Monday, December 3, 2007

မျက်စိကိုဖွင့် နားကိုစွင့်

လူထုစိန်ဝင်း

နိုင်ငံခြား ပညာသင်သွားလိုသူ များအတွက် အကျိုးဆောင်လုပ်ပေး နေတဲ့ကုမ္ပဏီများရဲ့တာဝန်မကျေမှု ကြောင့် ကျောင်းသားလူငယ်လေး တွေ ငွေကုန်လူပန်းဖြစ်ရတယ်ဆိုတဲ့ အကြောင်း ဂျာနယ်တစ်ခုကရေးထား တာကိုဖတ်လိုက်ရပါတယ်။ ဒီသတင်း မျိုးဖတ်ရတာ ဒီတစ်ကြိမ်တင်မကပါ ဘူး။ သုံးလေးကြိမ်လောက်ရှိနေပါပြီ။

ဝန်ဆောင်မှုညံ့

နှစ်ပေါင်းနှစ်ဆယ်ကျော် အင်္ဂလိပ်စကားပြောသင်တဲ့ဆရာလုပ် ခဲ့ပြီး ပညာတတ်လူငယ်လေးတွေနဲ့ လက်ပွန်းတတီးရှိခဲ့လေတော့ ပွဲစား မျိုးစုံရဲ့အလိမ်ခံရတဲ့ကိစ္စမျိုးစုံကိုလည်း တော်တော်လေး ထဲထဲဝင်ဝင်သိခဲ့ပါ တယ်။ နိုင်ငံခြားအလုပ်အကိုင်ကိစ္စမျိုး တွေလောက် အလိမ်အညာတွေမများ ပေမဲ့ပညာသင်ကြားရေးကိစ္စမှာလည်း အလိမ်အညာတချို့ရှိပါတယ်။ ပညာ ရေးကိစ္စမှာ အဆင်မပြေဖြစ်ရတာဟာ အများစုကလိမ်ညာမှုထက် ဝန်ဆောင် မှုညံ့ဖျင်းမှုနဲ့ တစ်နပ်စားဉာဏ်နဲ့ ပြီးပြီး ရောလုပ်တတ်မှုတို့ကြောင့်ဖြစ်ပါတယ်။

ရေရှည်မကြည့်

စီးပွားရေးကို လွတ်လွတ်လပ် လပ်လုပ်တဲ့အတွေ့အကြုံကနည်းပြီး ဖောက်သည်ကို စိတ်ချမ်းသာအောင် လုပ်ပေးတဲ့ဝန်ဆောင်မှုပိုင်းမှာ အင် မတန်မှအားနည်းကြပါတယ်။ ဖောက် သည်ဟာ ကိုယ့်ဆိုင်ထဲက ထွက်သွား ပြီးရင် ပြီးရောလို့သဘောထားကြပါ တယ်။ရေရှည်အတွက် ထည့်မစဉ်းစား ကြပါဘူး။ သူများနိုင်ငံတွေမှာ ပစ္စည်း တစ်ခုခု၊ အထူးသဖြင့် စက်ပစ္စည်း တစ်ခုခုဝယ်ရင် တစ်ပတ်၊ ဆယ်ရက် သုံးကြည့်၊ မကြိုက်ရင် ပြန်လဲပါလို့ တောင် ကြော်ငြာပြီးရောင်းပါတယ်။ မော်တော်ကားလို တန်ဖိုးကြီးပစ္စည်း တောင်မကြိုက်ရင်ပြန်လဲလို့ရပါတယ်။ ဒီမှာတော့ တချို့စတိုးဆိုင်ကြီးများမှာ ‘ဝယ်ပြီးပစ္စည်း ပြန်မလဲပါ’ လို့တောင် ဆိုင်းဘုတ်ကပ်ထားကြပါတယ်။

နားလည်ဖို့ခက်

ကိုယ်တွေ့ဖြစ်ရပ်တစ်ခုပြောပါ မယ်။ သမီးဖြစ်သူက အဖေကိုမပြော ဘဲ အဖေကြည့်ရအောင် ကြည့်လို့ ရတဲ့စက်တစ်မျိုးသွားဝယ်ပါတယ်။ တစ်ရက်၊ နှစ်ရက်ကြာတော့ ဝယ်ပြီး သားစနစ်ထက် လိုင်းတွေ ပိုများတဲ့ စနစ်တစ်ခုပြောင်းဝယ်ဖို့ ဝယ်တဲ့ဆိုင် ကို ဖုန်းဆက်ပြောပါတယ်။ လိုင်းတွေ ရိုက်ထည့်ပြီးဖြစ်လို့ ခုပြောင်းလို့မရဘူး၊ နောက်သုံးလကြာမှ ပြောင်းပါလို့ ပြောပါတယ်။ ပိုများတဲ့လိုင်းပြောင်း ရင် ပိုက်ဆံပိုပေးရမှာပါ။ ဝယ်သူက ပိုက်ဆံပိုပေးပြီး ပြောင်းမယ်ဆိုတာ တောင်ပြောင်း မပေးဘူးဆိုတာ နား လည်ဖို့တော်တော်ခက်ပါတယ်။ အဲဒါ ဝယ်ပြီး နှစ်ရက်အကြာမှာပါ။

ပိတ်ဖွင့် ပိတ်ဖွင့်

ဝယ်ပြီး တစ်ပတ်ကြာတော့ စက် ကဖောက်ပါတယ်။ ဖွင့်ပြီးကြည့်နေ ရင်းက ၁ဝမိနစ်လောက်ကြာတော့ လိုင်းအားလုံးပျောက်သွားပါတယ်။ စက်ကိုပိတ်ပြီး ခဏနေ ပြန်ဖွင့်တော့ ပြန်လာပါတယ်။ နောက် ဆယ်မိနစ် လောက်ကြာတော့ ပြန်ပျောက်သွား ပြန်ပါတယ်။ စောစောကလိုပဲ ပိတ်ပြီး ပြန်ဖွင့်တော့ ပြန်လာ၊ နောက် ပြန် ပျောက်၊ ပြန်ပိတ်၊ ပြန်ဖွင့်၊ ပြန်လာ ဒီလိုပဲ ဆက်ဖြစ်နေပါတယ်။ စက်ဝယ် ပြီး တစ်ပတ်အကြာမှာ ဝယ်တဲ့ဆိုင်ကို ဖုန်းဆက်တော့ ဆားဗစ်စင်တာသွား ပြပါလို့ပြောပါတယ်။ ဆားဗစ်စင်တာ က ချက်ချင်းပြင်ပေးမှာလားမေးတော့ ချက်ချင်းတော့ပြင်မပေးနိုင်ဘူး၊ ဘာ ဖြစ်တာလဲ စစ်ဆေးကြည့်ရမှာမို့ ကြာ မယ်လို့ပြန်ဖြေလိုက်ပါတယ်။ သူများ နိုင်ငံတွေက ‘မကြိုက်ရင် ပြန်လာလဲ ပါ’ ဆိုတဲ့ ကြော်ငြာတွေကိုပဲ ပြေးပြီး သတိရလိုက်မိပါတယ်။

ဖောက်သည် စိတ်ချမ်းသာဖို့

ဘောလုံးရာသီအစဆိုတော့ အသင်းတွေရဲ့ခြေကို မျက်ခြည်မပြတ် အကဲခတ်ချင်တာကြောင့် စက်ကိုသွား မပို့ဖြစ်သေးပါဘူး။ ‘ပိတ်-ဖွင့်’ ‘ပိတ်- ဖွင့်’ ဒုက္ခကိုပဲသည်းခံပြီး ဆက်ကြည့် နေဖြစ်ပါသေးတယ်။ ခြေစမ်းပွဲ၊ ခြေ စစ်ပွဲတွေကဆက်တိုက်ရှိနေသေးတာ ကိုး။ ကျွန်တော်တို့စီးပွားရေးသမား တွေ၊ လုပ်ငန်းရှင်တွေဟာ ဖောက် သည်ကိုစိတ်ချမ်းသာအောင်လုပ်ပေး တဲ့ဝန်ဆောင်မှုပိုင်းမှာအများကြီးကို အားနည်းနေပါသေးလားလို့ပဲစိတ်ထဲ မှာ တွေးနေမိပါတယ်။

မျက်စိမှိတ် မယုံနဲ့

ဒါက ကိစ္စမရှိဘူး။ စက်ပစ္စည်း တစ်ခုပဲ။ မကောင်းလို့ လွှင့်ပစ်လိုက်ရ လည်း ဘာမှမဖြစ်ဘူး။ ပညာရေးကိစ္စ နဲ့နိုင်ငံခြား သွားတာမျိုးကျတော့ ပြီး ပြီးရော သဘောထားပြီး လျစ်လျူရှု လိုက်လို့ ဘယ်ဖြစ်မှာလဲ။ ပိုက်ဆံတွေ အများကြီးကုန်ကျထားရရုံမျှမက လူ ငယ်လေးတစ်ယောက်ရဲ့ဘဝတစ်ခုလုံး ပြောင်းသွားနိုင်တယ်။ အညွန့်ကျိုး သွားနိုင်တယ်လေ။ အဲဒီတော့ လူငယ် တွေကိုရော၊ မိဘတွေကိုပါ ကြားပွဲစား ပြောသမျှ မျက်စိစုံမှိတ်ပြီးမယုံကြပါနဲ့။ မိမိတို့ကိုယ်တိုင်လည်း မျက်စိကိုဖွင့် နားကိုစွင့်ပြီး လေ့လာကြပါ၊ ပတ်ဝန်း ကျင်ကိုလေ့လာကြပါလို့အကြံပြုချင် ပါတယ်။

မျက်စိဖွင့် နားစွင့်

ဒီအင်တာနက်ခေတ်မှာ မျက်စိ ကိုဖွင့် နားကိုစွင့်လုပ်ထားရင် ကြားပွဲ စားအားကိုးနေစရာတောင်မလိုပါဘူး။ အင်တာနက်ကနေပြီး ကမ္ဘာတစ်ခုလုံး ရှိတက္ကသိုလ်၊ကောလိပ်တွေအကြောင်း၊ စကောလားရှစ်တွေအကြောင်း စုံစမ်း လေ့လာသိရှိနိုင်ပါတယ်။ ‘အွန်လိုင်း’ ကနေပြီး ကျောင်းဝင်ခွင့်လျှောက်လွှာ တင်နိုင်ပါတယ်။ အရေးကြီးတာက မျက်စိဖွင့်ထား နားစွင့်ထားဖို့သာဖြစ် တယ်။ မျက်စိပိတ်၊ နားပိတ်နေရင် တော့ အလိမ်ခံရမှာပဲ။

ရေရေရာရာမသိ

ဒီနေ့ မြန်မာလူငယ်တွေကြားမှာ စင်ကာပူသွား ကျောင်းတက်တာ တော်တော်ရေပန်းစားနေတယ်။ ဒါ ကောင်းတဲ့အချက်ဖြစ်တယ်။ ‘အိုက် တိုးပဂေးဆန်’ သွားလုပ်တာမဟုတ်ဘဲ ပညာယူဖို့ ကျောင်းသွားတက်တာကို အားပေးရမယ်။ ကူညီရမယ်။ ဒါပေမဲ့ မကောင်းတာလည်းရှိတယ်။ ကျောင်း သွားတက်ချင်ကြတဲ့လူငယ်လေးတွေ ထဲမှာ ဆယ်တန်းအောင်ပြီးစ ကလေး တွေပါသလို ဘွဲ့ရပြီး လူငယ်အင်ဂျင် နီယာလေးတွေ၊ ဆရာဝန်လေးတွေ လည်းပါတယ်။ သူတို့အားလုံးမှာတူညီ တဲ့အချက်တစ်ခုရှိတယ်။ ကိုယ်ဘာဖြစ် ချင်လို့ ဘာသင်မှာလဲဆိုတာ ရေရေ ရာရာသိမနေကြခြင်းဖြစ်တယ်။မြန်မာ ပြည်က ဘီအီးအင်ဂျင်နီယာဘွဲ့ရပြီးမှ ဂျီတီအိုင်လို ‘ပိုလီ’ ကျောင်းသွားကြ တာမျိုးတွေ အများကြီးရှိတယ်။ မျက်စိ သာဖွင့်ပြီး နားကိုစွင့်ထားရင် ဟိုက NUS လို၊ NTU လို တက္ကသိုလ်ကြီး တွေမှာ ME လို၊ MSc လို မဟာဘွဲ့ တန်းတွေတက်ခွင့်လျှောက်နိုင်တယ် ဆိုတာသိမှာပေါ့။

အလုပ်ရဖို့ အဓိက

ဆရာဝန်ကလည်း ဟိုမှာ လူထု ကျန်းမာရေးမဟာဘွဲ့၊ အပူပိုင်းဒေသ ဆေးပညာမဟာဘွဲ့ ဒါမှမဟုတ် ဒီပလိုမာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆေးပညာစတဲ့စတဲ့ မဟာတန်းတွေ၊ ဘွဲ့လွန်ဒီပလိုမာတန်းတွေလျှောက်နိုင် ပါလျက်နဲ့ လေ့လာမှုမရှိလေတော့ ဘာမဆိုင် ဘာမဆိုင် လူပြောများတဲ့ MBA တို့၊ ACCA တို့လို သင်တန်းတွေ တက်ပြီး အချိန်ဖြုန်းသလိုဖြစ်နေကြ ရော။ သူတို့ကျောင်းသွားတက်ကြတာ က ဟိုမှာကျောင်းပြီးရင် အလုပ် လျှောက်၊ EP တို့၊ SP တို့ရ၊ နောက် တော့ PR ရ၊ နောက်တော့ Citizen လျှောက်ဆိုတာလောက်ပဲမျှော်မှန်း ထားကြတာ။ ပညာတတ်ဖို့ထက် အလုပ်ရဖို့ကိုသာ အဓိကထားနေကြ တာ။ ပညာတတ်ပြီး ကိုယ့်ပညာရပ် နယ်ပယ်မှာ တစ်ခု၊ တစ်ကောင်၊ တစ် ယောက်ဆိုသလို လူတစ်လုံး သူတစ် လုံးဖြစ်ချင်ရင်တော့ အထက်ကပြော ခဲ့တဲ့စိတ်ဓာတ်မျိုးတွေ ခဝါချပစ်ဖို့လို ပါတယ်။ မျက်စိဖွင့်ပြီး နားကိုစွင့်ထား ကြစမ်းပါ။

No comments: