တရုတ်နိုင်ငံ၏ MBA ကို ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၄၃ခုနှစ်တွင် Business School of Chicago University မှ ပထမဆုံးစတင်ခဲ့သည့် EMBA ကိုမူ MBA နောက် ၁ဝနှစ်ကြာကာလမှ တရုတ်နိုင်ငံတွင် တရားဝင်စတင်နိုင်ခဲ့ သည်။ EMBA အစီအစဉ်များကိုကိုင်တွယ် ရန် အဆင့်မြင့်ပညာရေးအဖွဲ့အစည်း၃ဝ အား ခွင့်ပြုခဲ့သည်။
‘တရုတ်ရဲ့ EMBA အစီအစဉ် များကို အမေရိကမှ တိုက်ရိုက်ကူးယူလို့မရနိုင်ပါ ဘူး။ ဘာကြောင့်ဆိုတော့ အဲဒီမှာက EMBA ပညာရေးစနစ်က MBA နှင့် အများအားဖြင့်တူနေလို့ဖြစ်ပါတယ်’ ဟု ဆင်ဟွာတက္ကသိုလ်စီးပွားရေးနှင့်စီမံခန့်ခွဲ ရေးပညာသင်ကျောင်းမှ EMBA အစီအစဉ် ညွှန်ကြားရေးမှူး ပါမောက္ခလောင်လီက ပြောပါသည်။
တရုတ်နိုင်ငံ၏ EMBA အစီအစဉ်ကို အဆင့်မြင့်မြင့်မှစတင်နိုင်ခဲ့ခြင်းမဟုတ်။ သို့သော် မူရင်းပညာရပ်များကို ငှားယူ လာပြီး နိုင်ငံနှင့်လိုက်ဖက်အောင် ပြုပြင် သင်ကြားခြင်းဖြစ်သည်။ ‘အစပထမမှာ တော့ ဘယ်လိုလုပ်ရမလဲဆိုတာ ဘာမှ မသိဘူးဖြစ်နေတယ်။ ဒါကြောင့် အချိန် အတော်ကြာအထိ အခြားဆီကနေ အတု ယူ နည်းနာခံယူရတယ်’ ဟူ၍ ဆင်ဟွာ တက္ကသိုလ်၊ စီးပွားရေးနှင့်စီမံခန့်ခွဲရေး ပညာသင်ကျောင်းမှ EMBA အစီအစဉ် လက်ထောက်ညွှန်ကြားရေးမှူး ဒီရူပင်က ဆိုသည်။ သို့သော် EMBA အစီအစဉ် များကို စီစဉ်ရေးဆွဲရာမှာနှင့်သင်ကြားရာ မှာ အတိုးတက်ဆုံးနိုင်ငံတကာEMBA ပညာရေးနောက်သို့ တစ်ချိန်လုံးလိုက်နေ ရသည်ဟု ဒီရူပင်ကရှင်းပြသည်။
ဆင်ဟွာတက္ကသိုလ်မှEMBA သင် ကြားရေးဆရာအဖွဲ့က နိုင်ငံခြားမှ ပညာ သင်ယူလာသူများဖြစ်၍ နိုင်ငံတကာ အဆင့်မီကြောင်း၊ EMBA ပညာသင်ကြား ရေးကိုကုမ္ပဏီတစ်ခုအား စီမံကွပ်ကဲ သကဲ့သို့ဆောင်ရွက်ကြောင်း၊ နိုင်ငံ တကာစံချိန်များနှင့်အညီ သင်ကြားနိုင် ကြောင်း ဒီရူပင်က ပြောပါသည်။
သင်တန်းကျောင်းဘက်မှအမြင်
EMBA သင်တန်းကို နိုင်ငံ့အခြေ အနေနှင့်လိုက်လျောညီထွေရှိစေရန် လိုအပ်ပုံနှင့်ပတ်သက်၍ ဒီရူပင်က သည်သို့ပြောကြားသည်။ ‘နိုင်ငံခြားမှ အတွေ့အကြုံများကိုရယူပြီး သင်တန်းကို နိုင်ငံ့အခြေအနေနှင့်အံဝင်ခွင်ကျ ဖြစ် အောင် ပြုပြင်သင်ကြားမပေးနိုင်ရင် နိုင်ငံ တွင်းရှိ တကယ့်စီးပွားရေးလုပ်ငန်းအခြေ အနေနှင့်အံချော်နေမှာပဲဖြစ်တယ်’။ သူက ပင်ဆက်ပြီး တခြားဆီကနေ နည်းနာခံယူ ခြင်းကကောင်းပါ၏။ သို့သော် တခြားမှ ရရှိသည့်အတွေ့အကြုံနှင့်သင်တန်းစာ များမှာ တရုတ်နိုင်ငံတွင်းရှိ ပကတိအရှိ တရားနှင့်အလှမ်းကွာနေတတ်ပါသည်။အကြောင်းမှာ တရုတ်နိုင်ငံမှာ စီးပွားရေး အသွင် ကူးပြောင်းကာလအတွင်း ရောက် ရှိနေ၍ ပြဿနာအများအပြားမှာ တစ်မူ ထူးခြားမှုရှိနိုင်ပါသည်။ ယင်းအချက် ကြောင့် သင်တန်းဆရာများအားနိုင်ငံ တွင်းပြဿနာများနှင့်သင်တန်းသားများ အုပ်ချုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီများမှ အတွေ့အကြုံများကို ထုတ်နုတ်လေ့လာ ရန်တိုက်တွန်းသည်။ သင်တန်းဆရာများ ကလည်း နိုင်ငံခြားအတွေ့အကြုံနှင့်ပြည် တွင်းဖြစ်ရပ်အကြား တဖြည်းဖြည်းနှင့် ချိန်ညှိလာနိုင်ပြီဖြစ်ကြောင်း ဒီရူပင်က မှတ်ချက်ပြုသည်။
အမေရိကတွင် EMBAသင်တန်းသား များမှာအများအားဖြင့် အလယ်အလတ် အဆင့်ရှိ မန်နေဂျာများဖြစ်သည်။ တရုတ် နိုင်ငံတွင် EMBA သင်တန်းသားအများစု မှာကုမ္ပဏီဦးဆောင်သူများနှင့် ဆုံးဖြတ် ချက်ချနိုင်သူများဖြစ်သည်။ တစ်နည်း အားဖြင့် ထိုကုမ္ပဏီ ‘ဘော့စ်’များဟုပြော နိုင်သည်။ ယင်းအချက်ကြောင့် သင်တန်း သားများက မဟာဗျူဟာ(strategy) အပိုင်းကို ပိုပြီးဂရုစိုက်သည်။ သင်ရိုး ညွှန်းတမ်းများကိုလည်း ခေါင်းဆောင်မှု အရည်အသွေးနှင့် ဆုံးဖြတ်ချက်ချမှတ် သည့်စွမ်းရည်များ ပိုမိုမြင့်မားရေးသင်ခန်း စာများ ပို့ချနိုင်ရေးဘက်သို့ဦးတည်ရေး ဆွဲထားတတ်ကြသည်။
သင်တန်းသားများဘက်မှအမြင်
EMBA သင်တန်းသို့တက်ရောက် လာကြသူများမှာ များသောအားဖြင့် ဘိဇနက်လုပ်ငန်းရှင်များဖြစ်ကြရာ ရည် ရွယ်ချက်အမျိုးမျိုးရှိသည်ကိုတွေ့ရသည်။သင်တန်းသားတစ်ဦးက ‘ကျွန်တော့်ဘိဇ နက် ဘာကြောင့် မအောင်မြင်သလဲဆို တာ ကျွန်တော်သိချင်လို့ပါ’ ဟုအသက် ၄၇နှစ်အရွယ်သင်တန်းသားတစ်ဦးကဆို သည်။ နောက်တစ်ဦးက ‘ကျွန်တော့် ကုမ္ပဏီကို စီမံကွပ်ကဲရတာ ပြဿနာကြီး ထွားလာနေမှန်းခံစားမိတယ်။ ဒါကြောင့် EMBA သင်တန်းတက်ဖို့ဆုံးဖြတ်ရတာပါ’ ဟုဆိုသည်။
‘EMBA သင်တန်းများကနေပြီး ကျွန်တော်ကဗျူဟာမြောက်စီမံကွပ်ကဲ မှုစဉ်းစားတွေးခေါ်ပုံနှင့်ကမ္ဘာအမြင် အသိ ရလိုတာပါ’ ဟု အတွင်းမွန်ဂိုးလီးယားမှ ကုမ္ပဏီတစ်ခု၏ဒုတိယအမှုဆောင်ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ သင်တန်းသားက ပြော သည်။ ‘ကျွန်တော်တို့ကုမ္ပဏီကို ကမ္ဘာ့ ဈေးကွက်စစ်သလင်းထဲ ရောက်လိုတယ် ဆိုရင် ကုမ္ပဏီရဲ့အတွေ့အကြုံဟောင်း တွေအပေါ်မှာချည်း အမှီသဟဲမပြုဘဲ ကောင်းစွာသင်ယူလေ့ကျင့်မှုရရှိထားတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံတကာမှ ပြိုင်ဘက် များကိုရင်ဆိုင်ရာမှာ ကျွန်တော်တို့ တစ်တွေက ပရော်ဖက်ရှင်နယ်များ ဖြစ်ရ ပါမယ်’။ ဒါက အားကစားပစ္စည်းဘက် တွင်ရှေ့ဆောင်အမှတ်တံဆိပ်ဖြစ်လာ သည့် အားကစားပစ္စည်းကုမ္ပဏီ၏ ပိုင်ရှင်၊ ကျွမ်းဘားအားကစားသမားတစ်ဖြစ်လဲ လီနင်းကပြောခြင်းဖြစ်ပါသည်။ ကုမ္ပဏီ၏ ခေါင်းဆောင်ဟူသည် ဦးစွာသင်ယူသူဖြစ် ရပါမည်ဟု သူကပြောသည်။
EMBAသင်တန်းများ ပေါ်ပြူလာဖြစ်
နိုင်ငံတစ်ဝန်းရှိ EMBA သင်တန်း ကျောင်းများ၏သင်တန်းကြေးမှာ ယွမ်ငွေ ၂ဝဝဝဝဝ နီးပါးရှိသည်။ ယင်းသင်တန်း ကျောင်းများအားလုံးလိုလိုသည် ဗဟုသုတ ရှာကြံလိုသည့် ဘိဇနက်လုပ်ငန်းရှင် သင်တန်းသားများနှင့်ပြည့်နှက်နေသည်။ တရုတ်နိုင်ငံ၏စွန့်ဦးတီထွင်လုပ်ငန်းရှင် အများအပြားမှာ စီမံကိန်းစီးပွားရေးစနစ် ကာလအတွင်း ကြီးပြင်းလာသူများဖြစ် သည်။ ၎င်းတို့တွင် ဈေးကွက်စီးပွားရေး စနစ်နှင့်ပတ်သက်သည့် ပရော်ဖက်ရှင်နယ် ဆန်ဆန် စီမံကွပ်ကဲခြင်းပညာရပ်မျိုးကို သင်ယူဖူးခြင်းမရှိခဲ့ချေ။ ယင်းလုပ်ငန်းရှင် တို့၏အောင်မြင်မှုမှာ များသောအားဖြင့် အခွင့်အလမ်းရရှိမှုနှင့်ဈေးကွက်အပေါ် ၎င်းတို့၏ဝမ်းတွင်းသိ မှန်ကန်သည့်ဆုံး ဖြတ်ချက်ချနိုင်သည့်အတွက်ဖြစ်သည်။ သူတို့ တွင် သီအိုရီသဘောတရားနှင့်ပရော် ဖက်ရှင်နယ်မျိုးကျွမ်းကျင်မှုလိုအပ်သည်။
ထို့ပြင် သင်တန်းသားများက တရုတ် စီးပွားရေး၊ ကုမ္ပဏီစီမံအုပ်ချုပ်မှုနှင့်နိုင်ငံ တကာဈေးကွက်တွင် ကျွမ်းကျင်လိမ္မာလို သည်။ သတ္တိရှိရုံ၊ အမြင်စူးရှထက်မြက်ရုံ နှင့်မလုံလောက်တော့မှန်း ကုမ္ပဏီဘော့စ် များကသိလာကြသည့်အတွက် ၎င်းတို့၏ အသိပညာအဆင့်အတန်းကို အဆော တလျင် မြှင့်တင်လိုကြသည်။
နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်း
တရုတ်နိုင်ငံတွင် EMBA စတင် သည့်အချိန်မှစပြီး အမေရိကန်မှလုပ်ငန်း တူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်လာခဲ့သည်။ ဘေဂျင်းအခြေ စိုက် ဆင်ဟွာတက္ကသိုလ်သည် ဘိဇနက် စီမံကွပ်ကဲမှုသိပ္ပံကိုလေ့လာရန် အစောဆုံး ကျောင်းများထဲမှ ကျောင်းတစ်ကျောင်း အနေနှင့်အမေရိကန်မှနာမည်ကြီးမက်ဆာ ချူးဆက်နည်းပညာတက္ကသိုလ်(MIT)နှင့် ဟားဗတ်ဘိဇနက်ကျောင်းတို့နှင့်ပူးတွဲပြီး သင်ခန်းစာများရေးဆွဲခဲ့သည်။ ယခုနှစ် ဇွန်လမှစပြီး ဆင်ဟွာသည် နိုင်ငံတကာ ချီးကျူးဂုဏ်ပြုမှုရရှိထားသည့် INSEAD နှင့်ပူးပေါင်းမှာဖြစ်ပြီး EMBA အစီအစဉ် သစ်တစ်ရပ်ကိုစတင်မှာဖြစ်သည်။ INSE-AD ဟူသည် ကမ္ဘာ့ရှေ့ဆောင် ဘိဇနက် ကျောင်းများမှကျောင်းတစ်ကျောင်းအဖြစ် အသိအမှတ်ပြုခံရပြီး ၎င်းကို ၁၉၅၇ခုနှစ် တွင် တည်ထောင်ခဲ့သည်။
ယင်းEMBA အစီအစဉ်သစ်သည် တရုတ်နှင့် အခြားနိုင်ငံတစ်ခုပူးတွဲပြီး ပထမ ဆုံးစတင်သည့်အစီအစဉ်ပဲဖြစ်သည်။ သင်တန်းဆရာများမှ သင်တန်းသင်ခန်းစာ ရေးဆွဲရေးအထိ နှစ်နိုင်ငံမှ ညီတူမျှတူပါဝင် မှာဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှာ သင်တန်း သားများလာရောက်သင်ယူနိုင်မည်။ ဘေ ဂျင်း၊ ရှန်ဟိုင်း၊ စင်ကာပူနှင့် Fontaine-bleau တို့တွင် သင်တန်းကျောင်းများထား ရှိမှာဖြစ်သည်။ အောင်မြင်သူ သင်တန်း သားများကို ကျောင်းနှစ်ကျောင်းစလုံးက အသိအမှတ်ပြုသည့် EMBA ဘွဲ့အပ်နှင်း မှာဖြစ်သည်။
တရုတ်နိုင်ငံ၏ EMBA အစီအစဉ်၏ နောက်တစ်ဆင့်မှာ ပိုပြီးတစ်ပြေးညီဖြစ် အောင် စံသတ်မှတ်ခြင်းနှင့် ပိုပြီးနိုင်ငံ တကာအဆင့်ရောက်ရန် ဆောင်ရွက်ရေး ပင်ဖြစ်ကြောင်း၊ တရုတ်EMBA ပညာရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန်မှာ အချိန်ယူ ရမှာဖြစ်ပြီး မှန်မှန်ကြိုးစားသွားရမှာဖြစ် ကြောင်း၊ အလားအလာမှာကောင်းသော် လည်း ရှေ့လျှောက်ရမည့်လမ်းမှာ အစဉ် ချောမွေ့သည်တော့မဟုတ်ကြောင်း ဒီရူ ပင်က ပြောပါသည်။
No comments:
Post a Comment