အောင်သင်း
ကွန်ပြူတာတွေ၊ အင်တာနက်တွေကို ကိုင်တွယ်နေကြတဲ့ ဒီကနေ့ လူငယ်လေးတွေကို တွေ့လိုက်ရတော့ သူတို့ခေတ်သူတို့ဘ၀ကို ကိုယ့်ငယ်ဘ၀နဲ့ယှဉ်ပြီး အားကျမိကြောင်း။ သို့သော်လည်း အင်္ဂင်္လိပ်ဘာသာစကားကို ကျွမ်းကျင်အောင် ဘယ်လိုလေ့လာရမလဲဆိုတာတွေကို လာပြီးမေးပြန်တော့လဲ အားမလိုအားမရ နားမလည်နိုင်အောင်ဖြစ်မိကြောင်းကို အရင်တစ်ပတ်က ရေးခဲ့ပါတယ်။ အဲဒါကို ရေးပေးလိုက်ပြီးတဲ့ အချိန်မှာ နိုဝင်ဘာလ ၂၉၊ ၂၀၀၇ ထုတ် ဈေးကွက်ဂျာနယ်ကို ဖတ်ကြည့်လိုက်တော့ ပြောမယ်၊ ဖတ်မယ်၊ ရေးမယ် အင်္ဂလိပ်လိုဆိုတဲ့ ဆောင်းပါးကို တွေ့လိုက်ရပြန်ပါတယ်။ ဒီတော့ ကိုယ်ရေးတဲ့ဆောင်းပါးဟာ အပိုဖြစ်နေမလား၊ ကိုးလို့ကန့်လန့်ဖြစ်နေမလားဆိုတာကို စဉ်းစားရပြန်တော့တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်တွေ့ရ၊ ကြုံရတာတွေကို ရေးမှာဖြစ်လို့လူတိုင်းနဲ့ အဆင်မပြေနိုင်စေဦးတော့ မှားယွင်းစရာအကြောင်းတော့ မရှိတန်ရာကောင်းဘူးလို့ ယူဆမိတာကြောင့် ဆက်ပြီးရေးလိုက်ပြန်ပါတယ်။
အင်္ဂလိပ်စာကို မူလတန်းကစပြီး သင်ယူတာမို့ ကျောင်းသားလူငယ်ဟူသမျှဟာ မကျွမ်းကျင်စေဦးတော့ နားယဉ်နေတာတော့အမှန်ပါပဲ။ နောက်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ဖတ်ပြောရေးချင်တတ်ပါတယ်ဆိုတဲ့ လူငယ်လေးတွေဟာ များသောအားဖြင့် အထက်တန်းအဆင့်ထိ သို့မဟုတ် အထက်တန်းအောင်ပြီးသည့်အထိ လေ့လာသင်ယူခဲ့ဖူးသူတွေ ဖြစ်ကြတယ်။ ဒီတော့ သေချာတာတစ်ခုက အင်္ဂလိပ်စာအခြေခံ သဒ္ဒါလောက်ကို နားလည်ကြဖူးသူတွေ နားလည်ပြီးကြသူတွေ ဖြစ်နေတာအမှန်ပါပဲ။ သို့သော် ပုံသေသိရှိမှတ်သားထားဖို့ ခိုင်မာစွာလက်ခံထားဖို့ကို အလေးအနက်ပြောလိုက်ချင်တာက သဒ္ဒါတတ်တိုင်း စာမရေးတတ်ပါဘူး။ သဒ္ဒါကျွမ်းကျင်တိုင်း စာရေးတာမကျွမ်းကျင်နိုင်ဘူး။ ဥပမာပြရရင် အခုလောလောဆယ် မြန်မာသဒ္ဒါကို ကျောင်းသုံးပြဌာန်းထားတာပဲ မဟုတ်လား။ အဲဒီ သဒ္ဒါစာအုပ်ကို အမြီးပြန်၊ ခေါင်းပြန် ညက်ညက်ကြေနေအောင် နှုတ်လွတ်အာဂုံရအောင် ကျွမ်းနေပါပြီးတဲ့။ အဲဒီလူကို မြန်မာစာကောင်းကောင်း ရေးနိုင်မယ်များထင်နေသလား။ ဝေးလေရန်ကွယ်။ သဒ္ဒါတတ်ရုံနဲ့ စာရေးတတ်စီတတ်တာမှ မဟုတ်ပဲ။ စာဖတ်တဲ့ အတွေ့အကြုံများလာမှ စာရေးတတ်တာ။ အဲ---တစ်ခုသတိထားဖို့က အဲဒီမင်းတို့ကျောင်းသုံး မြန်မာသဒ္ဒါကို တစ်ခါမှ မတွေ့ဖူးစေဦးတော့ မြန်မာစကားနေ့စဉ်ပြောပြီး မြန်မာစာအဖတ်များတဲ့သူတွေဟာ မြန်မာလိုစာရေးကောင်းတဲ့သူတွေ ဖြစ်လာနိုင်တာပဲ။ ဆရာတော်မင်းဘူးဦးသြဘာသကို စာအရေးအသားကောင်းလှပါချေရဲ့လို့ ချီးကျူးကြရတာပဲ။ ဒါပေမယ့် သူဟာ မြန်မာသဒ္ဒါကို တစ်ခါမှ မသင်ခဲ့ရဖူးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအခါက မြန်မာသဒ္ဒါစာအုပ်မှ မရှိသေးဘဲကိုး။ မြန်မာသဒ္ဒါက မနေ့တစ်နေ့မှ ပေါ်လာတာမဟုတ်လား။ ဒါပေမယ့် သူက မြန်မာစာကို ကောင်းကောင်းကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ ဒီတော့ ရေးတတ်သွားတာပဲပေါ့။
ကောင်းပြီး။ မြန်မာစကားကို ဘာကြောင့် ကောင်းကောင်းပြောတတ်သလဲ။ သူက မြန်မာဖြစ်တယ်။ မြန်မာပတ်ဝန်းကျင်မှာ မြန်မာစကားနဲ့ ကြီးပြင်းလာခဲ့ရတာ။ ဒီတော့ မြန်မာစကားကို ကျွမ်းကျင်ရတာပေါ့။ ပြောတတ်တာပေါ့။ ဒီတော့ မြန်မာလိုစာရေးတဲ့အခါမှာ ကျွမ်းကျွမ်းကျင်ကျင်ရေးနိုင်တာပေါ့။ သို့သော်လဲ ပါဠိသဒ္ဒါကိုတော့ဖြစ် ခါးကျိုးလောက်အောင်ကုန်းရုန်း လေ့လာခဲ့ရမှာပေါ့။ နိုင်ငံခြားစာပေဖြစ်နေတာကိုး။ အဲဒီမှာလဲ ပါဠိသဒ္ဒါတတ်ရုံနဲ့ ပါဠိမှာ ကျွမ်းသွားရောလားဆိုတော့ ဘယ်မှာဟုတ်လိမ့်မလဲ။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ် ကျမ်းတော်ကြီးတွေကို လေ့လာမှ သဒ္ဒါတကယ်ကျွမ်းလာတာ။ သဒ္ဒါသင်တာရဲ့ ရည်ရွယ်ချက်ကလဲ အဲဒီပိဋကတ်တော်တွေကို လေ့လာရတာကလဲ ဖတ်နိုင် လေ့လာနိုင်ဖို့မဟုတ်လား။ ဒီတော့ မင်းတို့ အင်္ဂလိပ်ဂရမ္မာဆိုတာတွေ ဘာတွေကိုလေ့လာရတာလဲ အင်္ဂလိပ်စာဖတ်တတ်ဖို့ပဲမဟုတ်လား။ ဒီလိုပဲ ဆရာတော် ဦးသြဘာသလဲ သဒ္ဒါကို သင်ခဲ့တာက ပိဋိကတ်တော်လာ ဇာတ်တော်ကြီးတွေကို ပါဠိလိုဖတ်နိုင်ဖို့ပဲ။ ပါဠိလိုပြောနိုင်ဖို့မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပါဠိစကားပြောတဲ့ နိုင်ငံတိုင်းပြည် လူ့အဖွဲ့အစည်း မရှိတော့ဘူး။ ပါဠိက Dead Language ဖြစ်သွားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲပြီးပြီ။ စာပဲရှိတော့တယ်။ ဒီတော့ ဆရာတော်ဦးသြဘာသ လမ်းစဉ်ကို စဉ်းစားကြည့်ရအောင်။
၁။ ပါဠိသဒ္ဒါကို သင်ယူတယ်။
၂၊ ဘာကြောင့်လဲ။ ပါဠိဘာသာကို ဖတ်တတ်ချင်လို့။
၃။ ပိဋကတ်တော်မှာ ဘာကိုဖတ်သလဲ။ ဇာတ်တော်တွေကို ဖတ်တယ်။
၎။ ဘာကြောင့်လဲ။ မြန်မာပြန်ချင်လို့။
ကဲ----မင်းတို့အဖြစ်ကို ပြန်ပြီးစစ်မေးကြည့်စမ်းပါ။
အင်္ဂလိပ်ဘာသာ သဒ္ဒါကိုဘာကြောင့် သင်ယူသလဲ။ အင်္ဂလိပ်စာကို ဖတ်တတ်ချင်လို့။ အင်္ဂလိပ်စာကို ဖတ်တတ်သလား။ အဲဒီလိုတော့ မဖတ်မိဘူး။ ကဲ--ဘယ်လိုလုပ်ကြမလဲ။ ရှေ့ဆက်သွားဖို့ အတော်ကြီးကို ခက်နေပြီးမဟုတ်လား။ မင်းတို့ မဖြေနိုင်ပေမယ့် ဖြေနိုင်တဲ့သူတွေရှိတယ်။ အင်္ဂလိပ်သဒ္ဒါကို ဘာကြောင့်သင်ယူသလဲ။ အင်္ဂလိပ်လိုဖတ်တတ်ချင်လို့။ အင်္ဂလိပ်စာတတ်ရင် ဘာစာတွေကို ဖတ်ချင်လို့လဲ။ ဗေဒင်လက္ခဏာကျမ်းတွေကို ဖတ်ချင်လို့။ အဲဒီလိုနဲ့ သက်ဆိုင်ရာအင်္ဂလိပ်ဘာသာကို ကျွမ်းကျင်သွားတဲ့ ဗေဒင်ဆရာတွေ၊ လက္ခာဏာဆရာတွေ တစ်ပုံကြီးပါဗျာ။ သူတို့တင်လားဆိုတော့ ဘယ်မှာဟုတ်ပါ့မလဲ။ ဂျာနယ်ကျော် ဦးချစ်မောင်ဟာ ဆယ်တန်းအောင်နဲ့ပဲ သတင်းစာဆရာကြီး ဖြစ်သွားခဲတာ။ သူတို့က အင်္ဂလိပ်ခေတ် ဆယ်တန်းဆိုတော့ ကျွန်တော်တို့ထက် အင်္ဂလိပ်စာ ပိုကောင်းခဲ့မှာကိုးခင်ဗျလို့ ပြောချင်သေးသလား။ နောက်တစ်ယောက်ကို ပြောရဦးမလား။ ဗိုလ်ချုပ်အောင်ဆန်းပေါ့။ သူ့အစ်ကို ဦးအောင်သန်းက ငါ့ရဲ့ဦးဆောင်ဖခင် God Father ဖြစ်ခဲ့လေတာ့ဗိုလ်ချုပ်အကြောင်းကို အတော်လေးကြားခဲ့မှတ်ခဲ့ဖူးတယ်။ ဦးအောင်သန်းက သူ့ရှေ့ကစောပြီး တက္ကသိုလ်မှာ နေတယ်။ ဗိုလ်ချုပ်က နိုင်ငံရေးကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတာ။ ဒီတော့ တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂမှာ ၀င်ပြီး လှုပ်ရှားချင်တာပေါ့။ အဲဒါနဲ့ ဥိးအောင်သန်းက အောင်ဆန်း---မင်းသမဂ္ဂမှာ ၀င်ချင်ရင်တော့ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်မှ ဖြစ်မှာ။ သမဂ္ဂမှာ အင်္ဂလိပ်လိုပဲ ပြောရတာ။ အိန္ဒိယတို့၊ ဟောင်ကောင်တို့က ရောက်လာတဲ့ ကုလားကျောင်းသား တရုတ်ကျောင်းသားတွေက မြန်မာလိုတစ်လုံးမှ တတ်တာမဟုတ်ဘူးလို့ သတိပေးလိုက်တယ်။
ကိုအောင်ဆန်းက ဘာလုပ်သလဲသိလား။
ဗြိတိသျှပါလီမန်မှာ အပြောအဟောနာမည်ကြီးလွန်းလို့ သမိုင်းတင်ရတဲ့ ဒဇ္ဖရေလီတို့ လက်စတို့စတဲ့ ၀န်ကြီးချုပ်တွေရဲ့ နာမည်ကျော် မိန့်ခွန်းတွေကို အလွတ်ကျက် ပစ်တော့တာ။ အလွတ်ရရုံတင်မကဘူး။ အသံထွက်လေယူလေသိမ်းကိုပါ ပီသအောင်လေ့ကျင့်သေးတာ။ အဲဒါနဲ့ပက်သက်လို့ ဦးသိန်းဖေမြင့်ကတောင် အရှေ့ကနေ၀န်းထွက်သည့်ပမာ ၀တ္ထုကြီးထဲမှာ သခင်စိုးက သခင်အောင်ဆန်းကို လှောင်ပုံလေးကို ထည့်ရေးခဲ့သေးတယ်။
ကဲ---ဒီတော့မင်းတို့ကို မေးချင်တာက--
အင်္ဂလိပ်စာကို ဘာကြောင့်ဖတ်တတ်ချင်တာလဲ။ ဘယ်လိုစာမျိုးတွေကို ဖတ်ချင်တာလဲ။ ဖတ်ကြည့်ဖူးသလား။ ဘယ်လောက်များများ ဖတ်ပြီးပြီလဲ။ အင်္ဂလိပ်စကားပြောတတ်ချင်တယ်။ ဘယ်သူနဲ့ပြောချင်တာလဲ။ ဘာအကြောင်းပြောချင်တာလဲ။ ဗေဒင်လက္ခဏာဟောမှာလား။ ခရီးသွားလမ်းညွန်လုပ်မှာလား။ အဲဒါတွေကို အင်္ဂလိပ်လို ဖတ်ဖူးသလား။ ဘယ်လောက်များများ ဖတ်ဖူးသလဲ။ မင်းတို့ကိုယ် မင်းတို့ မေးကြည့်ဖို့ အခြေခံမေးခွန်းလေးတွေကို မေးလိုက်ရတာပါ။ ဒီမေးခွန်းတွေကို ဖတ်လိုက်ရလို့ အောင့်သက်သက်ဖြစ်နေရင်လဲ သည်းခံကြတော့ကွာ။ မင်းတို့ကို သွေးကြောလေကြောပွင့်လာအောင် အပူထုတ်ပေးလိုက်တာပါ။
ဆက်ဦးမှထင်ပါရဲ့။
**********************************************************************
ဝန်ခံချက်၊၊၊၊၊၊၊၊၊ဤဆောင်းပါးကို ဈေးကွက်ဆိုဒ်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment