သဘာဝသယံဇာတ ကြွယ်ဝချမ်းသာခြင်းသည် နိုင်ငံတစ်နိုင်ငံအား တိုးတက်မှုလမ်းကြောင်းပေါ်သို့ မောင်းတင်သွားနိုင်ပါသလား။ သို့မဟုတ် သဘာဝသယံဇာတ ပေါ်များမှုအပေါ် စိတ်ကြီးဝင်ပြီး ပိုနေမြဲကြားနေမြဲဘ၀မှာပဲ ပျော်ပိုက်နေကာ တိုးတက်မှုလမ်းကြောင်းပေါ် မရောက်တော့ဘဲ လမ်းဘေးမြောင်းထဲ ရောက်သွားစေပါသလား။ သည်မေးခွန်းနှစ်ခုက စီးပွားရေးပညာရှင် Economist များအကြား အချေအတင်ဆွေးနွေးလေ့ရှိသော မေးခွန်းများဖြစ်ကြသည်။
လက်တွေ့ဘ၀၌ သဘာဝသယံဇာတ ကြွယ်ဝချမ်းသာသဖြင့် နိုင်ငံတစ်ချို့က တိုးတက်အောင်မြင်သွားကြသည်။ သို့သော် အချို့မှာမူ တိုးတက်ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ရောက်အောင် မနည်းမောင်းတင်နေရဆဲဖြစ်သည်။ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အခြေခံကုန်ပစ္စည်းများတင်ပို့မှုမှ ပို့ကုန်ဝင်ငွေအများအပြားရနေသော နိုင်ငံများသည်ပို၍ အန္တာရယ်ကြီးသည်။ လွန်ခဲ့သော နှစ်ပေါင်းအစိတ်ခန့် ကာလကို ပြန်ကြည့်လျှင် အာဖရိကတိုက်သည် ပဋိပက္ခများ၊ စစ်ပွဲများဖြစ် ပြည့်လျှံနေသော ဒေသဖြစ်ခဲ့သည်။ အာဖရိကတိုက်ရှိ ကလေးငယ်ငါးဦးအနက် တစ်ဦးသည် စစ်ပွဲဖြစ်ရာ နယ်မြေအတွင်း၌ နေခဲ့ကြရသည်။ ပိုဆိုးသည်က အာဖရိက ဒေသရှိ ကလေးငါးဦးအနက် ကလေးလေးဦးမျှသာ အသက်ငါးနှစ်ကျော်သည်အထိ အသက်ရှင်ရပ်တည်နိုင်ခွင့်ရခဲ့သည်။ တစ်ဦးက ငါးနှစ်မပြည့်မီ ဘ၀ပြောင်းသွားပြီ။ အာဖရိကတိုက် စစ်ပွဲအများစုသည် သဘာဝသယံဇာတ ပိုင်စိုးလိုမှုအပေါ် အခြေခံပြီးဖြစ်ကြသည်။ ထိုစစ်ပွဲများကြောင့် လူသန်း ၂၀ မျှ အသက်ဆုံးရှုံးခဲ့ရပြီး သူပုန်အဖွဲ့အစည်းများ၊ စစ်ဘုရင်များ၊ အစိုးရများအတွက် နှစ်စဉ်ကုန်ကျစရိတ် ဒေါ်လာ ၁၂ ဘီလီယံမျှရှိခဲ့သည်။ အယ်လ်ဂျီရီးယား၊ အင်ဂိုလာ၊ အဇာဘိုင်ဂျန်၊ ကမ္ဘောဒီးယား၊ ချတ်၊ ကွန်ဂို၊ ဂီနီယာ၊ ဂါဘွန်၊ ကာဇတ်စတန်။ နိုက်ဂျီးရီးယား။ ဆူဒန်နှင့် ဗင်နီဇွဲလားနိုင်ငံများသည် သဘ၀သယံဇာတ ကြွယ်ဝချမ်းသာခဲ့ကြသော်လည်း စီးပွားရေးတိုးတက်မှုပေါ် လျှောက်လှမ်းရေးအတွက် ရုန်းကန်နေရဆဲဖြစ်၏။
သဘာဝသယံဇာတ ကြွယ်ဝခြင်းသည် ကံကောင်းခြင်းများစွာကိုလည်း သယ်ဆောင်ပေးပါသည်။ ဤတွင် ဘာကြောင့် ကံကောင်းရသလဲ။ ဘာကြောင့်အောင်မြင်တိုးတက်ဖွ့ံ့ဖြိုး ကြီးပွားချမ်းသာလာခဲ့ရသလဲဟု ပြန်ဆန်းစစ်ကြည့်ဖို့လိုပါမည်။ အဓိကအချက်မှာ ကိုယ်ကျိုးမဖက်ဘဲ အများပြည်သူနှင့် နိုင်ငံတော်၏အကျိုးစီးပွားအတွက် ကောင်းမွန်မှန်ကန်သော စီမံကြီးကြပ်မှုစနစ် Good Governance တစ်ရပ်ကို အမြစ်တွယ်အောင် ဖော်ဆောင်ပေးနိုင်ခြင်းပင်ဖြစ်ကြောင်း တွေ့ရသည်။ သဘာဝသယံဇာတ ကြွယ်ဝချမ်းသာမှုနှင့်အတူ နိုင်ငံပါ သူဌေးနိုင်ငံဘ၀သို့ လျှောက်လှမ်းလာခဲ့ကြသည့် လမ်းခရီး၌ ကနေဒါ၊ သြစတေးလျနှင့် နော်ဝေးနိုင်ငံတို့ကို အထင်အရှားမြင်နိုင်၏။ ၁၉၀၀ပြည့်နှစ် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က နော်ဝေးနိုင်ငံသည် ဥရောပ၏ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ဖူးသည်။ ယခုအခါ နော်ဝေးသည် UNDP ၏ လူမှုဖွံ့ဖြိုးမှု ညွှန်းကိန်း Human Development Index တွင် ထိပ်ဆုံး၌ရှိနေသော နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူစွာ ရပ်တည်နိုင်ပြီဖြစ်၏။ နော်ဝေးနိုင်ငံရှိ ပြည်သူများသည် ကမ္ဘာပေါ်တွင် လူနေမှုအဆင့်အတန်း အမြင့်ဆုံးနေရသူများဖြစ်၏။ သက်တမ်းမှာလည်း ၇၈.၅ နှစ်အထိ အသက်ရှင်နိုင်ခွင့်ရှိသလို ကလေးတစ်ထောင်အရှင်မွေးလျှင် အဖိတ်အစဉ်လေးဦးမျှသာရှိသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ ဘော့ဆွာနာနိုင်ငံသည် လေ့လာစရာနိုင်ငံတစ်ခုဖြစ်၏။ ဘော့ဆွာနာနိုင်ငံသည် မိမိနိုင်ငံအတွင်းရှိ သဘာဝသယံဇာတမျာကို ကောင်းမွန်ထိရောက်စွာ အသုံးချနိုင်ခဲ့သည်။ နိုင်ငံသားများလည်း အကျိုးရှိခဲ့သည်။ စင်စစ် ဘော့ဆွာနာနိုင်ငံသည် ၁၉၆၆ ခုနှစ်ကျမှ လွတ်လပ်ရေးရခဲ့သည့် နိုင်ငံတစ်ခုဖြစ်၏။ ကမ္ဘာ့ဘဏ်၏ စံသတ်မှတ်ချက်များအရ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ Least Development Countries တစ်ခုလည်းဖြစ်ခဲ့ဖူးသည်။ လွတ်လပ်ရေးရချိန်က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုဘ၀၌ ရပ်တည်ခဲ့ရသည်။ သို့သော်လည်း ယခုအခါ ဘော့ဆွာနာသည် ဖွံ့ဖြိုးဆဲနိုင်ငံများအနက် ၀င်ငွေအဆင့်မြင့်သော နိုင်ငံများ၏ အလယ်ပိုင်းနေရာ Upper Middle ကို ရယူနိုင်သော နိုင်ငံတစ်ခုအဖြစ် ထည်ထည်ဝါ၀ါရပ်တည်နေနိုင်ပြီ ဖြစ်သည်။ စိန်ကိုတွေ့ပြီးနောက် ၁၅ နှစ်အကြာမှစ၍ ဘော့ဆွာနာနိုင်ငံ၏ တစ်ဦးကျဝင်ငွေအတိုးနှုန်းမှာ နှစ်စဉ် ၁၂.၃ ရာခိုင်နှုန်းကျော်ရှိသည်။ ဤအတိုးနှုန်းသည် ကမ္ဘာ့နိုင်ငံများအကြား အမြင့်ဆုံး စီးပွားရေးတိုးနှုန်းလည်းဖြစ်သည်။
ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်တွင် ဘော့ဆွာနာနိုင်ငံ၏ တစ်ဦးကျဝင်ငွေမှာ ၄၀၇၆ ဒေါ်လာရှိသည်။ ထိုဝင်ငွေသည် ကမ္ဘာ့ရေနံသူဌေးနိုင်ငံတစ်ခုဖြစ်သည့် အာဖရိကတိုက်ရှိ နိုက်ဂျီးရီးယားနိုင်ငံ၏ တစ်ဦးကျဝင်ငွေထက် ၁၁ ဆများသည်။ ဘော့ဆွာနာနိုင်ငံ၌ စိန်သိုက်များကို ၁၉၆၇ ခုကစ၍ တွေ့ခဲ့သည်။ စိန်ကိုမတွေ့မီအချိန်အထိ ဘော့ဆွာနာ၏ စီးပွားရေးအခြေခံသည် ကုန်ထုတ်စွမ်းအားနိမ့်သော လယ်ယာထုတ်လုပ်မှုအပေါ်၌သာ မှီခိုခဲ့၏။ စိန်ကို စတင်ရှာဖွေတွေ့ရှိပြီးနောက် စီးပွားရေး အဆောက်အအုံဆိုင်ရာပြောင်းလဲမှု Structural Change များကို စတင်ပြုလုပ်ခဲ့သည်။ လယ်ယာအခြေခံ စီးပွားရေးအဆောက်အအုံ ပုံသဏ္ဍာန်မှ သတ္တုတူးဖော်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အခြေခံသော စီးပွားရေးအဆောက်အအုံသို့ အသွင်ပြောင်းခဲ့သည်။ ယခုအခါ ဘော့ဆွာနာနိုင်ငံသည် ကမ္ဘာ့စိန်အများဆုံးထွက်ရာ နိုင်ငံတစ်ခုဖြစ်နေပေပြီ။ ၁၉၉၉ ခုနှစ်စာရင်းအရ ဒေါ်လာ ၁.၇ ဘီလီယံ တန်ဖိုးရှိစိန်များကို ထိုနှစ်ကတူးဖော်ခဲ့သည်ဟု သိရ၏။ နိုင်ငံခြားသီးသန့်ရန်ပုံငွေမှာလည်း ၆.၅ ဘီလီယံဒေါ်လာအထိ မြင့်တက်လာခဲ့သည်။
နိဂုံး
ဘော့ဆွာနာ၏ စီးပွားရေးမည့်သည့်အတွက်ကြောင့် အောင်မြင်ခဲ့သနည်း။ ရှိသောသယံဇာတကို ထိထိရောက်ရောက် စွမ်းဆောင်ရည်ရှိရှိ အသုံးချခဲ့ကြသည်။ ရှိထားသောအဖွဲ့အစည်းများကလည်း ပေမီ ဒေါက်မီ၊ စံမီ၊ အရည်အတွေးမီသော အဖွဲ့အစည်းများဖြစ်ကြသည်။ လုပ်သမျှကိုင်သမျှကို အားလုံးသိသာ မြင်သာထင်သာအောင် လုပ်သည်။ ကောင်းသောစီမံကြီးကြပ်မှု စနစ်ကို ပို၍ ကောင်းသည်ထက်ကောင်းအောင် လုပ်သည်။ ထိုမှ တစ်ဆင့်နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကို တည်ငြိမ်ကာ နိုင်ငံတိုးတက်ခဲ့ရသည်။ သဘာဝသယံဇာတ ကြွယ်ဝချမ်းသာခြင်းသည် ရံဖန်ရံခါကျိန်စာများကို သယ်ဆောင်လာတတ်ပါသည်။ သို့သော် ရံဖန်ရံခါတွင် ကောင်းမှုမင်္ဂလာအပေါင်းကို သယ်ဆောင်လာနိုင်ကြောင်း နိုင်ငံတစ်ချို့၏ သမိုင်းကြောင်းက ထင်ဟပ်ပြသနေပါသသည်။
ရွှေနွယ်
No comments:
Post a Comment