ထားသော ရင်းနှီးမြုပ်နှံမှု Fund တွေဖြစ်သည်။ ၄င်းတို့ကို အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြုပ်နှံသူ Institutional Invertors များဟုခေါ်သည်။ တတိယကား တစ်ဦးချင်းရင်းနှီးမြုပ်နှံသူ Individual Investors များဖြစ်ကြသည်။ တရုတ်တို့စီးပွားရေးဖွံ့ဖြိုးပြီး လူတွေကြွယ်ဝချမ်းသာလာကြသည့်အလျောက် ယခုအခါ တစ်ဦးချင်းရင်းနှီးမြုပ်နှံသူပေါင်း သန်း ၅၀ ကျော်အထိရှိလာပြီ။
ဤရင်းနှီးမြုပ်နှံသူတို့ကို စုစည်းပြီးအင်ဒါရိုက် လုပ်ပေးနေသော တရုတ်ရင်းနှီးမြုပ်နှံမှု Fund ( အထက်တွင်ဖော်ပြထားသည့် စီးတစ်ဆီကျူရိတ်ကုမ်ပဏီကြီး) ကလည်း အမေရိကန် Cititbank အုပ်စုနှင့် ဆက်သွယ်ကာ ရင်းနှီးမြုပ်နှံမှု လောက၌တွင်ကျယ်လာသည်။ တရုတ်ပြည်တွင်း၌ တွင်ကျယ်လာသောအခါ အမေရိကန် ရင်းနှီးမြုပ်နှံမှုလောကထဲ ခြေချတိုးချချင်လာသည်။ ထိုအချိန်၌ပင် အမေရိကန်ရင်းနှီးမြုပ်နှံမှုဘဏ် ဘီးရားစတင်း Bear Stearns ကလည်း တစ်ဦးချင်းက တရုတ်ရင်းနှီးမြုပ်နှံသူ သန်း ၅၀ ၏ ဈေးကွက်ကို မျှော်မှန်းရင်း တရုတ်ဈေးကွက်ထဲ ၀င်တိုးချင်သည်။
ယင်နှင့်ယန်
သို့ဖြင့် တရုတ်ကုမ်ပဏီကလည်း အမေရိကန်ဈေးကွက်ထဲ ထိုးဖောက်ချင်။ အမေရိကန် ကုမ်ပဏီကလည်း တရုတ်ဈေးကွက်ထဲ ထိုးဖောက်ချင်နှင့် အကြံချင်းတူညီလာ၍ ဖက်စပ်ထောင်လိုက်ကြသည်။ ဖက်စပ်ထောင်ပုံမှာ တရုတ်ကုမ်ပဏီ "စီးတစ်" က အမေရိကန်ကုမ်ပဏီ "ဘီးရားစတင်း" ထဲ ရှယ်ယာတစ်ဘီလျံဖိုးဝယ်လိုက်သည်။ အပြန်အလှန်အားဖြင့် ဘီးရားစတင်းကလည်း စီးတစ်ထဲ ရှယ်ယာဒေါ်လာတစ်ဘီလျံဖိုး ၀ယ်လိုက်သည်။ ဤသို့ ကုမ်ပဏီချင်း ရှယ်ယာအပြန်အလှန်ဝင်လိုက်ချင်းကိုပင် တရုတ်ကုမ်ပဏီနှင့် အမေရိကန်ကုမ်ပဏီတို့ မဟာမိတ် Alliance ဖွဲ့သည်ဟု ပြောလာသည်။ ၉.၉ ရာခိုင်နှုန်းအထိ ရှယ်ယာတွေအပြန်အလှန် ၀ယ်ကြရန်လည်း သဘောတူညီထားကြသည်။ တရုတ်နှင့် အမေရိကန်ရင်းနှီးမြုပ်နှံမှု ကုမ်ပဏီချင်းရှယ်ယာတွေ အပြန်အလှန်ဝယ်ယူကြခြင်းကို ဖက်စပ်ဟူ၍လည်းကောင်း၊ အချို့က တရုတ်အစဉ်အလားစကား ယင်နှင့်ယန် Yin and Yang ဟူ၍ လည်းကောင်း သန်ရာသန်ရာ အမှတ်တံဆိပ်များ ခတ်ကြသည်။ ယင်နှင့်ယန်၌ ယင်သည် တရုတ်ရိုးရာ ဒသနအရ ငြိမ်သက်သည်။ အမဓာတ်ဖြစ်သည်။ ယန်သည် ယင်နှင့်ဆန့်ကျင်ဖက် အဖိုဓာတ်ဆောင်သည်။ လှုပ်ရှားမှုဓာတ်သဘာဝရှိသည်။ ယင်နှင့်ယန်တို့၏ ဆန့်ကျင်ဖက်ဓာတ်တုံ့ပြန်လာမှုက လောက၏ သက်ရှိသက်မဲ့အားလုံးကို စီရင်သည်။ စီးတစ်(တရုတ်)နှင့် ဘီးရားစတင်း (အမေရိကန်)တို့ အတွဲအစပ်လုပ်ပြီး ကမ္ဘ့ာရေးရာ အရပ်ရပ်ကို စီရင်လိမ့်မည်ဟု ညွန်းလို၍ ဤသို့တင်စားကြခြင်းဖြစ်တန်ရာသည်။ စင်စစ် ဘီးရားစတင်းသည် တစ်ဦးချင်း တရုတ်ရင်းနှီးမြုပ်နှံသူတို့ကို မျက်စိကျနေသည်မှာလည်း ကျလောက်သည်။ တရုတ် တစ်ဦးချင်းရင်းနှီးမြုပ်နှံသူတို့၏ အရင်းအနှီးစုစုပေါင်း Capitalization သည် ဒေါ်လာ ၃.၇ ထရီလီယံဖိုးအထိ ရှိလာသောကြောင့်ဖြစ်သည်။ ဤအချက်ကို အသာထား၊ စီးတစ်၏ရင်းနှီးမြုပ်နှံမှု စုစုပေါင်းတန်းဖိုးသည်ပင် ဒေါ်လာ ၄၅.၇ ဘီလီယံအထိရှိနေသည်။ ဘီးရားစတင်း၏ ရင်းနှီးမြုပ်နှံမှုတန်ဖိုးသည် ဒေါ်လာ ၁၃.၁ ဘီလီယံဖိုးသာရှိသည်။
အရင်းအနှီးနှင့် လှောင်ကန်
ယခုအခါ ကမ္ဘ့ာအရင်းအနှီးတို့သည် ထုထည်အလွန်ကြီးမားနေသည်။ လည်ပတ်မှုအရှိန်ကလည်း အလွန်မြန်ဆန်နေသည်။ ထို့ကြောင့် အရင်းအနှီးသိုလှောင်ခြင်းကိုလည်း အကြီးကြီးပြောလာသည်။ သေးသေးမပြောတော့ပေ။ ယခု Reservior of Capital အရင်းအနှီး အရေလှောင်ကန်ကြီးဟု သုံးနှုန်းသည်။ ရင်းနှီးမြုပ်ကုမ်ပဏီကြီးတို့၏ လက်ထဲရှိ အရင်းအနှီးကိုသာ ထည့်တွက်ရသည်မဟုတ်။ အရင်းအနှီး Backup Capital တို့ကိုလည်း ထည့်သွင်းစဉ်းစားရသည်။ လက်ထဲရှိ အရင်းအနှီးကိုကြည့်ပြီး အကဲမဖြတ်တော့ပေ။ အရန်အရင်းအနှီး ဘယ်လောက်ရှိသနည်း။ တစ်နည်းပြောရလျှင် အရင်းအနှီးလှောင်ကန် ဘယ်လောက်ကြီးသနည်း။ အရန်က ဘယ်လောက်တောင့်တင်းသနည်းဟူ၍ အခြေခံကြည့်လာသည့် သဘောဖြစ်သည်။ နှစ်ဦးစလုံးကို Citibank ဘဏ်နှင့် အချိတ်အဆက်ရှိကြသဖြင့် အရင်းအနှီးလှောင်ကန် အားကောင်းသည်ဟု အကဲဖြတ်ကြသည်။ ယခုကိစ္စတွင် ဘီးရားစတင်းသည် အမေရိကန်ရင်းနှီးမြုပ်နှံမှု ကုမ်ပဏီဖြစ်သော်လည်း ဟောင်ကောင်တွင် အခြေစိုက်သည်။ ဘီးရားစတင်းသည် အမေရိကန်၌လည်း အိမ်ပေါင်ရာပေါင်လုပ်ငန်းတို့ကို လုပ်ကိုင်နေရာ ယူအက်စ်တွင် ထိုလုပ်ငန်း "ကွဲ" သွားသဖြင့် ပါတနာသစ်ရှာရန် အပြင်းအထန်လိုလာသည်။ ဟောင်ကောင်တွင် ပါတနာသစ်ရှာလို့ရနိုင်သော်လည်း ဘီးရားစတင်းသည် တရုတ်ပြည်မကြီးမှ ပါတနာအသစ်ကို ပိုလိုချင်သည်။ တရုတ်ပြည်မကြီး၌ တစ်ဦးချင်းရင်းနှီးမြုပ်နှံသူပေါင်း သန်း ၅၀ ကျော်ရှိ၍ ရင်းနှီးမြုပ်နှံမှုအမျိုးမျိုးတွင် ဒေါ်လာ ၃.၇ ထရီလီယံဖိုးလုပ်နေသည်။ ဤမျှကြီးမားသော ရင်းနှီးမြုပ်နှံသူ၊ ဤမျှကြီးမားသောရင်းနှီးမြုပ်နှံမှု ပမဏကို လုပ်ကိုင်နေသော တရုတ်ပြည်မမှ စီးတစ်ကုမ်ကဏီကို ဘီးရားစတင်းက မျက်စိကျခြင်းသည် ယုတ္တိရှိသည်ဟုတွက်ကြသည်။ သို့သော် တရုတ်ရင်းနှီးမြုပ်နှံသူတို့သည် ချဲယ်နယ်မျိုးစုံ၊ ပစ္စည်းမျိုးစုံတို့တွင် ရင်းနှီးမြုပ်နှံကြသည်။ ယခုသူတို့က သူ့ဇာတိ တရုတ်ပြည်မ၌သာ ရင်းနှီးမြုပ်နှံချင်ကြသည်မဟုတ်။ အမေရိကန်၌လည်း ထိုးဖောက်ရင်းနှီးမြုပ်နှံလိုကြသည်။ အထူးသဖြင့် နယူးယောက်စတော့အိပ်စ်ချိန်းတွင် တရုတ်ရင်းနှီးမြုပ်နှံသူတို့က တွင်ကျယ်ချင်ကြသည်။ ဤအတွက် အဆက်ကောင်းကောင်းလိုသည်။ အမေရိကန်ဝေါစထရိထဲ အစိမ်းတိုက်ဝင်လို့မလွယ်ပေ။ အချိတ်ဆက်ကောင်းကောင်းနှင့် ၀င်မှရမည်။ တရုတ်ကုမ်ပဏီ စီးတစ်က အမေရိကန်ကုမ်ပဏီ ဘီးရားစတင်းနှင့် ချိတ်ဆက်၍ နယူးယောက်စတော့အိပ်စ်ချိန်းထဲ၌ အဆက်ကောင်းကောင်းဖြင့် ၀င်ကစားနိုင်ပြီးဟုယူဆကြသည်။ အမေရိကန်စတော့အိပ်စ်ချိန်း၌ ၀ယ်ရောင်းဝင်လုပ်နိုင်သည်ဆိုသည်မှာ တရုတ်ကုမ်ပဏီတို့သည် အမေရိကန်၌ ခြေချနိုင်ပြီး ငွေအရင်းအနှီးရှာဖွေပေးနိုင်ပြီဟုသော သဘောကိုပြသည်။
အလည်ချင်း
တရုတ်စီးတစ်နှင့် အမေရိကန်ဘီးရားစတင်းတို့ မဟာမိတ်ဖွဲ့လိုက်ခြင်းကြောင့် နှစ်ဦးစလုံးအကျိုးရှိသည်။ ဘီးရားစတင်းသည် အနောက်တိုင်းမှ ငွေရင်းနှင့်ချေးငွေများလိုချင်သော တရုတ်ကုမ်ပဏီတို့အတွက် ငွေရှာပေးလာနိုင်ပြီ။ လိုချင်သော အီကွီတီရှယ်ယာတို့ကို ရှာဖွေပေးနိုင်ပြီ။ တရုတ်အစိုးရနှင့် တရုတ်ပုဂ္ဂလိကပိုင်များဘက်က သူတို့၏ အရင်းအနှီးတို့ကို အမေရိကန်ရင်းနှီးမြုပ်နှံမှုများအဖြစ် အသွင်ပြောင်းချင်သည်ဟု ဆိုလျှင်လည်း အသွင်ပြောင်းပေနိုင်ပြီ။ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အရာဝတ္တု Investment Products ကလည်းအမျိုးစုံသည်။ ထို့ကြောင့် ဤကုမ်ပဏီနှစ်ခု မဟာမိတ်ဖွဲ့ကြသည်မှာ မွှေပြီးကြော်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ မွှေကြော်ကြော်ဖို့ မဟာမိတ်ဖွဲ့ကြခြင်းဖြစ်သည်။ စီးတစ်းနှင့် ဘီးရားစတင်းးတို့ မဟာမိတ်ဖွဲ့မှုတွင် နိုင်ငံရေးမပါပေ။ စီးပွားရေးအကြောင်းသက်သက် စဉ်းစားပြီးဖွဲ့ကြခြင်းဖြစ်သည်။ တရုတ်က အမေရိကန်ကုမ်ပဏီတို့မှတဆင့် အမေရိကန်ဝေါစထရိကို ၀ယ်နေပြီဟု စွပ်စွဲသည်။
သို့ဖြင့် တရုတ်ကုမ်ပဏီစီးတစ်သည် ခေါင်းပုံဖြတ်သမား Predator လား၊ သို့မဟုတ် Partner ပါတနာလားဟူ၍ ရုပ်ပုံလွှာထုဆစ်ဖော်ပြရတော့မည်။ သဘောတူညီချက်ကိုလည်း ကြည့်ရန်လိုဦးမည်။ ဘီးရားစတင်းကုမ်ပဏီတွင် ရှယ်ယာအများဆုံးပိုင်နိုင်သူ ဘီလျံနာကြီး၏ အကျိုးစီးပွားနှင့် စီးတစ်၏ အကျိုးစီးပွားအံကို ချင်မှ ကိုက်မည်။ စီးတစ်နှင့် ဘီးရားစတင်းတို့၏ မဟာမိတ်ပုံစံသည် အပြန်အလှန်ရင်းနှီးမြုပ်နှံမှု Reciprocal Investment ပုံစံဖြစ်သည်။ ဤပုံစံသည် တရုတ်ပြည်ထဲ ၀င်ရောက်ရင်းနှီးလိုသူတို့အတွက် နမူနာပုံစံဖြစ်လာနိုင်သည်။ တရုတ်ပြည်ကို Middle Kingdom ဟုခေါ်သည်။ ဤကင်းဒမ်း၌ မွှေကြော်ဘဏ္ဍာရေးစနစ်ပေါ်လာချိန်တွင် Middle East ခေါ် အရှေ့အလယ်ပိုင်းဒေသရှိ အစ္စလာမ်တရားနှင့် အညီဖြစ်သော ဘဏ္ဍာရေးစနစ် Islamic Finance ကလည်း ထွန်းကားစပြုနေသည်။
No comments:
Post a Comment