Saturday, December 8, 2007

ဂျပန်နိုင်ငံ၏လက်လီအရောင်းလုပ်ငန်း တော်လှန်ပြောင်းလဲမှုကြီး

ဦးလှမြင့်(မားကက်တင်း)
အချိန်မရွေး ဝယ်ယူနိုင်သည့် ကုန်မျိုးစုံဆိုင်(convenicence store)သည် ယခုအခါ ဂျပန်နိုင်ငံတွင် အရေးအကြီးဆုံး လက်လီအရောင်း လုပ်ငန်းပုံစံများတွင် တစ်ခုဖြစ်လို့နေ သည်။ ၂၄နာရီဖွင့်လှစ်သည့် ယင်း စတိုးဆိုင်မျိုးမှာ နိုင်ငံတစ်နံတစ်လျား တွင် နေရာတိုင်းမှာလိုတွေ့မြင်နိုင် သည်။ ယင်းဆိုင်များတွင် အစားအစာ နှင့်နေ့စဉ်သုံးပစ္စည်းများကိုရောင်းချ သည်။ သို့သော် ယင်းတို့ကပေးသည့် ဝန်ဆောင်မှုမှာ အချိန်နှင့်အမျှကျယ် ပြန့်လျက်ရှိသည်။ ယခုအခါ ယင်းဝန် ဆောင်မှုများထဲတွင် မိတ္တူကူးခြင်း၊ Fax ပေးပို့ခြင်း၊ လျှပ်စစ်၊ ရေမီတာ ကြေးများကို ဆောင်ပေးခြင်း၊ အင်တာ နက်မှဈေးဝယ်ခြင်းနှင့်ဘဏ်မှအလို အလျောက်ငွေထုတ်စက်များ(ATMS) ပါဝင်သည်။

ဂျပန်တွင် ကုန်မျိုးစုံဆိုင်များကို စတင်လုပ်ကိုင်သူမှာ Seven-Eleven (ယခုအခါ 7-Eleven ဟုခေါ်သည်) ဖြစ်သည်။ ယခုအခါ 7-Eleven သည် နိုင်ငံ၏အကြီးဆုံးလက်လီ အရောင်းလုပ်ငန်းဖြစ်နေသည်။ နှစ် စဉ်ရောင်းရငွေမှာ ယန်းငွေ ၂ဒသမ ၄ ထရီလျံ(၁ ထရီလျံ = ၁ဝဝဝ ဘီလျံ) ရှိသည်။ တစ်နိုင်ငံလုံးတွင် ၁၁၅၇၄ ဆိုင်ရှိသည်။

တကယ်တမ်းအားဖြင့် ကုန်မျိုးစုံ ဆိုင်၏မူလဘူတမှာ အမေရိကန်နိုင်ငံ ဖြစ်သည်။၁၉၂၇ခုနှစ်တွင် တက္ကဆပ်စ် ဆင်ခြေဖုံးရှိ ရေခဲဆိုင်သေးသေးလေး တစ်ခုမှ စတင်ခြင်းဖြစ်သည်။ ဖောက် သည်များကိုဆွဲဆောင်ရန် အပိုဝင် ဆောင်မှုအနေနှင့်ယင်းဆိုင်က ဥများ၊ ပေါင်မုန့်၊ နွားနို့နှင့်အခြားလိုအပ် ပစ္စည်းများကိုသိုလှောင်ရောင်းချပေး သည်။ ယင်းသဘောတရားမှာအကြီး အကျယ်အောင်မြင်မှုရရှိခဲ့သည့် အတွက် ဆိုင်အုပ်စုခွဲအများအပြားဖွင့် လှစ်လာရသည်။ မူလက ယင်းဆိုင် များကို နံနက် ၇နာရီမှ ည ၁၁နာရီ အထိ ဖွင့်လှစ်သည်။ နောက်ပိုင်းတွင် ၂၄နာရီလုံးလုံးဖွင့်သည့်ဆိုင်များအဖြစ် အဆင့်တက်သွားသည်။

ဂျပန်က ကုန်မျိုးစုံဆိုင်လုပ်ငန်း အောင်မြင်မှုကို သတိပြုမိသည်။ သို့ နှင့် 7-Eleven franchise ကိုပိုင် သည့် အမေရိကန်ကုမ္ပဏီ South-field Corporation (ယခု 7-Eleven Inc အမည်ပေါက်သည်)နှင့် ပူးပေါင်းပြီး ပထမဆုံး ဂျပန်၏ Seven-Eleven စတိုးဆိုင်ကို တိုကျို မြို့တွင် ၁၉၇၄ခုနှစ်၌ ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်က အမေရိကန်လက်လီ အရောင်းလုပ်ငန်းမော်ဒယ်ကိုယူထား သည့်ယင်းဆိုင်မှာ ဂျပန်တွင်ကျဆုံး လိမ့်မည်ဟု လူအများကထင်ကြေးပေး ကြသည်။ သို့သော် Seven-Eleven ၏ အံ့ဘွယ်ဘနန်းအောင်မြင်မှုက သူတို့မှားယွင်းကြောင်း သက်သေပြ လိုက်သည်။

ဆိုင်ခွဲများပါသည့် အုပ်စုကြီးမှာ ဂျပန်စတိုင်လုပ်နည်းလုပ်ဟန်ကြောင့် ပိုမိုကြီးထွားအောင်မြင်ရသည်။ US တွင် ယင်းစတိုးဆိုင်များကို စီမံကွပ်ကဲ လုပ်ဆောင်ပုံနှင့်ဂျပန်တွင်လုပ်ကိုင်ပုံ အလွန်ခြားနားသည်။ ဥပမာတစ်ခု အနေနှင့်ပြရမည်ဆိုလျှင် ဒေသတစ်ခု တွင် ဆိုင်သစ်အများအပြားကိုစုပြုံဖွင့် လှစ်ခြင်းပင်။ ယင်းသို့ဖွင့်လိုက်ခြင်းဖြင့် ဆိုင်တစ်ဆိုင်၏အရောင်းအဝယ်လုပ် ငန်းက ဧရိယာအတော်ကျဉ်းသွား သည်။ အမည်တစ်မျိုးတည်းရှိသည့် ဆိုင်များ ဒေသတစ်ခုတွင်စုဝေးရှိနေ စေသည်။ ယင်း၏အကျိုးကျေးဇူးမှာ ဆိုင်၏အမည်ကိုစားသုံးသူတို့ကပိုမို ကျွမ်းဝင်ရင်းနှီးမှုရှိစေခြင်းပင်။ ပစ္စည်း ပေးသွင်းသူများအဖို့ ထောက်ပံ့ရေး လမ်းကြောင်းနီးပြီး ပိုမိုလွယ်ကူသည့် အတွက် စတိုးဆိုင်များကပိုမိုလတ် ဆတ်သည့်လယ်ယာထွက်ကုန်များကို သိုလှောင်ထားရှိနိုင်သည်။

ဤသို့ဖြင့် ဂျပန်သည် ကုန်မျိုး စုံဆိုင်များ စီမံကွပ်ကဲမှုတွင် ကျွမ်းကျင် မှုအလျင်အမြန်ရရှိလာသည်။ ၁၉၉ဝ ပြည့်နှစ်တွင် တည်ထောင်ဖက် US ကုမ္ပဏီက ကုမ္ပဏီအတွင်းစီမံကွပ်ကဲ မှုအကျပ်အတည်းနှင့်ကြုံတွေ့လာ သည့်အခါ ဂျပန်ဘက်မှဣနြေ္ဒမပျက် ဆက်လက်လုပ်ကိုင်သွားနိုင်သည်။ ကုမ္ပဏီကိုပြန်လည်ဖွဲ့စည်းတည် ဆောက်ပြီး ဆက်လက်ချီတက်ရာ ၃ နှစ်အတွင်း ယခင်ကလို မော်နိုင်သည့် အခြေအနေသို့ပြန်ရောက်သည်။

ယင်းအခြေအနေမှဆက်လက် ချီတက်လာခဲ့သည့် Seven-Eleven မှာ ဆိုင်ခွဲများစွာရှိသည့်အဓိကအုပ်စု ကြီးဖြစ်လာသည်အထိအောင်မြင်ခဲ့ သည်။ နိုင်ငံ ၁၈နိုင်ငံတွင် ဆိုင်ပေါင်း ၃၁၆ဝဝရှိသည်အထိ ကြီးကျယ်လာ သည်။ ဆက်လက်ပြီးလည်း ကမ္ဘာအနှံ့ တောင်ပံဖြန့်ကြက်လုပ်ငန်းချဲ့ထွင် လျက်ရှိနေသည်။

ယန်း ၁ဝဝ ဆိုင်(100-Yan shop)

နိုင်ငံရပ်ခြားတွင် ကြီးမားသည့် အကျိုးသက်ရောက်မှုရရှိသည့်ဂျပန်၏ နောက်ထပ်လက်လီလုပ်ငန်းပုံစံတစ် မျိုးမှာ ယန်း၁ဝဝဆိုင်များပင်ဖြစ် သည်။ ယင်းစတိုးဆိုင်များက နေ့စဉ် အသုံးအဆောင်ပစ္စည်းများမှသည် ရုံး သုံးစက်ပစ္စည်းများအထိရောင်းချ သည်။ အိတ်အမျိုးမျိုး၊ စာအုပ်များ၊ စီဒီများနှင့်အရာရာတိုင်းနီးပါးကို ယန်း ၁ဝဝဈေးနှုန်းနှင့်ရောင်းချသည်။ ယင်း လုပ်နည်းလုပ်ဟန်သဘောတရားမှာ စားသုံးသူများအကြား ကြီးကြီးမားမား ကို ‘ပေါက်’ သွားသည်။ ကုန်ပဒေသာ တိုက်၊ ဆူပါမားကက်၊ ကုန်မျိုးစုံဆိုင် များ၊ နောက် ယန်း၁ဝဝဆိုင်တို့သည် ယခုအခါ ဂျပန်တွင် စတုတ္ထမြောက် အဓိကလက်လီအရောင်းပုံစံအဖြစ် ရပ်တည်လျက်ရှိသည်။

ယန်း၁ဝဝ ဆိုင်ခွဲများပါသည့် အကြီးဆုံးအုပ်စုကြီးမှာ ‘ဒိုင်ဆို’ (Daiso) ဖြစ်သည်။ ပစ္စည်းအမျိုး အမည် ၁ဝဝဝဝ ခန့်ကို ဆိုင်တင် ရောင်းချသည်။ သည့်အတွက် ရောင်း အားမှာ အထင်ကြီးလေးစားစရာ ယန်းဘီလျံ ၃၂ဝကျော်ရှိသည်။ အမေ ရိကန်ပြည်ထောင်စုမှာ တစ်ဒေါ်လာ ပစ္စည်းရောင်းဆိုင်တွေကလည်း လူသိ များပါသည်။ ထို့အတူ အခြားနိုင်ငံ များမှာလည်း လျှော့ဈေးနှင့်ရောင်း သည်များလည်းရှိကြပါသည်။ သို့သော် အခြားနိုင်ငံရှိ ဆိုင်များနှင့်ဒိုင်ဆိုဆိုင် များအကြား ခြားနားမှုရှိသည်။ ယင်း ခြားနားမှုမှာ အခြားဆိုင်များတွင် များ သောအားဖြင့် အရည်အသွေးညံ့ပြီး ဈေးပေါသည့်ပစ္စည်းများ သိုလှောင် ရောင်းချခြင်းဖြစ်သည်။ ဒိုင်ဆို၏ ၁ဝဝ ယန်းဆိုင်များမှ ပစ္စည်းများမှာ ယန်း ၁ဝဝနှင့် ဝယ်ယူရရှိခြင်းအတွက် စား သုံးသူကအံ့ဩလောက်သည့်ပစ္စည်း မျိုးဖြစ်သည်။ ဈေးချိုသော်လည်း ပစ္စည်းကောင်းသည်။ အရည်အသွေး ကောင်းသည်။ ဤသို့ ရောင်းချနိုင် ခြင်းမှာ ဒိုင်ဆိုကထုတ်လုပ်သူများမှ ပစ္စည်းကိုတစ်ခါမှာလျှင်အရေအတွက် အများကြီးမှာယူသည်။ ထို့ကြောင့် ပစ္စည်းတစ်ယူနစ်အပေါ် ထုတ်လုပ် စရိတ်အများကြီးသက်သာသည်။ လက်ရှိအခြေအနေတွင် ဒိုင်ဆိုသည် ပစ္စည်းများကိုပြည်တွင်းထုတ်လုပ်သူ များထံမှ မှာယူရုံမျှမက နိုင်ငံပေါင်း ၄ဝ နီးပါးရှိ ထုတ်လုပ်သူများထံမှ လည်း မှာယူနေသည်။

ယခုအခါ ဒိုင်ဆိုအမည်ခံဆိုင် များမှာ နိုင်ငံ၁၅နိုင်ငံတွင် ဆိုင် ၄ဝဝ ရှိနေသည်။ စင်ကာပူတွင် ၂ဒေါ်လာ၊ ထိုင်းတွင် ဘတ် ၁ဝဝ၊ ဒူဘိုင်းတွင် ၅ ဒီယာရမ် ဒိုင်ဆိုဆိုင်များရှိနေသည်။ ဂျပန်၏လက်လီရောင်းချရေးသဘော တရားက ကမ္ဘာတစ်ဝန်းစားသောက် ကုန်နှင့်နေ့စဉ်သုံးကုန်စည်များဖြန့်ချိ ရေးတော်လှန်ပြောင်းလဲမှုကိုဖြစ်စေပုံ ရနေကြောင်းပါ။

No comments: